Home
မြန်မာသတင်း
အမှိုက် မြေသြဇာသုံး စိုက်ပျိုးသည့် ခေါင်မိုးစိုက်ခင်း (ရုပ်သံ)
DVB
·
August 9, 2015
ဆာအိုပေါ်လိုမြို့က အဖွဲ့တဖွဲ့ဟာ အိမ်အမိုးပေါ် စိုက်ပျိုးရေးကို အသက်သွင်းနေကြပါပြီ။ ကုန်တိုက်ကြီးတွေရဲ့  စားသောက်တန်းက ထွက်သမျှ  အမှိုက်တွေသုံးပြီး ၀န်ထမ်းတွေက ကုန်တိုက်အမိုးပေါ်မှာ ဟင်းသီးဟင်းရွက်တွေနဲ့ ပင်ပျော့တွေကို စိုက်ပျိုးနေကြပါပြီ။ ၀န်ထမ်းတွေရဲ့ မိသားစုအတွက် ထောက်ပံ့ပေးနိုင်ရုံတင်မက ကုန်တိုက်ရဲ့ ကာဗွန်ထုတ်လွှတ်မှုကိုပါ လျှော့ချနိုင်တဲ့အပြင် အမှိုက်သွားပစ်ရတဲ့ ပြဿနာကိုပါ ပြေလည်စေပါတယ်။ ကုန်တိုက်ရဲ့ စားသောက်ဆိုင်အသီးသီးက ထွက်လာတဲ့ အော်ဂင်းနစ် အမှိုက်တွေဟာ ကီလို ၄၀၀ လောက်ရှိတယ်လို့ ရီဆိုက်ကယ်အပိုင်းကို တာဝန်ယူထားရသူ ဆီဆယ်ရိုအီဗင်ဂယ်လစ္စတာက ဆိုပါတယ်။ "ရီဆိုက်ကယ်လုပ်ငန်းစဉ်က စားသောက်တန်းက စပါတယ်။ ၀န်ထမ်းတွေက အမှိုက်တွေကို ခွဲခြားပြီး ရီဆိုက်ကယ်ဌာနကို ပို့ပါတယ်။ ဒါက ကျနော့်တာဝန်ပါ။ ဒီအမှိုက်တွေကို ချိန်ပြီးတော့ အင်ဇိုင်းသုံးပြီး ဘက်တီးရီးယားတွေကိုသတ်၊ စိုထိုင်းဆကို လျှော့ချပြီး ပြိုကွဲမှုကို အရှိန်တင်ပေးရပါတယ်။ ဒါက အော်ဂင်းနစ်အမှိုက်တွေကို အော်ဂင်နစ်မြေသြဇာဖြစ်အောင်လုပ်တဲ့ နည်းစဉ်ပါ။" ဒီမြေသြဇာကိုသုံးပြီး ၀န်ထမ်းတွေက ဆလတ်ရွက်၊ ခရမ်းပင်၊ ကြက်သွန်၊ ပန်းငရုတ်၊ ပင်စိမ်း၊ အာလူးနဲ့ စတော်ဘယ်ရီပင် စတဲ့ ပိုးမွှားကင်းတဲ့ ဟင်းသီးဟင်းရွက်ပင်တွေကို စိုက်ပျိုးပါတယ်။ "လူတွေက အစားအစာအများကြီးကို ဖြုန်းတီးနေတာမြင်တော့ ကျနော်တို့က အော်ဂင်းနစ်မြေသြဇာ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်အပြင် အစားအစာသစ်အဖြစ် ဖန်တီးမှုပါ လုပ်ရပါတယ်။ ဒါက အစားအသောက်ကနေ အစားအသောက်ထုတ်ရတဲ့ သံသရာပါ။ ဒီလိုနဲ့ ရိက္ခာကို ဆွဲဆန့်ထားတာပါ။" တတ်နိုင်သမျှ အစားအသောက်တွေကို မလေလွင့်အောင် ထိန်းသိမ်းရာမှာ ၀န်ထမ်းတွေအတွက် အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး သူတို့စတိုးတွေကနေ အကောင်းဆုံး အမှိုက်တွေကို ကောက်ယူတတ်အောင် သင်ကြားပေးရပါတယ်။ ကာလကြာတာနဲ့အမျှ အမှိုက်ပုံဆီရောက်သွားမယ့် အမှိုက်နဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို လျှော့ချနိုင်အောင် ကူညီပေးနိုင်ပါတယ်။ စားသောက်တန်းက အလုပ်သမား နီဒယ်လုပ်စ်ကတော့ အလုပ်ပိုတွေ မလုပ်ရအောင် ထိန်းသိမ်းပြီးသား ဖြစ်သွားတယ်လို့ ဆိုပါတယ်။ "ပဏာမခြေလှမ်းကတော့ တက်ကြွသလောက် ဖန်တီးနိုင်စွမ်းအပြည့်ပါ။ ရလာတဲ့ အသီးအပွင့်ကိုလည်း မျှဝေပေးတဲ့အတွက် သိပ်ကောင်းပါတယ်။ ဒါက အမှိုက်ကိုလျှော့ချတာပါ။ ပြီးတော့ အစားအစာတွေကို အခမဲ့ရတယ်။ အကောင်းဆုံးပဲပေါ့ဗျာ။" ခုတော့ ကောင်းကျိုးတွေ ရရှိလာပါပြီ။ အမှိုက်ကိုငြင်းပယ်ခြင်း၊ လျှော့ချခြင်းဟာ လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးဆောင်ပေးတော့မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024