DVB Logo
Home
မြန်မာသတင်း
ထိုင်းရုပ်ရှင် မင်းသမီး ကရာဗီ မြန်မာရေဘေးအတွက် အလှူငွေကောက်ခံ
DVB
·
August 6, 2015
ထိုင်းရုပ်ရှင် မင်းသမီး ကရာဗီ မြန်မာရေဘေးအတွက် အလှူငွေကောက်ခံ
1 / 28
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားနဲ့ ထိုင်းမိန်းကလေးတဦးတို့ အချစ်ဇာတ်လမ်းအကြောင်း ရိုက်ကူးထားတဲ့ Myanmar in Love Bangkok ဇာတ်ကားက အဓိက သရုပ်ဆောင်မင်းသမီး ကယောက် ကရာဗီ ဖိမ်းဆုခ်ဟာ မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေ လိုက်လံကောက်ခံပေးနေပါတယ်။

ကယောက် ကရာဗီဟာ စမွတ်စခွန်ခရိုင် မဟာချိုင်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ ရေဘေးကူညီရေးအဖွဲ့နဲ့အတူ သြဂုတ် ၅ ရက်နေ့က မဟာချိုင်မြို့တွင်းမှာ အလှူငွေတွေ လိုက်လံကောက်ခံခဲ့ပြီး ရရှိငွေပေါင်း ဘတ် ၁ သိန်းနဲ့ ၇၅ ပြားကို သူတို့အဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့တယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

"သူကတော့ မြန်မာမင်းသားနဲ့အတူ ရိုက်ထားတဲ့ ဘယ်လိုအချစ်မျိုးလဲဆိုတဲ့ ဇာတ်ကားမှာ အောင်မြင်ထားတယ်။ သူ့စိတ်ကလည်း မြန်မာတွေကို သံယောဇဉ်ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ဒီလိုမျိုး ရေဘေးဖြစ်နေတာကို သူ့အနေနဲ့ လူသားချင်းစာနာတဲ့ အနေနဲ့ ၀ိုင်းဝန်းကူညီပေးတယ်လို့ ပြောပါတယ်ခင်ဗျ။ မနေ့က သူ့မှာ ကားရိုက်စရာရှိတဲ့ ရှုတင်ဖျက်ပြီး ဈေးထဲမှာရော ရပ်ကွက်တွေထဲမှာရော တနေကုန် အလှူငွေ လိုက်ကောက်ပါတယ်။ ရလာတဲ့ငွေ ဘတ် ၁ သိန်းနဲ့ ၇၅ ပြားကို ကျနော်တို့အဖွဲ့ကနေတဆင့် လာလှူထားတယ်။"

ထိုင်းမင်းသမီးဟာ လာမယ့် သြဂုတ် ၉ ရက်နေ့ကျရင်လည်း သူတို့နဲ့အတူ အလှူငွေလိုက်ပြီးကောက်မယ်လို့ ပြောထားပြီး အခွင့်ကြုံရင် မြန်မာပြည်က ရေဘေးဒုက္ခသည်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားလှူချင်တယ်လို့ ပြောကြောင်း ကိုရဲမင်းက ဆက်ပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ မြန်မာပြည်ပြန်ဖြစ်ရင် သူ့ကိုပါခေါ်ဖို့ရှိပြီး အလှူငွေတွေအားလုံးကို သီတဂူဆရာတော် အရှင်ဉာဏိဿ  ရ ဆီကနေတဆင့် ရေဘေးဒုက္ခသည်တွေကို ကူညီသွားမယ်လို့  ဆိုပါတယ်။

ထိုင်းရုပ်ရှင်သရုပ်ဆောင်  ကယောက် ကရာဗီ ဖိမ်းဆုခ်ဟာ ပြီးခဲ့တဲ့နှစ်က မြန်မာရွှေ့ပြောင်းအလုပ်သမား အောင်နိုင်စိုးနဲ့တွဲပြီး မြန်မာစာတမ်းထိုး Myanmar in Love Bangkok (ဘယ်လိုအချစ်မျိုးလဲ) ဆိုတဲ့ ဇာတ်ကားရိုက်ကူးခဲ့တာကြောင့် မြန်မာပရိသတ်ကြား လူသိများခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013