Home
မြန်မာသတင်း
ရေဘေးကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်မဟုတ်ဟု ကော်မရှင်ဥက္ကဋ္ဌ ကတိပေး
DVB
·
August 7, 2015
နိုင်ငံတ၀န်း ကြုံတွေ့နေရတဲ့ ရေဘေးကြောင့် နိုဝင်ဘာ ၈ ရက် ကျင်းပမယ့်  အထွေထွေ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမှာ မဟုတ်ဘူးလို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြု ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီလီနဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဦးတင်အေးတို့ သြဂုတ်လ ၆ ရက်က နေပြည်တော်မှာ တွေ့ဆုံပြောကြားခဲ့တာလို့ အစိုးရသတင်းစာတွေမှာ ရေးပါတယ်။ ဦးတင်အေးက “သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် ရက်ပေါင်း ၉၀ ခန့် ဝေးကွာသေးသဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် အကြောင်းမရှိပါ” လို့ ပြောပါတယ်။ မစ္စရန်ဟီလီကတော့ သဘာဝဘေးဒေသတွေနဲ့ နယ်မြေမအေးချမ်းတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ချေ ရှိမရှိ၊ မဲစာရင်းပြင်ဆင်ထားမှုနဲ့ ကြိုတင်မဲကိစ္စ၊ စစ်ဘေးဒုက္ခသည်တွေ မဲပေးနိုင်ရေးအခြေအနေ၊ တပ်တွင်းမဲရုံတွေကို စောင့်ကြည့်သူတွေ ၀င်ခွင့်ရှိမရှိနဲ့ အစိမ်းရောင်ကတ်ကိုင်သူတွေရဲ့ မဲပေးခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။ ကော်မရှင်ဥက္ကဋ္ဌကတော့ နယ်မြေလုံခြုံမှုမရှိတဲ့ နေရာတွေမှာ မဲဆန္ဒနယ်တခုလုံးကို ရွှေ့ဆိုင်းခြင်းမပြုဘဲ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စုတွေမှာ ကျင်းပပေးမယ်၊ စစ်ဘေးဒုက္ခသည်စခန်းက မဲဆန္ဒရှင်တွေ မဲပေးနိုင်ရေးအတွက် စခန်းတွေမှာ မူလနေထိုင်ရာဒေသ စာရင်းတွေ ရှိတဲ့အတွက် နေရာအလိုက် အုပ်စုခွဲ မဲပေးနိုင်ရေး ဆောင်ရွက်နိုင်တယ်၊ ဒါပေမယ့် ဒုက္ခသည်စခန်းမှာ ရက်ပေါင်း ၁၈၀ ကျော်လွန် နေထိုင်သူဖြစ်ပါက ပုံစံ (၃-က) နဲ့ လျှောက်ထားပြီး မဲပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တပ်ဧရိယာအတွင်းရှိ မဲရုံတွေကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာတွေကို ဝင်ခွင့်မပြုနိုင်ပါက တပ်ဧရိယာပြင်ပမှာ မဲရုံဆောက်လုပ်ဖို့ တပ်မတော်နဲ့ ညှိနှိုင်းထားကြောင်းနဲ့ အစိမ်းရောင်ကတ်ကိုင်သူတွေ မဲပေးခွင့်ပြုခြင်း၊ မပြုခြင်းကို ဥပဒေအရ ပြဋ္ဌာန်းထားခြင်း မရှိတဲ့အတွက်  မဲပေးခွင့်မပြုဘူးလို့လည်း ဖြေကြားသွားပါတယ်။ မစ္စရန်ဟီလီဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ဖြစ်ပေါ်တိုးတက်မှုတွေကို ကုလသမဂ္ဂထံ အစီရင်ခံစာ တင်သွင်းဖို့ အချက်အလက်ရှာတဲ့အနေနဲ့ သြဂုတ်လ ၂ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး ဒီကနေ့ ပြန်လည်ထွက်ခွာဖို့ အစီအစဉ်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024