DVB Logo
Home
Lead Story
၂ဝ၁၅ နှင့် အန်အယ်လ်ဒီ
DVB
·
August 4, 2015
၂ဝ၁၅ နှင့် အန်အယ်လ်ဒီ
Donate to DVB

၂ဝ၁၅ ရွေးကောက်ပွဲက စစ်အာဏာရှင်တို့အတွက် သူတို့ အာဏာခိုင်မြဲအောင် ဆက်လက် ဆောင်ရွက်နိုင်၊ မဆောင်ရွက်နိုင်ဆိုသော ဒုတိယသက်တမ်း စမ်းသပ်ချက် တခုဖြစ်ပါသည်။ ပထမသက်တမ်း ရွေးကောက်ပွဲကို သူတို့ ကျော်ဖြတ်နိုင်ခဲ့သည်။ စနစ်တကျ ကလက်ဖန်ထိုးခဲ့သည်ကိုလည်း အားလုံးသိကြပါသည်။ သူတို့၏ လုပ်ရပ်များသည် ဆန်းဆန်းကြယ်ကြယ် ဘာမှမရှိ။ လျှို့ဝှက်ခြင်းလည်း မရှိ။ အစီအစဉ်ဆွဲထားသည့် စစ်ဆင်ရေးတခုသာ ဖြစ်သည်။ ဖွဲ့စည်းပုံ၌ နောက်ကြောင်းပြန် အကျိုးသက်ရောက်ခြင်း မရှိစေရဆိုသော စစ်အာဏာရှင်တို့ကို အကာအကွယ်ပေးသည့် ဥပဒေမျိုး ထည့်ထားခြင်းအားဖြင့် ဗိုလ်သန်းရွှေသည် ဆူဟာတိုထက် သာကြောင်းလည်း ၂ဝဝ၈ ဖွဲ့စည်းပုံက သက်သေ ပြနေပါသည်။ သို့သော် သူတို့သည် ပြည်သူကို အထင်သေးလွန်း၏။ ပြည်သူကို သေနတ်ဖြင့် ချိန်ကာ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းသည်။ နောက်တကြိမ်တွင်လည်း ထိုသို့လုပ်ပြီး ရေမှုတ်တဘက်၊ မီးစာတဘက် လုပ်ဖို့ ကြိုးစားကြ၏။ သို့သော် နိုင်ငံတကာနှင့် ပြည်သူလူထုက ရေရှည်သည်းခံကြလိမ့်မည် မဟုတ်ပေ။

ယခု ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဘယ်သူနိုင်မလဲဟု မေးလာလျှင် ယခင်အစိုးရ၏ အရုပ်ဆိုးလှသော လုပ်ရပ်များကြောင့် ပြောရလျှင် သူတို့၏ မျက်နှာဖုံးကို ခွာချပစ်လိုက်သော လက်ပံတန်း အကြမ်းဖက်လုပ်ရပ်ကြောင့် ပြည်သူက မယုံကြည်ကြတော့ပေ။ ထိုအခါ စုံလုံးကန်းထက် တဘက်ကန်းကို အားကိုးရမည့် အခြေအနေ ရောက်သွားသည်။ ခြေ နှစ်ဘက်ကျိုးထက်၊ တဘက်ကျိုးက ပိုကောင်းသည့် အခြေအနေဖြစ်၍ စစ်ဗိုလ်ဟောင်းများ မဟုတ်ဘဲ စွန့်လွှတ်အနစ်နာခံမှု ရှိခဲ့သော အန်အယ်လ်ဒီပါတီကိုသာ မဲပေးကြပေလိမ့်မည်။ လွန်ခဲ့သော ၅ နှစ်ကထက် နိုင်ငံရေးပါတီ ပိုဆန်လာသော၊ အတွေ့အကြုံလည်း ရင့်ကျက်ပြီးဖြစ်သော ပြည်ခိုင်ဖြိုးပါတီမှာလည်း လူထုထောက်ခံမှု အတိုင်းအတာတခုအထိ ရရှိပေလိမ့်မည်။ သို့သော် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး အာဏာချုပ်ကိုင်မှုမှာ စစ်တပ်ကသာ ချုပ်ကိုင်ထားမည်ကို သံသယဖြစ်စရာ မလိုပေ။ ထိုအခြေအနေကို အန်အယ်လ်ဒီကလည်း နားလည်ရပေမည်။ အရေးကြီးသည်မှာ ပြည်သူက အန်အယ်လ်ဒီကို