DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်
DVB
·
August 10, 2015
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်
Donate to DVB

ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ နယ်မြေမငြိမ်းချမ်းမှု၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကြေင့် အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာပေမယ့် ရှမ်းပြည်နယ်လူထုကြားမှာ ရွေးကောက်ပွဲ နဲ့ ပတ်သတ်တဲ့ အသိပညာတွေ လိုအပ်နေပါသေးတယ်။

ရွေးကောက်ပွဲပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကိုရဲအောင်က “ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်း ၆၀ လောက် ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဘာမှမသိခဲ့ရဘူးလေ၊ အဲ့တာဆိုတော့ လူထုကလည်းဘာမှမသိဘူးလေ။ အေးဆေးပဲ၊ တချို့ဆို ဘယ်လောက်ထိ အခြေအနေဆိုးလဲဆို ကျောင်းဆရာမတွေ၊ educated person (ပညာတတ်) တွေဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ ငါတို့ မဲထည့်လိုက်ရင်ပြီးတာပဲ မဟုတ်ဘူးလား ဆိုတဲ့ အတွေးလေးတွေဝင်နေတယ်။ တကယ်တမ်းကျတော့ မဲစာရင်းသွားကြည့်ခိုင်းတယ်ဆိုတာ မဲစာရင်းမှာ သူ့နာမည်မပါရင် သူထည့်လို့ မရဘူး။ ဟိုမှာသွားထည့်လည်း ခင်ဗျားနာမည်မပါရင်ထည့်လို့ မရဘူး။ ဆိုလိုတာက လူထုမှာ အဲ့ဒီလောက် aware မရှိဘူး”လို့ ဆိုပါတယ်။

“တောင်ကြီးမြို့နဲ့ မလှမ်းမကမ်း မိုင် ၂၀- ၃၀ ပတ်လည်တောင်မှ ဒီလို voter education  ဆိုတာ တော်တော်လေးကို လုပ်ရဦးမယ်။ ဝေးတဲ့ နေရာဆိုရင် ကျနော်မပြောတော့ဘူး။ နယ်ဘက်တွေ အစွန်အဖျားကြတဲ့နေရာတွေဆိုရင် လုံးဝအစိမ်းကို လူတွေက မဲပေးရကောင်းမှန်းလည်း မသိဘူး။ ကိုယ့်နိုင်ငံသားအခွင့်အရေးဆိုတာလည်း မဲထည့်တာ ကိုယ်ပိုင်အခွင့်အရေး ဆိုတာလည်း လူတွေမသိဘူး”လို့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်တောင်ပိုင်း အတွင်းရေးမှူး စိုင်းလင်းမြတ် ကလည်း ပြောပါတယ်။

ရှမ်း၊ ဓနု၊ အင်းသား၊ ပအို့ဝ်၊ ပလောင် ကိုးကန့် ဝ အခါ လားဟူ လီဆူး လီရှောစတဲ့ တိုင်းရင်းသားမျိုး ရဲ့ ဘာသာစကားမတူညီမှုကလည်း  ရွေးကောက်ပွဲပညာပေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ အခက်အခဲတခုဖြစ်နေပါတယ်။

တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက “တောင်ပေါ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ မြန်မာစာအားနည်းတဲ့အခါမှာ တိုင်းရင်းသားဘာသာနဲ့ သူ့ကိုများများ education ပေးဖို့လိုတယ်။ ဒီကာလ တိုတောင်းလေးအတွင်းမှာ ကျနော်တို့ အထဲထဲမှာတောင် ဘာသာပြန်ပေးပါဆိုတဲ့အခါမှာ တိုင်းရင်းသားဘာသာပြန်ဖို့ကို တော်တော်လေး တိုင်းရင်းသားစာပေယဉ်ကျေးမှုတွေကို ဆက်သွယ်ပြီး လုပ်ယူရတယ်။ ဒါတောင်မှ ပအို့ဝ်နဲ့ ရှမ်း နှစ်ခုပဲ ပြန်နိုင်တယ်”လို့ ပြောပါတယ်။

ဧရိယာအားဖြင့် အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်ဟာ မဲဆန္ဒနယ်မြေ အများဆုံး ပြည်နယ်ဖြစ်သလို တိုင်းရင်းသားမဲဆန္ဒနယ် အများဆုံးလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013