DVB Logo
Home
မြန်မာသတင်း
တောင်သမန်အင်းတွင် ငါးအများအပြား ထပ်မံသေဆုံး
DVB
·
August 11, 2015
တောင်သမန်အင်းတွင် ငါးအများအပြား ထပ်မံသေဆုံး
Donate to DVB

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းကြီးအတွင်းမှာ ဒီကနေ့ မနက်ကစပြီး ငါးတွေ အများအပြား အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးမှုနဲ့ကြုံတွေ့နေရပါတယ်။

ငါးသေဆုံးတာမှန်ပေမယ့် ရေကြောင့်လား ဘာကြောင့်လဲဆိုတော့ သေချာ မစစ်ဆေးရေသေး ဘူးလို့  အင်းမှာ ငါးမွေးမြူရေးလုပ်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူ ဒေါက်တာ မြတ်ကျော်ဟိန်းက ပြောပါတယ်။

“မနက်က ဖြစ်တယ်။ အရင်တခါတုန်းကလိုတော့ မများဘူး။ ဒီလောက်ရေတက်နေတဲ့ အချိန်တောင်မှ ငါးသေတယ်ဆိုတာတော့ ကျနော်တို့ သမရိုးကျ ကိစ္စတခုတော့ မဟုတ်ဘူး။ သေတဲ့အကြောင်းရင်းကတော့ ကျနော်တို့ ပြောရင် ကျနော်တို့လုပ်ငန်းကြောင်း တဖက်သတ်ပြောတယ်လို့ထင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သက်ရှိသတ္တ၀ါတွေ အသက်ရှင်နေ ထိုင်နိုင်တဲ့ပတ်ဝန်းကျင်မျိုးမဟုတ်ဘူးဆိုတာကတော့ ဘေးကဖြတ်သွားတဲ့ ကလေးလည်း သိမှာ ပဲ။ ဆိုက်ကားသမားလည်းသိပါတယ်။ ဒီရေတွေ ဘာလို အဲလို မဲညစ်ပြီးဆိုနေတာ။ စွန့်ပစ်ရေ ဆိုးတွေ အဓိကကတော့ စက်ရုံတွေကပေါ့နော်။ အဲလိုတွေရှိမယ်။ မြို့ထဲက ၀င်တဲ့ဟာတွေ လည်းရှိမှာပေါ့နော်။”

စက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေအပြင် တောင်သမန်ပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေ နဲ့ လူနေရပ်ကွက်တွေက စွန့်ပစ်တဲ့အမှိုက်တွေကြောင့် တောင်သမန်အင်းဟာ ရေဆိုးအင်းကြီး တခုဖြစ်နေပြီလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေသလို လတ်တလော အင်းထဲမှာ ငါးတွေ ထောင်နဲ့ချီ သေဆုံးနေပြီး ရေပေါ်ပေါ်နေကာ အနံ့ဆိုးတွေ ထွက်ပေါ်နေ ပါတယ်။

မန္တလေးစက်မှုဇုန်ကနေ စွန့်ပစ်တဲ့ရေဆိုးတွေကြောင့် ဒီမနက် ၈ နာရီလောက်ကစပြီး ငါးတွေ အများအပြားထပ်မံသေဆုံးတာလို့ ဒေသခံ ကိုရဲလင်းအောင်က ပြောပါတယ်။

“အဆိုးဆုံးက ဒီမန္တလေး စက်မှုဇုန်ဘက်က ရေဆိုးတွေက မိုးရေနဲ့အတူ အဆမတန် သွန်တဲ့အ တွက်ကြောင့်မို့လို့ ငါးတွေက အောက်စီဂျင်ပြတ်ပြီးတော့ ကနေ့ အများအပြားထပ်ပြီး သေတာပေါ့။ ”

တောင်သမန်အင်းမှာ ၂၀၁၄ ဒီဇင်ဘာ ကတကြိမ်၊  ၂၀၁၅ ဧပြီလ ၁၂ရက်က တကြိမ် နဲ့ ဧပြီလ ၂၉ ရက်က တကြိမ်  ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး အခုတကြိမ်ပါဆိုရင် ၄ ကြိမ် ရှိသွားပြီဖြစ်ပါတယ်။

တောင်သမန်အင်းထဲမှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး  ရေဆိုးစွန့်ပစ်ခဲ့တဲ့ စက်ရုံ ၁၂ ရုံ ကို ငါးလုပ်ငန်းဦးစီးဌာနက တရားလိုလုပ် အမှုဖွင့်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013