DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ နေအိမ်များ ရွှံ့နွံ ဖုံးလွှမ်း၊ အရေးပေါ် အကူအညီလိုအပ်
DVB
·
August 7, 2015
ကလေးမြို့ နေအိမ်များ ရွှံ့နွံ ဖုံးလွှမ်း၊ အရေးပေါ် အကူအညီလိုအပ်
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေကြီးပြီးနောက် ရေပြန်ကျသွားပေမယ့် နေအိမ်တွေကို ရွှံ့နွံတွေနဲ့ ဖုံးလွှမ်းနေတဲ့အတွက် အိမ်မှာပြန်လို့မရတဲ့အနေအထားဖြစ်သလို ဒေသခံတွေအနေနဲ့ နေထိုင် စားသောက်ရေးအတွက် အခက်အခဲကြုံနေရပါတယ်။

ကလေးမြို့က မေတ္တာရှင်မရဟိတလူမှုအဖွဲ့က ဦးနဂါးကတော့ သူတိုဆီမှာ အကူအညီ မရောက်ဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ရေကျသွားပေမယ့် ကျနော်တို့ မြို့ရွာထဲတွေက ကြက်တွေ၊ ၀က်တွေ၊ အကုန်လုံးသေတဲ့ အခါကျ တော့ နေလို့မရဘူး။ နွံတွေကလည်း အိမ်တွေမှာ ၄ ပေလောက်တက်နေတယ်။ နွံတွေနဲ့ ဆိုတော့ မြောင်းတွေက အကုန်ပိတ်ပြီးတော့ ဘယ်လိုမှ လူတွေက နေလို့မရဘူး။ ရေတွင်းနေရာကို နွံတွေဖို့တဲ့ အခါကျတော့ သောက်ရေအခက်အခဲရှိတော့ ပြန်လာနေလို့မရဘူး။ အိမ်ကို ပြန်တော့လည်း ဘာမှ မရှိတော့ဘူး။ စားဖို့သောက်ဖို့တွေက အကုန်လုံး အခက်အခဲဖြစ်နေပါတယ်။”

လက်ရှိ ကလေးမြို့ပေါ်မှာ ရပ်ကွက် ၁၉ ခုရှိပြီး အားလုံးနီးပါး ရေတွေမြုပ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လက်ရှိ ဒေသခံ ပြည်သူတွေအနေနဲ့ ချင်းတောင်ဘက်နဲ့နီးတဲ့ ကုန်မြင့်ဒေသက ယာယီ ဒုက္ခသည်းစခန်းတွေမှာ ဆက်ပြီး နေထိုင်ကြရတယ်လို့လည်း ဦးနဂါးက ပြောပါတယ်။

ကလေးမြို့ဟာ ကဘော်ချိုင့်ဝှမ်းနဲ့ ဆက်ထားတဲ့ ကလေးချိုင့်ဝှမ်းလွင်ပြင်ထဲမှာ ရှိနေပြီး ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။

ကလေးမြို့ဟာ ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်တဲ့ မြစ်သာမြစ်ရဲ့ ကမ်းဘေးမှာရှိနေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးများပြီး ကျလာတဲ့ရေကြောင့် ဇူလိုင်လ ၃၀ ရက်နေ့လောက်တည်းက မြို့ပေါ် ရေတက်ပြီး ဒေသခံပြည်သူတွေ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ရေကြီးမှုအနေအထားက နှစ်ပေါင်း လေးဆယ်အတွင်း အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ အသက် ၆၀ အရွယ် ဒေသခံတဦးက ဒီဗွီဘီကို ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013