DVB Logo
Home
Lead Story
မြန်မာပြည် ရေကြီးတော့ (၁)
DVB
·
August 5, 2015
မြန်မာပြည် ရေကြီးတော့ (၁)
Donate to DVB

မြန်မာပြည်ထဲ ၀ါဆိုဝါခေါင်ရေအဖောင်လွန်လို့ ရေကြီးရေလျှံမှုတွေ နေရာအနှံ့ဖြစ်ပွားနေတာ တွေ့မြင် ကြားသိနေရပြီး ဒီထဲ ထူးထူးဆန်းဆန်း သတင်းနဲ့ ဓာတ်ပုံတွေလည်း တွေ့ရတယ်။ သမ္မတလုပ်နေတဲ့သူက ရေကြီးရပ်ကွက်ထဲ ဆင်းပြီး ရေနစ်နေတဲ့လူထုကို ကယ်ဆယ်အားပေးရမယ့်အစား ရေဘေးကယ်နေတဲ့ စစ်သားတွေကို မိုးကာခြုံပေးတယ်။ သမ္မတဘက်တော်သားတွေက ဒီဓာတ်ပုံတွေနဲ့ သမ္မတလော်ဘီ ၀ိုင်းလုပ်ကြတယ်။ ပရိသတ်ကြီးက ဟားတယ်။ သြော် တို့သမ္မတကြီးနှယ်၊ အမေရိကန်သမ္မတနဲ့ ယှဉ်မပြောတော့ပါဘူး၊ အနီးနားက ထိုင်းဝန်ကြီးချုပ်တွေ ရေကြီးရင် ဘာလုပ်ကြတယ် ဆိုတာလောက်တော့ ကြည့်ထားပြီး လိုက်လုပ်ဖို့ ကောင်းတယ်။ အခုတော့ သူ့ ထောက်ခံတဲ့ စစ်တပ်ကို မိုးကာခြုံပေးပြီး ပြန်လာရတယ်လို့၊ ဘာညာ ပြောစရာ ဖြစ်ရတယ်။ တခါ ဒီလောက်ရေတွေကြီးပြီး ဒုက္ခပတ်လည်ဝိုင်းနေတဲ့ စစ်ကိုင်းရေဘေး ကျနေတုန်း၊ စစ်ကိုင်းမြို့တည် နှစ် ၇၀၀ တဲ့၊ အကြီးအကျယ်လုပ်ပြီး သမ္မတလုပ်သူလည်း တက်အားပေးသတဲ့။ အဲ့ဒီအခမ်းအနားအတွက် ကုန်ကျမယ့်ပိုက်ဆံတွေ ရေဘေးအတွက် ပြောင်းသုံးပြီး သမ္မတလုပ်သူက ရေဘေးကယ်နေသူတွေကို ကိုယ်တိုင်သွားပြီး အားပေးလိုက်ရင်...။

အခုတော့ ပြောစရာဖြစ်ရတယ်။ ငပိသည်တွေ အိပ်ပျော်မြဲ အိပ်ပျော်နေကြတဲ့အခါ ဆားသည်တွေလည်း ထုံးစံမပျက် မနေနိုင်မထိုင်နိုင် ယင်ဝင်ခြောက်နေကြရတယ်တဲ့။ ရေဘေးထဲ တက်လာတဲ့ ထူးဆန်းတဲ့ ဓာတ်ပုံတွေဘက် ဆက်ဦးမယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းဟာ ချပ်သင်းကျော်တော့ ရထားလမ်းအောက်ခြေ ရေတိုက်စားသွားပြီး ရထားလမ်းက ပတ္တလားလိုဖြစ်သွားခဲ့တယ်။ အဲ့ဒီ ပတ္တလားလို ဖြစ်သွားတဲ့ ရထားလမ်းပိုင်းပြင်တော့ ဆင်နဲ့ ဆွဲပြီးပြင်နေကြတယ်။ ရထားလမ်းပြင်တဲ့နေရာမှာ ဆင်ချောဆွဲခံရ ဆိုပြီး သတင်းကြီး နာမည်ကြီးပေဦးတော့မယ်။ ကချင်ဘက် လမ်းပိုင်းရေကျော်ပြီး ကားသွားမရတော့လဲ ရေကျော်ကြားထဲ ဆင်တွေနဲ့ ကားတွေကို ဆွဲပေးနေတာလည်း တွေ့ရတယ်။ ဒီလိုပဲ ကားလမ်းပြတ်သွားတဲ့တနေရာမှာ ကောင်းကင်ကြိုးဆိုင်းထားပြီး ဆိုင်ကယ်တစီး ဘယ်နှထောင်ဆိုပြီး သယ်ပို့ပေးနေတဲ့ သတင်းဓာတ်ပုံလည်း တွေ့လိုက်ရတယ်။ ငပိသည်က အိပ်ပျော်နေတော့ ဈေးသည်က ကိုယ့်ဘာသာ ထဲ့သို ဈေးဝယ်သွားနေကြရတဲ့ဘ၀။ ဒီကြားထဲ ထိန်းကျောင်းရာမှာ နာမည်ကြီးတဲ့ ဥပဒေဆရာကြီးတယောက်က သူတို့ချပေးထားတဲ့ သမ္မတရန်ပုံငွေတွေနဲ့ ပြည်သူ့အကျိုး သယ်ပိုးလုပ်ဆောင်နိုင်ပါစေဆိုပြီး ကြီးပွားရေးနဲ့ သမီးရည်းစားအရေးလည်း အောင်ပါစေ ၀င်လုပ်သွားတယ်။

