DVB Logo
Home
မြန်မာသတင်း
မြေပြို မြေကျွံမှုများကြောင့် ဟားခါးမြို့ နေရာရွှေ့ပြောင်းရမည်
DVB
·
August 10, 2015
မြေပြို မြေကျွံမှုများကြောင့် ဟားခါးမြို့ နေရာရွှေ့ပြောင်းရမည်
1 / 3
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင်လက မိုးသည်ထန်စွာရွာသွန်ခဲ့ပြီး မြေပြို မြေကျွံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ချင်းပြည်နယ် ဟားခါး မြို့ ရပ်ကွက်ခြောက်ခုအနက် ၅ ခုကို ပြောင်းရွေ့ရမယ်လို့ ပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ဒီဗွီဘီကို ပြောပါတယ်။

“အခုလက်ရှိဖြစ်နေတာက နေရာမပြောင်းလို့ မဖြစ်တဲ့ကိစ္စက ရပ်ကွက် ၆ ခုရှိတဲ့အထဲမှာ အခု အက်ကြောင်းရာတွေဖြစ်နေတာက ရပ်ကွက် ၅ ခုလောက်ထဲမှာ ပါနေပါတယ်။ အဲဒီတော့ အပိုင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ လက်ရှိပြိုနေတဲ့ မိသားစုတွေရယ် နောက် မပြိုသေးသော်လည်းပဲ အန္တရာယ်ရှိတဲ့ အက်ကြောင်းရာမှာပါတဲ့ မိသားစုတွေရယ်ကို နေရာသစ်မှာ အကွက်ချပေးဖို့လိုတယ်။ အစိုးရအနေနဲ့ ဘူမိဗေဒပညာရှင်ခေါ်တာ လေးယောက်တက်လာတယ်။ ဒီနေ့ ဟားခါးရောက်မယ်ထင်တယ်”လို့ ပြောပါတယ်။

သူ့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တာဝန်ပေးအပ်ချက်အရ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရုံးဖွင့်ပြီး အလှူခံကောက်ယူမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းမယ့်ရပ်ကွက်တွေကို ဘယ်နေရာမှာ ချထားမယ်ဆိုတာ ယတိပြတ် မဆုံးဖြတ်ရသေးပေမယ့် ဖလမ်းမြို့အထွက်မှာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

ဦးနန်ဇမုန်က “ဖလမ်းအထွက်မှာ မြေနေရာကောင်းတွေတော့ ရှိတယ်။ အဲဒီနေရာတွေကို ရေရှည်မှာ ဘယ်လိုဖြစ်မယ်ဆိုတာကို ဘူမိဗေဒပညာရှင်တွေနဲ့ ကွင်းဆင်းမယ်ပေါ့ဗျာ။ သူတို့ အနေအထားကြည့်မယ်၊ ကြည့်တဲ့အခါကျတော့ ဒီနေရာကတော့ ကောင်းတယ်၊ ဒီတလျောက်တော့ ကောင်းတယ်ဆိုရင်တော့ ရေရှည်ကောင်းမယ့်နေရာကို နေရာသတ်မှတ် ပြီးတော့ အကွက်ချလုပ်မယ်ထင်ပါတယ်”လို့ ပြောပါတယ်။

မြေပြိုမှုတွေဟာ ဟားခါးမြို့က အဆိုးဝါးဆုံးခံစားခဲ့ရပြီး တီးတိန်မြို့က ကျေးရွာ ၄ ၊ ၅ ခန့်မှာ  အလားတူ မြေပြိုပြီးတော့ ရွာတွေပြောင်းရွှေ့ကြရတယ်လို့ဆိုပါတယ်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်ကို က ပြောပါတယ်။

“အရင်ဆုံးပြောချင်တာက ဟားခါးမြို့ရဲ့ ပထဝီအနေအထားပါ။ အရင်က ဖလမ်းနားက ဇာလိုင်ဆိုတာ ရွာလုံးကျွတ် အကြီးအကျယ်ပြိုဖူးတယ်။ အဲ့ဒီတုန်းက ဘူမိဗေဒပညာရှင် သုံး လေးယောက်လာပါတယ်။ ချင်းတောင်ထဲမှာ မြေပြိုနိုင်တဲ့စာရင်းထဲမှာ ဟားခါးလည်း ပါတယ်ပြောတယ်။ မြို့ပြောင်းဖို့ ကတော့ တဝက်တဝက် လောက်စီဖြစ်မယ် အတိအကျသာ ဆိုရင်ပေါ့လေ ဟိုဘက်တခြမ်းလုံးက ဟိုကမ်းပါးကဟာတွေက safe (လုံခြုံမှု) မဖြစ်တော့ဘူး အဲ့လို အနေအထားရှိတယ်။ ကျနော်တို့ ထန်တလန်လမ်းဘက်မှာ ရပ်ကွက်တွေ ရိုက်ပေးမယ်။ နောက်ဖလမ်းဘက်အထွက်မှာ ရပ်ကွက်တွေရိုက်ပေးဖို့စီစဉ်ထားပါတယ်။ မြို့လူဦးရေရဲ့ တဝက်လောက်ပြောင်းရမယ်လို့ ခန့်မှန်းပါတယ်။ လမ်းတို့ မီးတို့ လုပ်ပေးဖို့ စဉ်းစားထားတယ်။ ၆လလောက်ကြာမယ်မှန်းတယ်။ နောက်အကျဆုံး ၆ လလောက်ပေါ့။”လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဒေါက်တာဘမောင်က သြဂုတ်လ ၇ ရက်နေ့တုန်းက ဒီဗွီဘီ ကို ပြောခဲ့ပါတယ်။

ရပ်ကွက်တွေ ပြန်လည်နေရာချဖို့အတွက် အစိုးရကလုပ်ဆောင်နေသလို အနည်းဆုံး ၆ လလောက် အချိန်ယူရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟားခါးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာ၊ မြို့ဟောင်း၊ ဈေးသစ်၊ ကျော်ဘုတ် စတဲ့ ရပ်ကွက်တွေက အိမ်ခြေ ၆၀၀ ကျော် ပျက်စီးသွားသလို မြို့နားရွာတွေဖြစ်တဲ့ ခွာဘဲ၊ ဘဲအိုသဲ၊ မဲန်နူး စတဲ့ရွာတွေက အိမ်ခြေပေါင်း၁၀၀ ကျော် ပျက်စီးသွားတယ်လို့ Hakha Rescue Committee က ပြောပါတယ်။

အဲ့ဒီပျက်စီးမှုတွေထဲမှာတော့ စာသင်ကျောင်း ၄ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နေအိမ်ပျက်ဆီးသွားသူတွေနဲ့ စိုးရိမ်ရတဲ့နေအိမ်တွေကို စွန်ခွာလာတဲ့ ဒုက္ခသည်တွေကတော့ မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံက တိုင်းရဲ့ပြည်နယ် ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတ၀န်းဖြစ်ပွားတဲ့ သဘာဝဘေးဒဏ်သင့်မှုမှာ ပါဝင်ခဲ့ပြီး အစိုးရထုတ်ပြန်တဲ့ သဘာဝဘေးဒဏ်သင့် ဒေသ ၄ ခုထဲမှာ တခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013