DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်သူများ မူလအခြေအနေ အမြန်ပြန်ရောက်အောင် အသင့်ပြင်ဆင်ထားဟု သမ္မတပြော
DVB
·
August 6, 2015
ရေဘေးသင့်သူများ မူလအခြေအနေ အမြန်ပြန်ရောက်အောင် အသင့်ပြင်ဆင်ထားဟု သမ္မတပြော
Donate to DVB

သဘာဝဘေးဒုက္ခ ကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနေပြီး မူလအနေအထားကို အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် စီမံဆောင်ရွက်ပေးဖို့ အသင့်ပြင်ဆင်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတ၀န်းကို ရေဒီယိုကနေ ပုံမှန်လစဉ်ပြောကြားတဲ့ သြဂုတ် ၆ ရက် ဒီကနေ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံတ၀န်း လက်ရှိကြုံတွေ့နေရတဲ့ ရေဘေးနဲ့ ပတ်သက်ပြီး အဓိကထား ပြောကြားသွားတာပါ။

“နိုင်ငံတော် အပိုင်းကလည်း ဘေးဒုက္ခကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မူလအနေအထားကို အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ဖြင့် စီမံဆောင်ရွက်ပေးရန် အသင့်ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။ သဘာဝဘေးဒဏ်ကို တားဆီး၍ မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်မှု၊ မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်အောင် ပြန်လည်ထူထောင်ပေးမှုတို့ကို ကိုယ်ချင်းစာနာစိတ်၊ မျိုးချစ်စိတ်၊ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ အစွမ်းကုန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ သမ္မတက ပြောပါတယ်။

မြန်မာပြည်တ၀န်း အထူးသဖြင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ ရေဘေးဒုက္ခ ခံစားနေရတာဖြစ်ပြီး လက်ရှိ ဒေသတချို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမယ့် ဧရာဝတီတိုင်းမှာ မြစ်ရေတက်လာမှုကြောင့် ရေကြီးမှု အန္တရာယ်နဲ့ ဆက်လက်ကြုံတွေ့နေရတာပါ။

သမ္မတ ဦးသိန်းစိန်ကတော့ ရေပြန်ကျသွားတာနဲ့ လယ်ယာမြေတွေ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ဖို့ ထွန်စက်၊ မျိုးစပါးတွေကိုလည်း အသင့်ပြင်ဆင်ထားပြီး ရေနစ်မြုပ် ပျက်စီးသွားတဲ့ အိမ်တွေ အသစ်ပြန်လည်ဆောက်လုပ်နိုင်ဖို့လည်း အကူအညီပေးဖို့  စီစဉ်ထားပြီးဖြစ်တယ်လို့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဒါ့ပြင် ရေဘေးသင့်သူတွေ ယာယီစားသုံးနိုင်ဖို့ ဆန်နဲ့ ထောက်ပံ့ငွေ အချို့ကိုလည်း ပေးလိုက်ပြီး အချိန်အတိုင်းအတာ တခုအထိ ဆန်များ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းနဲ့ ရေတား တာတမံတွေ မကျိုးပေါက်စေရေး နေ့ရောညပါ စောင့်ကြပ်ကြည့်ရှုနေတယ်လို့လည်း ဆိုပါတယ်။

ရေဘေးသင့် ပြည်သူတွေအတွက် အကူအညီပေးနေကြတဲ့ ဒေသခံပြည်သူတွေ၊ စည်ပင်၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းတွေ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ၊ အန်ဂျီအိုတွေ၊ သံရုံးအဖွဲ့တွေက အစားအစာ၊ အသုံးအဆောင်ပစ္စည်း၊ အဝတ်အထည်၊ ဆေးဝါးတွေကို ပေးပို့လှူဒါန်းကြတဲ့ အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်တယ်လို့ ပြောကြားပါတယ်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တားဆီးလို့ မရနိုင်တာကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင် ရွှေ့ပြောင်းနေထိုင်တာ စိတ်အချရဆုံး ဖြစ်တယ်လို့  သမ္မတက တိုက်တွန်းလိုက်ပါတယ်။

ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံတ၀န်း  အိမ်ထောင်စုပေါင်း ၄၅၅၀၂ ရှိ လူပေါင်း ၂၅၉၇၉၉ ရေဘေးဒုက္ခ ခံစားနေရကာ သေဆုံးသူ ၆၉ ရှိနေပြီဖြစ်ပြီး ရေကြီးနစ်မြုပ်မှုကြောင့် ကောက်ပဲသီးနှံဧကပေါင်း ၄၄၅၉၁၃ ဧက ထိခိုက်ပြီး ၆၅၂၁၁ ဧက ပျက်စီးသွားတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013