စိတ်ကုန်ဖို့ကောင်းတာတွေချည်းပြောတော့ အဆိုးမြင်တာဖြစ်စေဦး၊ ကိုယ်တွေ့ရေဘေး ပြောပြမယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၂၀၁၁ ခုနှစ်တုန်းက ရေကြီးတော့ အလုပ်လုပ်တဲ့ ဌာနအဆောက်အဦရော၊ နေအိမ်ပါ ရေနစ်တယ်။ မွန်းလွဲပိုင်းလောက်က တရိပ်ရိပ်တက်လာတဲ့ ပင်းမြစ်ရေဟာ ည ၈ နာရီခွဲလောက်ရှိတော့ လူရင်ခေါင်းလောက် အမြင့်ရောက်တဲ့ထိ တက်နေပြီ။ စစ်တပ်က သက်ကယ်လှေတွေလည်း ရပ်ကွက် ထဲ ရောက်လာကုန်ပြီ။ ညကြီးမင်းကြီးမှာပဲ ထမင်းထုတ်ဝေတဲ့ကားတွေလည်း မောင်းရတဲ့နေရာထိ မောင်းဝင်လာပြီး ကြက်ဆီထမင်းထုတ်တွေ ဝေတယ်။ ရေသန့်နဲ့ နို့ဘူးတွေ ဝေတယ်။ နောက်တနေ့ကျ ရေထဲ ဘယ်သွားပြီး ဘာဝယ်စားရပါ့ တွေးပူနေတုန်း ရပ်ကွက်ထိပ်လမ်းပေါ် ကယ်ဆယ်ရေးကားတစီး ရောက်ချလာပြီး ၁ပေ လောက်ကျယ်ပြီး ၂ ပေလောက်မြင့်တဲ့ အိတ်တလုံး လူတိုင်း တအိတ်စီ ဝေသွားတယ်။ ထုတ်ကြည့်တော့ ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ နို့ဘူး၊ မုန့်နဲ့ ခေါက်ဆွဲခြောက်ထုတ် လူတယောက်အတွက် ၃ ရက်စာလောက် ရိက္ခာထုတ်တွေ ပါတယ်။ ချင်းမိုင်အာဏာပိုင်တွေက ရေတက်မှာ ကြိုသိပြီး ဘယ်နှရက်တက်မယ်၊ ဘယ်နှရက်စာဝေရမယ်။ ရေပြန်ကျရင် ဘယ်နေရာတွေ သန့်ရှင်းရေးလုပ်ပေးရမယ်၊ ရေနစ်တဲ့ကားနဲ့ ဆိုင်ကယ်တွေ ပြန်ပြင်ပေးဖို့ ၀ပ်ရှော့ ဘယ်နှခု ဖွင့်ပေးရမယ်၊ အကုန်တွက်ချက်ပြင်ဆင်ထားတာကိုး။

အခု မြန်မာပြည်ရေကြီးတော့ နောက်ဆက်တွဲထွက်လာတဲ့သတင်းတွေက လယ်ဧက သိန်းနဲ့ချီ ရေမြုပ်ပြီး သောင်းနဲ့ချီ ပျက်ပြီ။ လမ်းနဲ့ တံတားတွေ ကျိုးကျပျက်စီးပြီ။ သိန်းနဲ့ ချီတဲ့ဒေသခံတွေ ရေဘေးတွေ့ကြုံခံစားခဲ့ရပြီး လူ ၄၀ ကျော် သေဆုံးခဲ့ရပြီ။ သဘာဝဘေးအတွက် ကြိုပြင်ထားတာ ဘာတခုမှ မရှိတော့ ဖြစ်လို့ ပျက်မှပဲ နောက်က လိုက်ပြင်၊ လိုက်ထူထောင်လုပ်ရတာ တွေ့ရတယ်။ အစိုးရရဲ့ သဘာဝဘေး ကြိုတင် ကာကွယ်ရေး ဆိုတာလည်း တနှစ်တခါလောက်လုပ်တဲ့ ဒုသမ္မတစည်းဝေးပွဲမှာပဲ သဲ့သဲ့ ကြားရတတ်တယ်။ သမ္မတနားကပ်ပြီး လော်ဘီလုပ်နေတဲ့သူတွေက ပါကစ္စတန်၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေက ရေဘေးကြောင့် အသက်သေဆုံး ဒုက္ခရောက်နေပုံတွေ တင်ပြီး မြန်မာတနိုင်ငံတည်း မဟုတ်ဘူးပေါ့ဆိုတဲ့သဘောမျိုး သတင်းတင်တယ်။ ရွေးကောက်ပွဲအသိပညာပေးဟောပြောနေတဲ့ အတိုက်အခံခေါင်းဆောင်ရော ရေဘေး သွားကြည့်လို့လားဆိုပြီး အောက်ကလိ အာတယ်။

အမေရိကန်မှာ စန္ဒီဆိုင်ကလုန်းမုန်တိုင်းဝင်တော့ အိုဘားမား သွားကြည့်ရတယ်။ ဘယ်အတိုက်အခံမှ မသွားဘူး။ သူ့အလုပ်မှ မဟုတ်တာ။ အစိုးရအလုပ် အစိုးရလုပ်ပေါ့။ ဒီကြားထဲ ခုရက်ပိုင်း ရေကြီးနေတုန်း ပုဂ္ဂလိကသတင်းစာတစောင်မှာ သမ္မတသီးသန့်ရန်ပုံငွေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ အဆင့်မြင့် ဇာတ်ရုံ ဆောက်မယ်ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ စိတ်အကြီးကြီးကုန်တယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013