DVB Logo
Home
Lead Story
ရခိုင်ပြည်နယ် ရေဘေးသင့် သေဆုံးစာရင်း ခုထိမချုပ်နိုင်သေးဘူး - ကိုကိုကြည်
DVB
·
August 8, 2015
ရခိုင်ပြည်နယ် ရေဘေးသင့် သေဆုံးစာရင်း ခုထိမချုပ်နိုင်သေးဘူး - ကိုကိုကြည်
Donate to DVB

နိုင်ငံတ၀န်းရေကြီးမှု ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်မြောက်ဦး၊ စစ်ကိုင်းတိုင်းကလေးမြို့နဲ့ မကွေးတိုင်းပွင့်ဖြူမြို့တို့ဟာ ဆိုးဆိုးဝါးဝါးခံစားခဲ့ကြရပြီး ရခိုင်ပြည်နယ်တခုတည်းတင် လူ ၅၅ ဦး သေဆုံးခဲ့ရတယ်လို့ တရားဝင်ထုတ်ပြန်ထားပြီး ဒီထက်ပိုနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ မြင့်တက်နေပါတယ်။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ရက်ပိုင်း မိုးသည်းထန်လေကြီးမှုတွေ စတင်ဖြစ်ပွားချိန်ကစပြီး ဒီကနေ့အထိ လိုက်လံသတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကိုကြည်ကို ဒေသတခုလုံးအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်ရေကြီးလေထန်မှုဖြစ်စဉ်မှာ တောက်လျောက် ကိုယ်တိုင်သတင်းယူခဲ့တာဆိုတော့ ဘယ်နေရာတွေမှာ ဘာတွေဖြစ်နေပါသလဲ။

“ဟုတ်ကဲ့ ရခိုင်ပြည်နယ်မှာ ရေဘေးနဲ့ပတ်သက်လို့ အဓိကအဆိုးဆုံး ဖြစ်ခဲ့တာကတော့ မြောက်ဦးခရိုင်ထဲမှာပေါ့ လေးမြို့နယ်ပေါ့။ မြောက်ဦးမြို့နယ်မှာ မြင်တွေ့ခဲ့ရတာကတော့ စပါးတွေ ရေစိုကုန်တယ်၊ လယ်တွေပျက်စီးသွားတယ်ပေါ့လေ။ အဲဒါ ဧက ၁၃၀၀၀ လောက်ရှိတယ်လို့ စာရင်းဇယားတွေအရသိရတယ်။ ဧက ၁၈၀၀၀ လောက်က ရေလွှမ်းမိုးမှုခံရတယ်။ မြောက်ဦးခရိုင်တခုလုံးမှာပါ။ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်ရယ်၊ မင်းပြားမြို့နယ်ရယ်၊ မြေပုံမြို့နယ်တွေထဲမှာဖြစ်ပါတယ်။

အဲဒီလေးမြိုနယ်မှာ ရေကျသွားပြီလား။

“ရေက မနေ့က နောက်ဆုံးအခြေအနေထိ ကျနော်တို့ မြင်တွေ့ခဲ့ရတာကတော့ ရေက ကျသွားပြီ။ ဒါပေမယ့် လူတွေက ပြန်မနေနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အဲဒီရေတက်တဲ့အပေါ်မှာ နှုန်းတွေတင်၊ အိမ်တွေပေါ်မှာ ရွှံ့တွေ၊ ဗွက်တွေနဲ့ဖြစ်နေတော့ ပြည်သူတွေက မပြန်နိုင်သေးဘဲနဲ့ ဒုက္ခသည်စခန်းတွေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။”

သူတို့တတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ အိမ်သာတွေ အခြေအနေကရော။

“သောက်ရေသန့်ကတော့ တပိုင်တနိုင် လှူတဲ့သူတွေရှိသလို မြို့ပေါ်အနေအထားကတော့ မီးသတ်ကားနဲ့ လှူပေးနေတာကို တွေ့ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးရွားဆုံးဖြစ်နေတာကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ သောက်သုံးရေခက်ခဲနေတာကို ကျနော်တို့ တွေ့ခဲ့ရတယ်ပေါ့။ နောက်ပြီးတော့ အိမ်သာတို့၊ နေရေးထိုင်ရေးကျတော့လည်း ကျနော်တို့ရောက်ခဲ့တဲ့ မြောက်ဦးမြို့ အထက (၁) ကျောင်းမှာဆိုရင် ဒုက္ခသည် ၁ ထောင်ကျော်ရှိတယ်။ သူတို့ အိပ်ရနေရတာ အခက်အခဲရှိတယ် ကျပ်တည်းတယ်ပေါ့။ အိမ်သာအခက်အခဲရှိတယ်လို့ ဒုက္ခသည်တွေက ကျနော်တို့ကို ရှင်ပြပါတယ်။”

သွားရေးလာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တယ်လီဖုန်းလမ်းကြောင်းတွေကရော။

“တယ်လီဖုန်းဆက်သွယ်ရေးလမ်းကြောင်းတွေကတော့ အဆင်မပြေဘူးပေါ့။ ကျနော်တို့ ဟိုနေရာ ရွှေ့စမ်းကြည့်၊ ဒီနေရာရွှေ့စမ်းကြည့် အဲလိုစမ်းရတယ်။ သူတို့ ဒေသခံတွေကိုယ်တိုင်က ဖုန်းဆက်သွယ်လို့မရဘူး။ အဓိက လျှပ်စစ်မီးပြတ်တောက်မှုက အဓိကကြုံတွေ့နေရတယ်။ လျှပ်စစ်မီးပြတ်တောက်မှုဟာဆိုရင် စစ်တွေမြို့မှာက စပြီးတော့ကို ဖြစ်နေတာ အဲဒါက။ စစ်တွေ၊ မြောက်ဦး၊ မောင်းတော၊ ရသေ့တောင်၊ ဘူးသီးတောင် အဲဒီအကုန်လုံးမှာကို ဖြစ်နေတာ။”

မောင်တောတို့ ရသေ့တောင်တို့မှာဆို ကိုမန်မုန်တိုင်းအရှိန်နဲ့ တိုက်ပြိုအိမ်ပြိုတွေဖြစ်ကြတယ်လို့ သိရတယ်။ အဲဒီဘက်ရောက်သေးလား။

“စပြီး လေမုန်တိုင်းတိုက်တဲ့အချိန်မှာ မောင်းတောမှာ ကျနော်ရှိပါတယ်။ မောင်တောမှာ ညဘက်လေမုန်တိုင်းတိုက်တယ်။ မနက်ဘက် ထွက်ကြည့်လိုက်တော့ လမ်းပေါ်မှာ အကုန်လုံး သစ်ပင်တွေလဲနေတယ်။ အဲဒီအနေအထားကို တွေ့ရတယ်။ မောင်းတောမှာ ပျက်စီးမှုက အိမ်ပေါင်း ၄၀ ရှိတယ်။ တချို့တ၀က်ပျက်စီးမှုက မောင်းတောမှာ ၂၂၉ လုံးရှိတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်မှာ ဒီရာသီဥတုဆိုးဝါးမှု ဖြစ်စဉ်အတွင်း လူ ၅၅ ယောက်သေဆုံးတယ်လို့ ကြားသိရပါတယ်။ ကျောင်းတွေပျက်စီးမှုရှိတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းပြောတဲ့ စာရင်းကို သိသလောက်ပြောပြပါလား။

“ဦးမောင်မောင်အုန်း ပြောတာတော့ အစိုးရ မြန်မာ့အလင်းထဲမှာလည်း ပါတာပေါ့လေ။ ကျောင်း ၁ ထောင်ကျော်လောက် ဘာညဆိုတာနဲ့ လူသေတဲ့စာရင်းတွေ ပြောတာ။ ဒါပေမယ့် ကျနော်တို့ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါကျတော့ သူတို့ကိုယ်တိုင် လိုက်ကောက်နေရဆဲပဲ။ မပြည့်စုံ နိုင်သေးဘူး။ အစိုးရထုတ်ပြန်ချက် သေဆုံးပျက်စီးနှုန်းတွေထက် ပိုလာနိုင်တယ်ဆိုတာတွေကို ကျနော်တို့ကို ပြောပြတယ်။ ဘူးသီးတောင်ထဲမှာဆိုရင် စက်လှေတွေနဲ့သွားပြီး အဝေးကြီးလိုက်စာရင်းကောက်နေကြတဲ့အဖွဲ့တွေက အခုချိန်အထိ စာရင်းဇယားကို မချုပ်နိုင်သေးဘူးပေါ့။ ဆိုလိုချင်တာကတော့ အဲဒီအဖွဲ့အစည်းတွေက တက်လာရင် ပိုပြီးတော့ အရေအတွက်တွေ များလာနိုင်တယ်လို့ ကျနော်တို့ ခန့်မှန်းမိပါတယ်။”

