DVB Logo
Home
မြန်မာသတင်း
ထိုင်းဘုရင့်သမီးတော် သီရိဒုံ ချီးမြှင့်သည့် အာစရိယထူးချွန်ဆု မြန်မာဆရာမတဦးရရှိ
DVB
·
August 10, 2015
ထိုင်းဘုရင့်သမီးတော် သီရိဒုံ ချီးမြှင့်သည့်  အာစရိယထူးချွန်ဆု မြန်မာဆရာမတဦးရရှိ
Donate to DVB

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံကချီးမြှင့်တဲ့  အရှေ့တောင်အာရှ အာဆီယံ အာစရိယ ထူးချွန်ဆု Princess Maha Chakri Award ( PMCA )  ရရှိသူများစာရင်းထဲမှာ မြန်မာနိုင်ငံက အထက်တန်းပြဆရာမတစ်ဦးလည်း ပါဝင်ပါတယ်။

တပည့်တွေရဲ့ ဘ၀တွေပြောင်းလဲတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ အာဆီယံ ၁၁ နိုင်ငံက ထူးချွန် ဆရာဆရာမပေါင်း ၁၁ ဦးကို ရွေးချယ် ဆုချီးမြှင့်ရာမှာ  မြန်မာနိုင်ငံ ရန်ကုန်တိုင်း လှိုင်သာယာ အထက(၂)က အထက်တန်းပြဆရာမ ဒေါ်ရီမွန်စိုး ကိုလည်း ရွေးချယ် ပေးအပ်လိုက်တာဖြစ်ပါတယ်။

ဆရာမဒေါ်ရီမွန်စိုးဟာ သက်ဆိုင်ရာဘာသာရပ်အပြင် သက်မွေးဝမ်းကျောင်းပညာရပ်မှာပါ သင်ကြားမှုကောင်းမွန်ပြီး ထူးချွန်သောတပည့်တွေကို မွေးထုတ်နိုင်တဲ့အပြင် လုပ်ဖော်ကိုင်ဘက် ပညာရေးဝန်ထမ်းကြားမှာရော၊ လူမှုအသိုင်းအ၀ိုင်းရဲ့ အသိအမှတ်ပြုမှုကိုပါ ခံရတဲ့အတွက် ဒီဆုကို ချီးမြှင့်ခဲ့တာလို့  အရှေ့တောင်အာရှနိုင်ငံ အာစရိယထူးချွန်ဆု ရွေးချယ်ရေးကော်မတီက သြဂုတ်လ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

၂၀၁၅ အာစရိယထူးချွန်ဆုကို မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လော၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဗီယက်နမ်၊ အရှေ့တီမောနဲ့ ထိုင်း စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံက ဆရာတဦးစီ ရရှိခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံအသီးသီးက တင်သွင်းလာတဲ့ အသင်အပြကောင်းမွန်သူ ဆရာ ဆရာမများ အမည်စာရင်းကို  ထိုင်းဘုရင့်သမီးတော် ဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့ ဆုရွေးချယ်ရေး ကော်မတီက  ရွေးချယ်ဆုံးဖြတ်ခဲ့တာပါ။

ဆုရှင်တွေအနေနဲ့ ရွှေစင် ၁ ဘတ်သား (၁ ကျပ်သားခန့်) နဲ့ သွန်းလောင်းထားတဲ့ အာစရိယ ထူးချွန်ရွှေတံဆိပ်တခုကိုရော ငွေသားအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကိုပါ ရရှိမှာဖြစ်ပြီး ဆုပေးပွဲကို လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ကျင်းပမယ်လို့ ထုတ်ပြန် ထားပါတယ်။

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံကချီးမြှင့်တဲ့  အရှေ့တောင်အာရှနိုင်ငံ အာစရိယ ထူးချွန်ဆု Princess Maha Chakri Award (PMCA) ချီးမြှင့်ပွဲကို ၂ နှစ်တကြိမ် ကျင်းပပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013