တခဲနက် မဲပေးနိုင်လျှင် နောင်အစိုးရအဖွဲ့တွင် စစ်တပ်သြဇာရှိနေသည့်တိုင် ပြည်သူ့အသံကိုကား အထိုက်အလျောက် ကြားရပေလိမ့်မည်။ ပြည်သူလူထုက အန်အယ်လ်ဒီကိုသာ မဲထည့်ဖို့ တိုက်တွန်းရပေလိမ့်မည်။ အန်အယ်လ်ဒီနိုင်၍ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်သော်လည်း ယခုတည်ရှိနေသော ပြည်တွင်းအခြေအနေ၊ ကမ္ဘာ့အခြေအနေနှင့် ပြည်တွင်းထောက်ခံမှု၊ ကမ္ဘာ့ထောက်ခံမှုများအရ စစ်အုပ်စုသည် အန်အယ်လ်ဒီကို အာဏာပေးလျှင်လည်း မဖြစ်ပေ။ သို့သော် အန်အယ်လ်ဒီမှာ လုံးဝဥဿုံအာဏာရဖို့လည်း အာမ မခံနိုင်ပေ။ ထိုအခြေအနေကို ညောင် ၂ ပင် ညီလာခံ လုပ်ကတည်းက အသေးစိတ် တိုင်ပင်ကာ စီမံကိန်း ရေးဆွဲထားပြီးဖြစ်သည်။ မြန်မာနိုင်ငံမှ စစ်အာဏာရှင်များသည် ကမ္ဘာတွင် အကောက်ကျစ်ဆုံး စစ်အာဏာရှင်များ ဖြစ်ကြ၏။ ယခုထက်တိုင် ယခင် စစ်ထောက်လှမ်းရေးမှူး ဗိုလ်ခင်ညွန့်မှာ ပြည်သူကို ခြိမ်းခြောက်တုန်း၊ ကြွားတုန်း၊ မောက်မာတုန်း ဖြစ်ပါသည်။ သူတို့သည် ယခုထက်တိုင် ချမ်းသာမြဲ၊ အရှိန်အဝါရှိဆဲ၊ လူထုကို မောက်မာရိုင်းပြနေဆဲ ဖြစ်ပါသည်။

ညောင် ၂ ပင် ညီလာခံတွင် လမ်းပြမြေပုံ ၇ ချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်က ညီလာခံတက်ဖို့အတွက် စစ်တပ်နှင့် စစ်အုပ်ချုပ်ရေးကို ထောက်ခံသူအားလုံးကို ဖိတ်၏။ သူတို့သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို သွားရမည့်လမ်းကြောင်းများကိုလည်း စစ်တပ်မှ ပညာရှင်များက ရေးဆွဲထားကြ၏။ ဒီမိုကရေစီအတုကို ရေးဆွဲထားကြောင်း ခေါင်းဆောင်ပိုင်းက သိသော်လည်း စစ်တပ်တုခလုံးကို ညာလုံး၊ လှိမ့်လုံးများဖြင့် ယုံကြည်သွားအောင် လှည့်ဖြားထားခဲ့ပါသည်။ ဥပမာ - စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသော အသုံးအနှုန်းမျိုး၊ လမ်းညွှန်ဒီမိုကရေစီဆိုသော အတုအယောင် ဒီမိုကရေစီမျိုး ကမ္ဘာတွင် ရေပန်းစားနေသယောင်ယောင် သုံးနှုန်းခဲ့လေသည်။ ဟစ်တလာက သူ၏စကားထဲတွင် မှားသည်ပင်ဖြစ်စေ မိမိ၏ အမြင်သဘောတရားကို ထပ်ခါထပ်ခါ အမှန်အဖြစ် ပြောဆိုခဲ့လျှင် ကြာလာသောအခါ ထိုအမှားသည်ပင်လျှင် အမှန်ဖြစ်သွားသည်ဟု ပြောဆိုခဲ့ပါသည်။ မဆလမှစ၍ နောင်စစ်အာဏာရှင်များမှာလည်း သမိုင်းကို ထိုအတိုင်း ရေးသားခဲ့ပါသည်။ သူတို့ထံ ဘက်ပြောင်းလာသူများကိုလည်း အသုံးချကာ အမှားများကို အမှန်ဖြစ်စေသည်။ ထိုသို့ဖြစ်အောင် ပုံဖော်ခဲ့သူများတွင် ရဲဘော်ဘခက်တို့၊ ဗိုလ်တင်ရှိန်တို့လည်း ပါဝင်ကြောင်း လွန်ခဲ့သော အနှစ် ၅ဝ သမိုင်းတွင် သက်သေပြခဲ့ပြီးဖြစ်၏။ ယခုလည်း ထိုထုံးကို နှလုံးမူပြီး စစ်အာဏာရှင်စနစ် တည်တံ့ရေးအတွက် ကြိုးပမ်းနေကြသည်။ နောက်တက်လာသော အစိုးရသည် ယူနီဖောင်းချွတ် အရပ်ဝတ်အစိုးရ ဖြစ်ချင်ဖြစ်နိုင်သည်။ အန်အယ်လ်ဒီက အနိုင်ရကာ အစိုးရဖွဲ့ချင်ဖွဲ့နိုင်သည်။ သို့သော် ထိုအစိုးရမှာ ဒီမိုကရေစီ အစိုးရစစ်စစ် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော်…

(၁) အန်အယ်လ်ဒီပါတီသည် ရွေးကောက်ပွဲတွင် ကျန်ပါတီများထက် မဲအရေအတွက်၊ အမတ်အရေအတွက် ပိုမိုရနိုင်ခြေ ရှိပါသည်။ သို့သော် အန်အယ်လ်ဒီပါတီတခုတည်း အစိုးရ ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။ ညွန့်ပေါင်းအစိုးရ အဖွဲ့တဖွဲ့ ဖွဲ့ရမည်မှာ သေချာသလောက် ရှိသည်။ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ တည်ဆောက်ရာတွင် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့၏။ မြန်မာ့သမိုင်းတွင် ပထမဆုံး ဖြစ်ပေလိမ့်မည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရ အဖွဲ့သာ အမြဲဖွဲ့နိုင်ခဲ့သည်။ အိန္ဒိယတွင် အစောပိုင်းက ကွန်ဂရက်ပါတီ၏ လွှမ်းမိုးမှု အားကောင်းလာခဲ့သော်လည်း နောင်အခါ ညွန့်ပေါင်းအစိုးရသာ ဖွဲ့လာခဲ့သည်။ အင်အားကြီးသော ပါတီကြီးကို မဏ္ဍိုင်ထားကာ အစိုးရအဖွဲ့ အုပ်ချုပ်မှု အားကောင်းစေရေးအတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့လာခြင်းသည် ဒီမိုကရေစီ၏ ပြယုဂ်လည်း ဖြစ်လာပါသည်။ နီပေါတွင်လည်း ထိုကဲ့သို့ ဂျပန်တွင်လည်း ထိုကဲ့သို့ ညွန့်ပေါင်းအစိုးရများသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် တပါတီအစိုးရ အုပ်ချုပ်သည်ထက် ပိုမိုအဆင်ပြေလာသည်ဟု ဆိုရပေမည်။ ယခု မြန်မာ့နိုင်ငံရေး အခြေအနေမှာ အန်အယ်လ်ဒီက ၁၉၉ဝ ပြည့် ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို အနိုင်ရသည့်တိုင် ယခု ၂ဝဝ၈ ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ မိမိတို့ဘာသာ သီးသန့် အန်အယ်လ်ဒီ အစိုးရဖွဲ့၍ မရနိုင်ပေ။ ထို့အတူ နှစ်ပေါင်း ၂၆ နှစ်လောက် အားကောင်းခဲ့သည့် စစ်အစိုးရ၏ အဖွဲ့အစည်းဖြစ်သည့် ကြံ့ဖွံ့အဖွဲ့၊ နောက် ပြည်ခိုင်ဖြိုးပါတီမှာ လူအင်အား၊ ငွေအင်အားကောင်းသည်ကို