DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ရေဘေးအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၅ သန်း ကူညီ
DVB
·
August 4, 2015
မြန်မာပြည်ရေဘေးအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၅ သန်း ကူညီ
Donate to DVB

လတ်တလော မြန်မာပြည်တ၀န်း ရင်ဆိုင်နေရတဲ့ သဘာဝ ရေဘေးအန္တရာယ်သင့် ပြည်သူတွေအတွက်  ထိုင်းအစိုးရက ဘတ်ငွေ ၅ သန်း ပဏာမ ကူညီပေးဖို့ ရှိနေပါတယ်။

အကူငွေတွေကို လာမယ့် သြဂုတ် ၇ ရက်နေ့မှာ တရားဝင် အပ်နှင်းဖို့ ဒီကနေ့မနက်က ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းအစိုးရအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီက ထိုင်းအစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ၀ီရချွန်း ဆုခွန်းထပတီဖတ် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ကျနော်တို့ တွေ့ခဲ့ပါတယ်။ သူတို့အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်တဲ့ မြန်မာရေဘေးသင့် ပြည်သူတွေအတွက် အကူငွေ ဘတ် ၅ သန်းကို လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ တရားဝင်အခမ်းအနားနဲ့ ချက်လက်မှတ်လွှဲပေးဖို့၊ ပြီးတော့ ထိုင်းပြည်သူတွေ လာလှူထားတဲ့ အကူပစ္စည်းတွေလည်း ပါမယ်။ ပြီးရင် ပစ္စည်းတွေကို သူတို့ ကိုယ်တိုင် မြန်မာပြည်အရောက် သယ်ပေးမယ်။”

ထိုင်းကူညီရေးအဖွဲ့တွေ မြန်မာပြည်ရောက်တဲ့အခါ သူတို့တွေ့ရှိချက်အရ လိုအပ်မယ့် အရာတွေပေါ် မူတည်ပြီး နောက်ထပ် ဆက်လက်ကူညီဖို့ ရှိတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

အလားတူ ထိုင်းနာမည်ကျော်အဆိုတော် ဘာ့တ်ထုံချိုင်းကလည်း မြန်မာရေဘေးအတွက် ဘတ်ငွေ ၁ သိန်းကို သီတဂူဆရာတော်ဘုရားကြီးကတဆင့် မနေ့ကတည်းက ထည့်ဝင်လှူဒါန်းထားပါတယ်။

ဒါ့ပြင် ရေဘေးသင့် အိမ်နီးနားချင်းနိုင်ငံက ပြည်သူတွေအတွက် ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်မှာ မြန်မာရေဘေး ကယ်ဆယ်ရေး အလှူခံဌာနကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။

တရုတ်အစိုးရကလည်း အမေရိကန်ဒေါ်လာ ၃ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းတွေကို တရုတ်သံရုံးကတဆင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က ရေဘေးသင့် ဒေသတွေကို သွားရောက် ပေးအပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ အလှူရှင်နိုင်ငံတွေအနေနဲ့ ရေဘေးသင့် ဒေသတွေအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ပံ့ အကူအညီများ ပေးအပ်လိုပါက ဆက်သွယ်ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် နိုင်ငံဘဏ္ဍာနဲ့ ပြည်တွင်းစေတနာရှင်တွေရဲ့ အလှူငွေနဲ့သာ လုပ်ဆောင်မယ်ဆိုရင် နှောင့်နှေးနိုင်တဲ့အတွက် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီ အမြန်ဆုံး လက်ခံရယူ ဆောင်ရွက်ဖို့ လိုတယ်လို့ အစိုးရကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013