မြောက်ဦး မင်းပြားဘက် လေးမြို့ မြစ်ကမ်းနားက ရွာပေါင်း ၂၀ လောက်က အိမ်တွေ အိမ်တိုင်တွေပါကျွတ်ပြီး မျောပါမှုတွေ ရှိတယ်လို့ အန်ဂျီအိုအဖွဲ့အစည်းတွေထံက ကြားရလို့ပါ။ အဲဒီဘက်က သေဆုံးဒဏ်ရာရစာရင်းက ဘယ်လောက်ရှိသလဲ သိလာခင်ဗျ။

“မြောက်ဦးခရိုင်တခုလုံး လေးမြို့မြစ်ဘေးမှာ သေဆုံးဒဏ်ရာရစာရင်းကို အခုချိန်ထိ အတိအကျ မချုပ်နိုင်သေးဘူး။ ခုနကပြောတဲ့ ရွာ ၂၀ လောက်ဆိုတာထက် ကျနော်တို့ကြားတာက ရွာ ၄၀ လောက်လို့ ကျနော်တို့ ကြားခဲ့ရတယ်။”

ရေဘေး၊ လေဘေး နောက်ဆုံးထူးခြားအခြေအနေ ဘာကြားသေးလဲ။ ဘင်္ဂလားပင်လယ်အော်သတင်းရောအပါပေါ့။

“အခုလောလောဆယ် ကျနော်တို့ရောက်နေတဲ့ စစ်တွေမြို့မှာတော့ မနေ့ကရော၊ ဒီနေ့ရော မိုးတွေ ဆက်တိုက်ရွာနေဆဲပဲဖြစ်တယ်။ မိုးတွေ ပြန်ရွာနေတယ်ပေါ့။ အဲလိုမိုးရွာတော့ ဘာဖြစ်သွားလဲဆိုတော့ ရေစိုတဲ့စပါးကို လှန်းနေတဲ့စပါးတွေ ထပ်ပြီးမိုးစိုတော့ စပါးတွေ တော်တော်အခက်အခဲဖြစ်သွားနိုင်တယ်ပေါ့။ မြောက်ဦးနဲ့ မင်းပြား၊ ကျောက်တော်က စပါး၊ ဆန်စပါးဟာ ရခိုင်ပြည်နယ်တခုလုံးကို Supply လုပ်နေရတဲ့အနေအထားဖြစ်တယ်။ ဆိုတော့ အဲဒီနေရာတွေမှာ ရေကြီးနစ်မြုပ်သွားရင် ဆန်စပါးပြဿ     နာ ဒီဘက်မှာ လိုအပ်ချက်ဖြစ်လာနိုင်တယ်။ နောက်ဆုံးတခုက သမ္မတကြီးလာပြီးတဲ့နောက်ပိုင်းမှာ မနေ့ကဆိုရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေပြီးတော့ ချင်းပြည်နယ် ပလက်ဝအတွက်ဆိုပြီးတော့ ပါဆယ်အိတ် ၅၀ ရောက်လာတယ်။ အဲဒါကို သူတို့ဒီနေ့ ကျောက်တော်ကို၊ ကျောက်တော်ကနေ မနက်ဖြန်ခါ ပလက်ဝကိုရောက်အောင် ပို့မယ်လို့ သိရတယ်။ နောက်တခုက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေပြီးတော့ ရန်ကုန်ကနေ ဆန်အိတ် ၁၅၀၀ ပို့တာ စစ်တွေကို လာနေတယ်လို့ သိရတယ်။ အဲဒါကိုလည်းရောက်တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေက ဘယ်မြို့နယ်ဘယ်လောက်၊ ဘယ်မြို့နယ်ဘယ်လောက်ဆိုပြီး လိုက်ဝေငှသွားမယ်လို့သိရတယ်။ တခြားဒီရွာဒေသခံ လူမှုအဖွဲ့အစည်းတွေက သူတို့တတ်နိုင်သလောက်လေးကိုတော့ ကူညီနေတာတွေ့ရတယ်။ ဒါပေမယ့် ဒုက္ခသည်နေရာတိုင်းကတော့ မနေ့က ကျနော်တို့မြောက်ဦးမှာ အလိုတော်ပြည့်ဆရာတော်ကနေပြီးတော့ ကျေးရွာအုပ်စုတအုပ်စုကို ဆန်လေးအိတ်စီဝေတယ်ပေါ့။ အုပ်စုတအုပ်စု ၄ အိတ်ဆို သူတို့ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒီတော့ နောက်ဆုံးအခြေအနေကတော့ ရခိုင်ပြည်နယ်ထဲက ရေဘေးဒုက္ခသည်တွေဟာ အကူအညီတွေလိုအပ်နေဆဲပဲလို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ ဒေသခံတွေလည်း အဲလိုပဲပြောပါတယ်။”