လျစ်လျူရှု၍ မရနိုင်ပေ။ ၂ဝ၁၅ တွင် အန်အယ်လ်ဒီ အနိုင်ရသည့်တိုင် ကာကွယ်ရေးဦးစီးချုပ် ခန့်မည့် အရေးကြီး ဝန်ကြီးဌာန ၃ နေရာကို စစ်တပ်အား ပေးရမည်ဖြစ်သလို ကာချုပ်ခန့်သော ဒု-သမ္မတကိုလည်း လက်ခံရပေမည်။ ထို့ကြောင့် တပ်ချုပ်ကြီးခန့်အပ်သော ဝန်ကြီး ၄ နေရာကိုကား မလွှဲသာ မရှောင်သာ အစိုးရအဖွဲ့ထဲထည့်၍ ညွန့်ပေါင်းအစိုးရ ဖြစ်လာမည်မှာ သေချာပါသည်။

(၂) ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ ၄ ပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆိုမှုမှာလည်း ပျက်၊ ၅ ပွင့်ဆိုင် တွေ့ဆုံရေးမှာလည်း မရေရာ ပျက်သလောက်ဖြစ်လာ၊ ထိုအခါ အန်အယ်လ်ဒီ၏ ကြွေးကြော်သံသည် သဲထဲရေသွန် ဖြစ်သွားလေသည်။ ရွေးကောက်ပွဲဝင်ဖို့ မသေချာဟု အန်အယ်လ်ဒီ၏ ခြောက်လုံးမှာလည်း ပျက်သွားလေသည်။ မဝင်ဘူးဆိုလျှင်လည်း ယနေ့နိုင်ငံရေး အခြေအနေ၊ နိုင်ငံတကာ၏ ထောက်ပံ့မှု အခြေအနေအရ စစ်တပိုင်းအစိုးရမှာ မဖြစ်မနေ လုပ်ဆောင်လာပေမည်။ ပြည်သူကလည်း အန်အယ်လ်ဒီကို ယခင်ကလောက် ယုံကြည်အားထားခြင်း မရှိတော့ဘဲ ကျဆင်းနေလေသည်။ ထို့ကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲကို အန်အယ်လ်ဒီသည် မဖြစ်မနေ ဝင်ကို ဝင်ရပေမည်။ ၅၉(စ) ကို စရေးဆွဲကတည်းက ပြင်ဖို့ သဘောထားမရှိသော စစ်အုပ်စုသည် နောက် ၅ နှစ်အတွင်း ပြင်ချင်မှ ပြင်နိုင်ပေမည်။ ဖိလစ်ပိုင်မှာ ဂျင်နရယ်ရားမို့စ်လို ဒီမိုကရေစီကို အားသန်သော ဗိုလ်ချုပ်ကြီးမျိုး မရမချင်း၊ အင်ဒိုနီးရှားမှ ဂျင်နရယ်ဝီရန်တိုလို ဗိုလ်ချုပ်ကြီးမျိုး  တပ်ချုပ်မဖြစ်မချင်း မြန်မာ့နိုင်ငံရေးမှာ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်တည်ရှိနေပေမည်။ ဒီမိုကရေစီကို အားသန်သော၊ သမိုင်းဖြစ်ပေါ်မှုကို လေးနက်သော၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို အလွန်ထက်သန်သော ဗိုလ်ချုပ်ကြီးမျိုး မရမချင်း တိုင်းပြည်အဖို့ အမှောင်ရိပ်အောက်တွင် မှုန်မှိုင်း အုံ့ဆိုင်းနေဆဲ ရှိပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပြောရလျှင် စစ်တပ်သြဇာ လွှမ်းမိုးမှု ရှိနေသရွေ့ တိုင်းပြည်သည် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူတို့၏ လုပ်ပိုင်ခွင့်များ၊ အခွင့်အရေးများ ဆုံးရှုံးနေသောကြောင့်ပင်။

