DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမားပါတီများ ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ၀င်ပြိုင်မည်
DVB
·
August 4, 2015
တောင်သူလယ်သမားပါတီများ ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ၀င်ပြိုင်မည်
Donate to DVB

လာမယ့် နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှာ တောင်သူလယ်သမား ကိုယ်စားပြုပါတီတွေအနေနဲ့ အနည်းဆုံး ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ တောင်သူလယ်သမားပါတီ ၃ ပါတီရှိတဲ့အနက် အင်အားအကြီးဆုံးပါတီဖြစ်တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီအနေနဲ့ တိုင်းဒေသကြီး ၇ ခုက မြို့နယ်ပေါင်း ၁၁၀ နီးပါးမှာ လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း ၄၀၀ ကျော်ဝင်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

ပါတီဥက္ကဌအနေနဲ့လည်း ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပြီးရွေးကောက်ပွဲမှာ ပါတီကနေ ကိုယ်စား လှယ်တွေ ရွေးချယ်ခံရရင် တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် အဓိက ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်ဖို့ရှိတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်နေရာ ကနေ ၀င်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးညီမင်းစိန်က “နှစ်ပေါင်း ၅၀ ကျော်ခံစားလာခဲ့ရတဲ့ နင်းပြား ဘ၀ရောက်နေတဲ့ တောင်သူလယ်သမား ဆင်းရဲသား လူတန်းစားတွေအတွက် ဘယ်ခေတ်အခါမှ မပေါ်ခဲ့တဲ့ တောင်သူလယ်သမား ခေါင်းဆောင်လာတဲ့ ပါတီဖြစ်တဲ့အတွက် သူတို့တွေက တကယ်တမ်း အန်ကယ်တို့ရဲ့ မူဝါဒတွေအပေါ်မှာ အန်ကယ်တို့ရဲ့ စေတနာတွေအပေါ် ယုံကြည်တယ်ဆိုရင် အန်ကယ်တို့ ပါတီအပေါ်မှာ သူတို့ မဲပေးကြမှာပဲ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါ တီအနေနဲ့  ၂၀၁၂ နိုဝင်ဘာလမှာ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ရကျခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အခြေစိုက်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အလုပ်သမားပါတီက တော့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအတွင်းမြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အနည်းဆုံး ၁၅ နေရာ ၀င်ပြိုင်ဖို့ ကော်မရှင်မှာ အမည်စာရင်းတင်သွင်းထား လိုက်ပြီလို့ သိရပါတယ်။

လတ်တလော ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၅ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၂ နေရာနဲ့ တိုင်ဒေသကြီးလွှတ်တော်မှာ ၈ နေရာယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားပြီး ကော်မ၇ှုင်က အမတ်လောင်းတင်သွင်းရမယ့် ရက်ထပ်တိုးပေးထားတဲ့အတွက် ဒီထက် အရေအတွက် ပိုများရင် များလာနိုင်တယ်လို့လည်း ပါတီကပြောပါတယ်။

ပါတီအနေနဲ့ တောင်သူလယ်သမားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ ဓာတ်မြေသြဇာ စိုက်စရိတ်စတဲ့သွင်းအားစုတွေ အထောက်အပံ့ရရှိရေး၊ လယ်ယာမြေပိုင်ဆိုင်ခွင့်ရရှိရေး၊ လယ်မြေ အငြင်းပွားမှုပြဿ နာတွေ ဖြေရှင်းပေးရေးဆောင်ရွက်ပေးသွားမှာဖြစ်သလို အလုပ်သမား တွေအတွက်လည်း အဓမ္မအလုပ်ခိုင်းစေခံရမှုမရှိစေရေးနဲ့ အနိမ့်ဆုံးလုပ်အားခ အာဆီယံ နိုင်ငံတွေနဲ့တန်းတူဖြစ်ရေး ကြိုးပမ်းသွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးခိုင် က ဒီဗွီဘီကိုပြောပါတယ်။

“မြေယာဥပဒေတွေအပါအ၀င် တောင်သူလယ်သမားအရေးနဲ့ဆိုင်တဲ့ ဥပပဒေတွေ၊ အလုပ်သမားနဲ့ဆိုင်တဲ့ ဥပဒေတွေ၊ အခွင့်အရေးတွေကာကွယ်ပေးတဲ့ ဥပဒေတွေ ပြင်ဆင်နိုင်ဖို့ အသစ်ပြဌာန်းနိုင်ဖို့၊ လက်ရှိ မလိုအပ်တဲ့ မမျှမတဖြစ်နေတဲ့ ဥပဒေတွေဖျက်သိမ်းဖို့ ဒါတွေ ကျနော်တို့ လေးလေးနက်ထက်ထားပြီး ဆောင်ရွက်မှာပါ။”

အလားတူပဲခူးတိုင်းဒေသကြီးမှာအခြေစိုက်တဲ့ မဟာမိတ်တောင်သူလယ်သမားပါတီကတော့ ပဲခူးတိုင်းထဲက ပဲခူး၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်နဲ့ က၀ မြို့နယ်တွေမှာ ၁၅ နေရာ ၀င်ပြိုင်ဖို့ လျာထားပေမယ့် ကိုယ်စားလှယ် လောင်းစာရင်းတော့ ကော်မရှင်မှာ မတင်သွင်းရသေးပါဘူး။

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေရွေးချယ်ခံရရင် အဓိက ဆောင်ရွက်ပေးသွားချင်တဲ့ တောင်သူလယ်သမားအရေးနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးဆန်းလင်းက ‘၂၀၁၂ မြေယာ ဥပဒေအရ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေပေါ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တို့၊ မြေအသုံးချမှု ကော်မတီတို့ အဲဒါတွေက ဥပဒေပညာရှင်ရယ်လို့ သီးခြားမပါဘူး မပါတဲ့အခါကျတော့ အဲဒီမှာ အမှားမှားအယွင်းယွင်းတွေပေါ့ သူတို့ မဟုတ်တာ ဆုံးဖြတ်လည်း အရေးယူဆောင်ရွက်ပိုင်ခွင့် မရှိဘူး ဆိုတဲ့အခါကျတော့ အဲဒီမှာ ပြည်သူတွေက နစ်နာမှုတွေ အများကြီး ခံစားရတယ် ဆုံးရှုံးမှုတွေများတယ်ပေါ့ အဲဒါတွေကို ဖြေရှင်းဖို့ပဲ“ လို့ပြောပါတယ်။

မဟာမိတ်တောင်သူလယ်သမားပါတီအနေနဲ့ ၂၀၁၄ အောက်တိုဘာလမှာ ပါတီတည်ထောင်ခွင့် စလျောက်ထားခဲ့ရာမှာ ၂၀၁၅ ဇူလိုင်လမှာ ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ရ တာဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ခဲ့တဲ့ အတွေ့အကြုံတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013