DVB Logo
Home
မြန်မာသတင်း
လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ကုလတောင်းဆို
DVB
·
August 8, 2015
လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ကုလတောင်းဆို
Donate to DVB

လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက သြဂုတ်လ ၇ ရက်နေ့က ရန်ကုန် သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

“လာမယ့်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အရေးကြီးဆုံး သမိုင်းဝင် မှတ်တိုင်တခုဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က လူမှုအသိုင်းအဝိုင်း၊ နိုင်ငံရေးပါတီအားလုံး လွတ်လပ်စွာပါဝင်နိုင်ဖို့နဲ့ ပြည်သူတွေအားလုံး မဲပေးခွင့်ရရှိဖို့လိုပါတယ်။ လွတ်လပ်တဲ့ သတင်းဌာန တွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် တင်ပြခွင့်တွေ ရှိရမယ်။”

ဒုက္ခသည်တွေနဲ့ ပြည်တွင်းစစ်ရှောင်တွေအပါဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မဲပေးနိုင်ခွင့်တွေအတွက်လည်း စိုးရိမ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မဲစာရင်းစိစစ်တာ၊ စာရွက်စာတမ်းတွေ ပြင်ဆင်တာနဲ့ မဲပေးဖို့ စာရင်းသွင်းတာတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆောင်ရွက်နေတယ်ဆိုတာ နားလည်ပေမယ့် အခုထက်ပိုပြီး ထိရောက်တဲ့ဆောင်ရွက်ချက်တွေလုပ်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားဒေသတချို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ရွေးကောက်ပွဲဖျက်သိမ်း လိုက်မှာကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ မီဒီယာလွတ်လပ်ခွင့်တွေအတွက် စိုးရိမ်နေရဆဲပဲလို့လည်း ပြောပါတယ်။

မစ္စယန်ဟီးလီက “ကိုပါကြီးနဲ့ အလဲဗင်းမီဒီယာ ကိစ္စတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ဖို့ လိုပါတယ်။ ဆန္ဒပြနေတဲ့ ကျောင်းသားတွေလည်း တဖက်သတ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ဒီအတွက် လက်ပံတန်းအရေးနဲ့ ပတ်သက်ပြီး စွဲချက်တွေကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးရင်တော့ တိုင်းရင်းသားဒေသတွေမှာ မျှတတ်တဲ့ အလူ့အခွင့်အရေးတွေ ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့ ၃ ရက်နေ့က မြန်မာနိုင်ငံကိုရောက်လာခဲ့တာဖြစ်ပြီး ဒါဟာသူ့ရဲ့  တတိယအကြိမ်မြောက် မြန်မာကိုရောက်လာတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (အန်စီအေ) အချောသပ်နိုင်ရေးအတွက် ၉ ကြိမ်မြောက် အစည်းအဝေးကို သွားရောက်လေ့လာ ခဲ့ပါတယ်။

ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘိုနဲ့လည်း တွေ့ဆုံခဲ့သလို ချုပ်နောင်ခံထားရတဲ့ ဒီမိုကရေစီပညာရေး ကျောင်းသားတွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013