(၃) ၂ဝ၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ အနိုင်ရသည့်တိုင် အန်အယ်လ်ဒီပါတီ ဖွဲ့စည်းသော အစိုးရမှာ ကျွမ်းကျင်သော အုပ်ချုပ်ရေးသမားများနှင့် ကောင်းမွန်သောအစိုးရ ဖြစ်ဖို့အတွက် အနိုင်ရ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်များချည်း ဖွဲ့စည်း၍ မရပေ။ အဘယ်ကြောင့်ဆိုသော် အန်အယ်လ်ဒီ အမတ်များသည် ကျွမ်းကျင်သောသူများအဖြစ် ဌာနတိုင်းတွင် တာဝန်ယူနိုင်မည် မဟုတ်ပေ။ လွှတ်တော်ထဲတွင် ဖိနှိပ်သော ဥပဒေများ ပြုပြင်ဖို့ အတိုင်းအတာတခုအထိ (လုံးဝပြီးပြည့်စုံအောင် လုပ်ကိုင်ပေးမည်မဟုတ်) တင်ပြဆောင်ရွက်ချင် ဆောင်ရွက်နိုင်သည်။ ထိုအခါ ပညာရှင်များ၊ ကျွမ်းကျင်သော အုပ်ချုပ်ရေးသမားများ၊ အတွေ့အကြုံရှိသော သူများကို ခေါ်ယူ၍ တာဝန်ပေးနိုင်ပါသည်။ ၈၈ မျိုးဆက်များကိုလည်း အန်အယ်လ်ဒီက အများအပြား ပူးပေါင်းပါဝင်ပြီး တာဝန်ပေးစေမည် မဟုတ်ပေ။ ၈၈ ကလည်း အားလုံး အန်အယ်လ်ဒီနှင့် ပူးပေါင်းကာ လက်တွဲလိမ့်မည် မဟုတ်ပေ။ ၈၈ မျိုးဆက်ကိုယ်တိုင် အန်အယ်လ်ဒီလိုပင် လူထုထောက်ခံမှုနှင့် လူထုယုံကြည်မှု ကျဆင်းနေသည် ဖြစ်သောကြောင့် သူတို့ စည်းရုံးရေးမှာ အန်အယ်လ်ဒီလောက်ပင် အားမကောင်းနိုင်ပေ။ ထို့ကြောင့် လူထု၏ ထောက်ခံမှုမှာ ၈၈ အပေါ် အနည်းဆုံး ထက်ဝက်ခန့် ကျဆင်းသွားသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ အနိုင်ရခြင်းကြောင့် နိုင်ငံတကာ၏ အမြင်အားကောင်းလာပြီး ထောက်ပံ့ကူညီမှုများ များချင်များလာနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုများလည်း အနောက်အုပ်စုမှ ရောက်ချင်ရောက်လာနိုင်သည်။ သို့သော် အုပ်ချုပ်ရေးအာဏာကို အန်အယ်လ်ဒီ ရသည့်တိုင် “ဇီးသီးဗန်းမှောက်ကျခြင်း” မျိုး မဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အာမ မခံနိုင်ပေ။ သို့သော် အပြောင်းအလဲကို တောင့်တနေသော ပြည်သူများအဖို့ အန်အယ်လ်ဒီ အနိုင်ရခြင်းသည် မျှော်လင့်ချက်များထားပြီး အိပ်မက် မက်ချင်မက်ကြပေမည်။ ထိုအိပ်မက်သည် အကောင်အထည် မဖော်နိုင်သော ဆောင်းတွင်းအိပ်မက် ဖြစ်နေလျှင်ကား တိုင်းပြည်၏ အနာဂတ်သည် မှေးမှိန်ဆဲ ရှိနေပေလိမ့်မည်။