ရွက်ဖျင်တဲတွေမှာ နေထိုင်နေကြတဲ့ အိုင်ဒီပီတွေရဲ့ အခြေအနေကရောခင်ဗျ။ သူတို့နေရာတွေ ရေရောက်လား။

“အဲဒီ ပဋိပက္ခ အိုင်ဒီပီကမ့်တွေက ကျနော်သိသလောက် ကျောက်ဖြူမှာရှိမယ်၊ စစ်တွေမှာ ရှိမယ်။ ကျောက်ဖြူကတော့ ရေကြီးမှုကို မခံခဲ့ရတော့ ဘာမှလည်း မဖြစ်ဘူး။ စစ်တွေပိုင်းကျတော့လည်း ရေနစ်တာကို မခံခဲ့ရတော့ ဒီဘက်က အိုင်ဒီပီတွေကတော့ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးအခြေအနေမှာ မရှိဘူးပေါ့။”

ဈေးရောင်းဈေးဝယ်တာတွေက ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီလား။

“ဟုတ်ကဲ့ စစ်တွေမှာတော့ ကုန်ဈေးနှုန်းတွေ ဈေးတက်နေပြီ။ ဈေးတက်နေတုန်းပဲပေါ့။ ဥပမာ ဆန်ဈေးပေါ့။ ဆန်ဈေးတက်တယ်။ ရေပေါ့ ရေဘေးဒုက္ခသည်တွေလိုအပ်နေတဲ့ ရေဈေးတက်တယ်။ နောက်ပြီးတော့ ခေါက်ဆွဲခြောက်ထုတ်တွေ ဈေးတက်တယ်ပေါ့။ အဲဒါဘာဖြစ်လို့လည်းဆိုတော့ တခြားဒေသတွေမှာ ၀ယ်လို့မရတဲ့အခါ စစ်တွေကနေ ၀ယ်ပြီးတော့ အလှူရှင်တွေက အဲဒီဒေသတွေ သွားလှူ၊ လှူတဲ့အခါကျတော့ ဒီမှာ ကုန်ပစ္စည်းတွေက ပြတ်၊ အဲလိုအနေအထားဖြစ်တာပါ။ တချို့ကုန်သည်တွေကပြောတာက သင်္ဘောတွေကတော့  လာနေပါပြီ။ မုန်တိုင်းဟိုဟာဖြစ်တဲ့အတွက် ကျွန်းတွေမှာ ကပ်နေတယ်၊ လမ်းတ၀က်ကိုရောက်နေပြီ၊ မကြာခင်အချိန်တော့  သင်္ဘောတွေ ၀င်လာနိုင်တယ်။ အဲဒီလိုဝင်လာရင် ကုန်ပစ္စည်းတွေ ပြန်ပြီးအဆင်ပြေမယ်လို့ ပြောပါတယ်။ ခုတော့ လာနေဆဲပဲရှိပါတယ်။”

ရိက္ခာတွေ အကူအညီတွေကို တပ်မတော်လေယာဉ်တွေနဲ့ ပို့တာ ရခိုင်ပြည်နယ်မှာ တော်တော် အကျိုးရှိတယ်လို့ ကြားရတယ်။ အဲဒီအခြေအနေကော ဘာကြားသေးလဲ။

“ကျနော်စရောက်တဲ့ ၃ ရက်နေ့ကတည်းက လေဆိပ်မှာတွေ့ပါတယ် တပ်မတော်လေယာဉ် ၃ စီးနဲ့ သူတို့ မြို့တွေကို လိုက်ပို့တယ်။ ပို့တယ်ဆိုပေမယ့် ရွာတရွာကို ဆန်တအိတ်လောက်ပဲ သူတို့ ချပေးနိုင်တယ်ပေါ့လေ။ အဲလိုပုံစံမျိုးကျတော့ နည်းနည်းတော့စားလို့ရတယ်။ ဖူလုံပြည့်ဝတဲ့ လောက်ငတဲ့အနေအထားတော့ မရောက်သေးဘူး။ တပ်မတော်ကလည်း ဒီကနေ့ကျနော်တို့တွေ့ခဲ့ရသလောက်ကတော့ လမ်းရှင်းတာတွေ၊ အဲလို ကယ်ဆယ်ရေးလုပ်တာတွေ၊ ရိက္ခာဝေတာတော့ သူတို့ ဆက်တိုက်လုပ်တာကိုတော့ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013