စက်သုံးဆီဈေးကျသော်လည်း ခွဲတမ်းဖြင့် တန်းစီဝယ်နေရသဖြင့် တက္ကစီသမားများ တွက်ခြေ မကိုက်

မြန်မာပြည်တွင်းစက်သုံးဆီဈေးဆက်တိုက်ကျဆင်းလာပေမဲ့ ဆီကိုခွဲတမ်းနဲ့ပဲ တန်းစီ ဝယ်ယူ နေရတာကြောင့် တွက်ခြေမကိုက်ဘူးလို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးက နိုဝင်ဘာ ၂၇ ရက် ရန်ကုန်ရည်ညွှန်းဈေးနှုန်းတွေအရ 92 Ron တလီတာ ၃,၅၆၅ ကျပ်၊ 95 Ron တလီတာ ၃,၆၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၇၅၀ ကျပ် ဖြစ်ပြီး ရိုးရိုးဒီဇယ်ကတော့ ၃,၉၂၀ ကျပ်အထိ ကျဆင်းကာ ၄,၀၀၀ တန်းအောက်ကို ပြန်ကျနေပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်က စက်သုံးဆီကို ခွဲတမ်းနဲ့သာဝယ်ယူခွင့်ပေးထားပြီး ဆီဆိုင်တွေမှာလည်း ဆီအလုံအလောက်မရှိတာကြောင့် ဆီရှိတဲ့ဆီဆိုင်မှာ လိုက်ပြီးထည့်နေရတယ်လို့ ယာဉ်မောင်းတွေ က ပြောပါတယ်။
စစ်အာဏာရှင် သတ်မှတ်ထားတဲ့ ခွဲတမ်းအရ နံပါတ်အနီတပ်ထားတဲ့ တက္ကစီကားတွေကိုတော့ ကားအမျိုးအစားအလိုက် တပတ်ကို လီတာ ၃၀၊ ၃ ကြိမ်ထည့်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
ဒီလိုထည့်ခွင့်ရဖို့ကလည်း ဆီရှိတဲ့ဆီဆိုင်တွေမှာ အချိန်ပေးတန်းစီဝယ်ယူနေရတဲ့အတွက် အငှားယာဉ် တက္ကစီမောင်းနှင်သူတွေမှာ ကားအငှားလိုက်ဖို့အချိန်နည်းသွားလို့ တနေ့တာရရှိမဲ့ ကားခနည်းသွားတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် ဝင်ငွေမလုံလောက်တာတွေနဲ့ ကြုံနေရတယ်လို့ အငှားယာဉ်မောင်း တယောက်က ပြောပြပါတယ်။
“သိပ်တော့မမှန်ဘူးဗျ၊ နာရီဝက်တနာရီလောက်ပေါ့၊ တချို့ဆိုင်တွေကျတော့ ဆီပျက်တယ်၊ ရတဲ့ဆိုင် သွားဖြည့်ရတာပေါ့၊ အရင်တုန်းက ဆီ ၅၀,၀၀၀ ဖိုးဆို ၁ သိန်းခွဲလောက်ရှာလို့ရတယ်။ အခုကတော့ ဆီ ၅၀,၀၀၀ ဖိုးဆို ၁ သိန်းလောက်ပဲရတော့တယ်။ လုံလောက်ရုံပဲရှိတယ်၊ ပိုလျှံတာ မရှိဘူးနည်းနည်းတော့ အကျွေးတင်တာပေါ့။ အခုကုန်ဈေးနှုန်းနဲ့က ဘာလို့လဲဆိုတော့ ကျနော်တို့က ရန်ကုန်မှာကားလည်း ကားပိုင်မဟုတ်ဘူး၊ အိမ်လည်းငှားနေရတာ၊ ကျန်းမာရေး လူမှုရေး အတွက်လည်း ငွေတွေကထွက်တာဆိုတော့ ပြောမယ်ဆိုရင် အသုံးစရိတ်က ပြန်တွက်ကြည့်ရင် ၆၀,၀၀၀၊ ၈၀,၀၀၀၊ တသိန်းဝန်းကျင်လောက်ဖြစ်နေတယ်၊ တသိန်းခွဲလောက်မှာ မရှာနိုင်ရင် အဆင်မပြေဘူး။”
တက္ကစီ အငှားယာဉ်တွေကိုပေးတဲ့ စက်သုံးဆီ တပတ်စာ လီတာ ၃၀၊ ၃ ကြိမ် ထည့်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ ဒါကလည်း ခရီး ၆ ကီလိုစာကို စက်သုံးဆီ ၁ လီတာနှုန်းနဲ့ တွက်ပြီး အကြမ်းဖျင်းရောင်းချပေးတာဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ရတဲ့ တက္ကစီခ နှုန်းထားကလည်း အကွာအဝေး ၁ ကီလိုကို ကျပ် ၁,၀၀၀ နှုန်းရှိပါတယ်။
ယာဉ်မောင်းတွေမှာ တိုးတက်လာတဲ့ကုန်ဈေးနှုန်းကို ကာမိဖို့ ကားပိုမောင်းဖို့လိုပေမဲ့ စက်သုံးဆီ ရှားပါးတာကြောင့် မောင်းမရတဲ့အနေအထားဖြစ်နေသလို ကားခလည်း ပိုတောင်းလို့မရတဲ့ အခြေအနေကြုံရတယ်လို့ တက္ကစီယာဉ်မောင်းတယောက်က ပြောပြပါတယ်။
“တက္ကစီတွေဆိုရင် တပတ်မှာ တကယ့်တကယ်မောင်းမယ်ဆိုရင် တပတ်ကို ၅ ရက်လောက်ပဲ မောင်းလို့ရမယ်၊ ကျန်တဲ့ ၂ ရက်က ဆီမလောက်ဘူး၊ လီတာ ၉၀ ပဲရတာလေ၊ လီတာ ၉၀ က တကယ့်တကယ်မောင်းရင် တပတ်စာမလောက်ဘူးလေ၊ တနေ့ကို တက္ကစီသမားတယောက်က အခုခေတ်အုံနာကြေးနဲ့ဆိုရင် အနည်းဆုံး ကီလို ၁၅၀။ ၁၆၀ နီးပါးလောက် မောင်းလို့ရတယ်၊ တချို့ရက်တွေမှာဆိုရင် ကီလို ၂၀၀ လောက်မောင်းမှ တနေ့စာ အုံနာကြေးနဲ့ အိမ်စားရိတ်ရတာပေါ့၊ မောင်းချင်တိုင်း မောင်းလို့မရဘူး ထိန်းပြီးတော့ လီတာ ၉၀ မလောက်လောက်အောင် ထိန်းပြီးတော့ မောင်းရတာပေါ့၊ တက္ကစီသမားတွေလည်း ခြေချုပ်မိသလိုဖြစ်တာပေါ့။”
စက်သုံးဆီရှားပါးမှုကြောင့် စစ်အာဏာရှင်အစိုးရက ပြီးခဲ့တဲ့မတ်လ ၂၇ ရက်ကစပြီး စက်သုံးဆီကို Bar code/ QR စနစ်နဲ့သာ ခွဲတမ်းကျရောင်းချပေးခဲ့တာဖြစ်ပါတယ်။
သီရိ