(၄) ၂ဝ၁၅ ရွေးကောက်ပွဲ အန်အယ်လ်ဒီ အနိုင်ရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝ သမ္မတ မဖြစ်နိုင်ပေ။ ဘယ်လိုနည်းနှင့်မျှ သမ္မတမဖြစ်အောင် (ဗိုလ်သန်းရွှေခေါင်းဆောင်သော ယခုအစိုးရနှင့် သက်ဆိုင်ရာဌာနများတွင် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးများ) ၅၉(စ) ကို အကြောင်းအမျိုးမျိုးပြပြီး ရေးဆွဲထားသောကြောင့် ဒေါ်စု သမ္မတ မဖြစ်နိုင်သည်မှာ ရှင်းနေပါသည်။ သူတို့က တခြားနိုင်ငံများကို သာဓကပြ ပြောလေ့ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်း ဆွဲခဲ့သော ဥပဒေဟူ၍ပင် အမနာပ လက်ညှိုးထိုးကြသည်။ ထိုဥပဒေမှာ ပြင်၍လည်းရသည်။ ပယ်၍လည်းရသည်။ အရေးကြီးသည်မှာ သမ္မတသည် မြန်မာနိုင်ငံသားဖြစ်လျှင်ပင် ရွေးချယ်ခံခွင့် ရှိရပေလိမ့်မည်။ ထို့ကြောင့် သမ္မတနေရာတွင် အန်အယ်လ်ဒီ ပါတီထဲမှ ထိုက်သင့်သော ပုဂ္ဂိုလ်တယောက်ကို ရွေးချယ်ရပေမည်။ သို့မဟုတ် တိုင်းရင်းသားပါတီများထဲမှ ရွေးချယ်၍လည်း ရသည်။ ပြည်ခိုင်ဖြိုးပါတီထဲမှ စစ်ဗိုလ်လူထွက်များကို ရွေးချယ်လိုက်လျှင် သို့မဟုတ် ယခင်က စစ်အုပ်စုထဲ ပါဝင်ခဲ့သူများကို ရွေးချယ်လိုက်လျှင်မူ အန်အယ်လ်ဒီသည် ပြည်သူများ၏ တံတွေးခွက်ထဲ မျောသွားပေမည်။ ထိုသို့ မူမဲ့ အတွေးအခေါ်မဲ့သော လုပ်ရပ်မျိုးကို လုပ်လိုက်လျှင် ရေမရှိသော ချောင်းထဲ နှာခေါင်းဖော်နေဖို့သာ ရှိတော့၏။ ထိုသို့ ခပ်ညံ့ညံ့အတွေးမျိုး အန်အယ်လ်ဒီခေါင်းဆောင်များတွင် ရှိလိမ့်မည် မထင်ပေ။

မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကား ၄ လခန့်သာ လိုတော့သည်။ ထိုရွေးကောက်ပွဲအတွက် ပါတီများသည် မိမိတို့၏ မူများ၊ ဝါဒများ၊ မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ မိမိတို့၏ တိုင်းပြည်အတွက် လုပ်ဆောင်ပေးမည့် အာမခံချက်များကို လူထုထံ ချပြရပေတော့မည်။ မဲဆန္ဒနယ်မှ အမတ်များကို စည်းရုံးခွင့် မပေးသည့်တိုင်၊ ပါတီများအနေဖြင့် ကတိကဝတ်အတိုင်း လုပ်ပါမည်ဟု တင်ပြရပေတော့မည်။ စာရေးသူအနေဖြင့် ၂ဝ၁၂ အကျော် ၂ဝ၁၃ လောက်ကတည်းက အားမရမှု၊ ဘဝင်မကျမှုများ အန်အယ်လ်ဒီအပေါ် ရှိသည့်တိုင် ပြည်သူလူထုအားလုံး သဘောပေါက်ဖို့မှာ မိမိတို့အတွက် ဖိနှိပ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ သက်သာရာ ရဖို့အတွက် အန်အယ်လ်ဒီ အနိုင်ရအောင် မဲထည့်ခြင်း၊ အန်အယ်လ်ဒီကို အားပေးခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။ စုံလုံးကန်းမသွားဖို့ အရေးကြီးလှပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013