
မက္ကဆီကိုနိုင်ငံမှာ ၁၀ စုနှစ်နဲ့ချီ အမြစ်တွယ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်းများစွာ ပျောက်ဆုံးနေခဲ့ရာကနေ အခုတော့ အဲဒီထဲက လူပေါင်း ၄၀,၀၀၀ ကျော်ဟာ အသက်ရှင်လျက် ရှိနေနိုင်တယ်လို့ အစိုးရက မတ် ၂၇ ရက်မှာ ပြောပါတယ်။
ဒါဟာ အစိုးရရဲ့ အခွန်မှတ်တမ်းတွေ၊ လက်ထပ်စာရင်းတွေနဲ့ မွေးစာရင်းတွေကို တနှစ်ကြာ အသေးစိတ် ပြန်လည်တိုက်ဆိုင်စစ်ဆေးခဲ့ပြီးနောက်မှာ လူ ၄၀,၀၀၀ ကျော်မှာ လှုပ်ရှားမှုတွေ ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါကြောင့် အဲဒီလူတွေဟာ အသက်ရှင်နေပြီး ပြန်လည်ရှာဖွေတွေ့ရှိနိုင်တဲ့ အခြေအနေရှိတယ်လို့ ယူဆထားပါတယ်။
လက်ရှိအချိန်အထိတော့ အဲဒီထဲက လူပေါင်း ၅,၂၆၉ ယောက်ကို အတည်ပြုရှာတွေ့ထားပြီး သူတို့ရဲ့အမှုတွဲတွေကို "ပြန်လည်တွေ့ရှိသူ" အဖြစ် စာရင်းပြောင်းလဲ သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဂိုဏ်းတွေရဲ့ အာဏာကြီးထွားလာမှုကြောင့် ၂၀၀၆ ခုနှစ်ကစပြီး ပျောက်ဆုံးမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ပျောက်ဆုံးနေသူ ၁၃၀,၀၀၀ ကျော် လို့ စာရင်းထွက်ထားပါတယ်။
အစိုးရရဲ့ ပြောကြားချက်အရ ဒီလိုကိန်းဂဏန်းတွေ များပြားနေရတာဟာ အချက်အလက် မှားယွင်းတာ၊ စာရင်းထပ်နေတာနဲ့ စနစ်တကျ စီမံခန့်ခွဲမှု အားနည်းခဲ့တာတွေကြောင့်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အချက်အလက်ပြည့်စုံတဲ့ အမှုပေါင်း ၄၃,၀၀၀ ကျော်ရှိပေမဲ့ အဲဒီထဲက ၁၀ ရာခိုင်နှုန်းအောက်သာ ရာဇဝတ်မှုကြောင်းအရ စုံစမ်းစစ်ဆေးမှု ခံနေရတာဖြစ်လို့ ဒါဟာ ဥပဒေစိုးမိုးရေးပိုင်းရဲ့ နှစ်ရှည်လများ ကျရှုံးမှုဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ပျောက်ဆုံးသူစာရင်းထဲက ၃၆ ရာခိုင်နှုန်းလောက်က နာမည်၊ နေရာ၊ ရက်စွဲလို အခြေခံအချက်အလက်တောင် မရှိတာကြောင့် ရှာဖွေရေးလုပ်ဖို့ ခက်ခဲနေပါတယ်။
လတ်တလောမှာတော့ အစိုးရအနေနဲ့ ပျောက်ဆုံးသူစာရင်းထဲက ဘယ်သူ့ကိုမှ အလွယ်တကူ ပယ်ဖျက်မှာမဟုတ်ဘဲ လူကိုယ်တိုင် ရှာဖွေတွေ့ရှိမှသာ စာရင်းအမျိုးအစား ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
နောက်နောင်မှာလည်း အချက်အလက်မစုံလင်ဘဲ စာရင်းသွင်းလို့မရအောင် ဥပဒေကြောင်းအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
Source: Reuters











