DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းလုပ်ငန်းများ စတင်ရန် သဘောတူ
DVB
·
August 6, 2015
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းလုပ်ငန်းများ စတင်ရန် သဘောတူ
Donate to DVB

မြန်မာ-ထိုင်း-ဂျပန် ၃ နိုင်ငံပူးပေါင်း အကောင်အထည်ဖော်မယ့် ထားဝယ်အထူး စီးပွားရေးဇုန်ရဲ့ ကနဦးစီမံကိန်း လုပ်ငန်းတွေအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးလိုက်တယ်လို့ ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းတွေ  အကောင်အထည်ဖော်ခြင်းဆိုင်ရာ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို သြဂုတ် ၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ စီမံကိန်း အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတွေအကြား လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်းမှာ နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ ယာယီလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကနဦးမြို့ပြစီမံကိန်း၊ ရေပေးဝေရေးစီမံကိန်းနဲ့ ဆက်သွယ်ရေးလိုင်း လုပ်ငန်းတွေ ပါဝင်ပြီး အခုကစပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ အပြီးသတ် အကောင်အထည်ဖော်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စတုရန်းကီလိုမီတာ ၂၀၀ အကျယ်အ၀န်းရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ကနဦး စီမံကိန်းလုပ်ငန်းနဲ့ ပင်မစီမံချက် အဆင့် ၂ ခု ပါဝင်ပါတယ်။

အဲဒီစီမံကိန်းရဲ့ ပင်မစီမံချက်ကို ပြီးခဲ့တဲ့ဇွန်လမှာ အတည်ပြုရေးဆွဲနိုင်ခဲ့ပြီး ခုသဘောတူညီမှုအရ ကနဦး လုပ်ငန်းစီမံကိန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ ဥက္ကဋ္ဌ ဒု-သမ္မတ ဦးဉာဏ်ထွန်းက အစည်းအဝေးမှာ ပြောပါတယ်။

အဆိုပါ ကနဦး စီမံကိန်းတွေဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီး တခုလုံး စတင်လည်ပတ်နိုင်ဖို့ ပထမဆုံး ခြေလှမ်းဖြစ်ကြောင်းနဲ့ စီမံကိန်းတွေကနေ ၂၀၂၅ ခုအတွင်း ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်ပေါင်း ၃ သိန်းလောက် ဖန်တီးပေးနိုင်မယ်လို့လည်း ပြောပါတယ်။

အစည်းအဝေးတက်လာတဲ့ ထိုင်း ဒု-ဝန်ကြီးချုပ် ပရီဒိယသွန်း ဒေ၀ကုလကတော့  ဒီစီမံကိန်းဟာ ဒေသတွင်းမှာ အရေးကြီးတဲ့ စီမံကိန်းတရပ်ဖြစ်ကြောင်း၊ စီမံကိန်းဟာ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး ပင်လယ်ထွက်ပေါက်သို့ ဆက်သွယ်ဆောင်ရွက်မည့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ဖြစ်တာကြောင့် ထားဝယ်နဲ့ ဆက်စပ်ဒေသတွေအပေါ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေမယ်လို့လည်း ပြောပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ် အထူးစီးပွားရေးဇုန်ကို ဇူလိုင် ၃ ရက်နေ့က ကျင်းပခဲ့တဲ့ မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွားရေးဖိုရမ်အပြီးမှာ မြန်မာ၊ ထိုင်း၊ ဂျပန် ၃ နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတာပါ။

ထားဝယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ  လုပ်ဆောင်ရာမှာ အခြေခံအဆောက်အဦ တည်ဆောက်ရေး ကဏ္ဍအတွက် သုံးစွဲဖို့ ဂျပန်က အမေရိကန်ဒေါ်လာ ၈၁၂ သန်းကျော်ကို သုံးနှစ်အတွင်း ချေးငွေပေးနိုင်ဖို့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ဂျပန်-မဲခေါင် ဒေသထိပ်သီးဆွေးနွေးပွဲမှာ သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013