
လူမှုကွန်ရက်စာမျက်နှာပေါ် စစ်လက်နက်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးတင်ခဲ့တဲ့ စစ်အာဏာရှင်တပ် ခမရ ၅၈၇ က တပ်ကြပ်ကြီး အပါအဝင် ၃ ယောက်ကို ဇွန် ၁၅ ရက်က စစ်ခုံရုံးက ပုဒ်မ ၃၅ (စ) နဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဖွဲ့စည်းပေးထားတဲ့ စစ်ခုံရုံးကနေ တပ်ကြပ်ကြီးမျိုးအောင်နဲ့ တပ်သား ၂ ယောက်ကို စစ်ဘက်ဆိုင်ရာဥပဒေပုဒ်မ ၃၅ (စ) အရ ထောင်ဒဏ် ၇ နှစ် အမိန့်ချလိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ကိုယ့်မှာရှိတဲ့ စစ်လက်နက်ပစ္စည်းကို ရန်သူသိအောင် ဖော်ပြတဲ့အတွက်ရော ရန်သူ့သတင်းပေး ပုံစံမျိုးလုပ်တဲ့အတွက် တပ်လန့်မှုဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထောင် ၇ နှစ်ချတာ။”
စစ်ခုံရုံးက ရက်ပိုင်းအတွင်း စစ်ဆေးပြီး အမိန့်အမြန်ချတာဟာ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မွန်နဲ့ ကရင်ပြည်နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းတွေ အလားတူပြဿနာမျိုး မဖြစ်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဇွန် ၉ ရက်က လူမှုကွန်ရက်စာမျက်နှာမှာ တပ်ကြပ်ကြီးမျိုးအောင် အသုံးပြုတဲ့ Phoesi အကောင့် ကနေ စစ်လက်နက်ပစ္စည်းဓာတ်ပုံတွေ တင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုများစွာ မြင့်တက်ခဲ့ပြီးအမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ရေးမြို့နယ်အတွင်းရှိ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေကို စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးပြီးနောက် အဆိုပါစစ်လက်နက်တွေဟာ ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် ခမရ ၅၈၇ လက်နက်တိုက်မှ သေနတ်တွေ ဖြစ်တာကြောင့် တပ်ကြပ်ကြီးမျိုးအောင်နဲ့ တပ်သား ၂ ယောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်ကလည်း တပ်တွင်းစစ်ရေးသတင်း အပြင်ကိုပေါက်ကြားတဲ့ ကိစ္စနဲ့ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ကြပ်နဲ့ တပ်သားတယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပါတယ်။










