DVB Logo
Home
မြန်မာသတင်း
ဟားခါးမြို့ အရေးပေါ် အကူအညီလိုအပ်
DVB
·
August 3, 2015
ဟားခါးမြို့ အရေးပေါ် အကူအညီလိုအပ်
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီးမြေပြိုမှု အန္တရာယ်နဲ့ ကြုံတွေ့နေပြီး လက်ရှိမှာတော့ အရေးပေါ်အကူအညီတွေ လိုအပ်နေ ပါတယ်။ ဟားခါးမြို့ အခြေအနေနဲ့ပတ်သက်ပြီး မြို့ခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူ ဦးမာအောင်ကို မေးမြန်းထားပါတယ်။

မေး။ ။ ဟားခါးမြို့ဘက်မှာ ရေကြီးမြေပြိုမှု နောက်ဆက်တွဲ ဘာတွေ ထူးခြားမှုတွေ ရှိသေးလဲ။ ပြောပြပါဦးရှင်။
ဖြေ။ ။ “အခုကတော့ မနေ့ တနင်္ဂနွေနေ့ကစပြီးတော့ မိုးမရွာတော့ဘူး။ နေလည်းထွက်ပါပြီ။ ဟားခါးကတော့ မြို့ဟောင်းရပ်ကွက်ဆိုရင် အားလုံးပျက်စီးသွားတယ်။ ဘာမှ ရစရာကို မရှိတော့ဘူး။ အလယ်တန်းကျောင်းဆောင်ဆိုလို့ရှိရင် နှစ်ခြမ်းကွဲသွားတယ်။ အဲဒီမြို့ဟောင်း ရပ်ကွက်မှာရှိတဲ့ ဟိုင်ကျလိုက် အ.မ.က ကျောင်းလည်း အကုန်လုံး ပျက်သွားပြီ။ ဘုန်းကြီးကျောင်းလည်း ပျက်သွားတယ်။ ဘုန်းကြီးကျောင်း အောက်မှာရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းလည်းပဲ အကုန်လုံးပျက်စီးသွားပြီ။ ၀င်ဖို့တောင်မှ မရတော့ဘူး။ အကုန်လုံး ပြိုကျမယ့် အခြေအနေ။ ပြီးတော့ ဟားခါးမြို့ပေါ်မှာလည်းပဲ ပျက်စီးတာပိုများတယ်။ ”

မေး။ ။ အခုက ရေက ကျသွားပြီးလား။
ဖြေ။ ။ “ရေကတော့ ကျသွားပြီ။ ”

မေး။ ။ ရွှေ့ပြောင်းထားတဲ့ လူတွေကတော့ သူတို့အိမ်မှာ သူတို့ ပြန်နေကြပြီလား။
ဖြေ။ ။ “သုံးပုံတပုံလောက်ကတော့ ပြန်နိုင်တဲ့အခြေအနေတွေရှိတယ်။ အိုးအိမ်လုံးဝမရှိတော့တဲ့ လူတွေကတော့ အဲဒီမှာ စခန်း ၆ ခုရှိတယ်။ အဲဒီ စခန်း ၆ ခုမှာပဲ လူမှုရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေကနေပြီးတော့ ထောက်ပံ့တဲ့ဟာနဲ့ပဲ စားသောက်နေရပါတယ်။ အခု ကျနော်တို့ဆိုလို့ရှိရင် ဆင်ထေပူ အထက (၁) နားမှာ ရှိတဲ့ အားကစားရုံမှာဆိုရင် အိမ်ခြေ ၇၂ ရှိတယ်။ လူဦးရေ ၃၆၀ ကျော်ရှိတယ်။ အဲဒီမှာ အစိုးရကနေပြီးတော့ ထောက်ပံ့တာက ဆန် ၁၃ အိတ်ပဲရှိသေးတယ်။ ဘာသာရေးအသင်းအဖွဲ့ကနေ ထောက်ပံ့တာ၊ လူမှုရေးအဖွဲ့အစည်းတွေ ကနေ ထောက်ပံ့တာဆိုလို့ရှိရင် ဆန် ၈ အိတ်ရှိတယ်။ ပိုက်ဆံနဲ့ဆိုရင် သိန်း ၂၀ လောက်ရှိ တယ်။ မာမီခေါက်ဆွဲတွေ၊ ငါးဗူးတွေနဲပဲ ကျနော်တို့ ဖြစ်တဲ့နည်းနဲ့ ချက်ကျွေးနေရတယ်။ ကျနော်တို့ စခန်းမှာ တခါချက်လို့ရှိရင် ဆန် ၂ အိတ်ခွဲချက်ရတယ်။ အဲဒါတောင်မှ ကလေးတွေဆိုရင် မ၀တ၀ဖြစ်ပြီး ငိုယိုပြီးတော့မှ နေကြတယ်။”

မေး။ ။ ဆိုတော့ အခုလောလောဆယ် ပျက်စီးမှုက ဘယ်လော်ကထိတောင်မှ များလဲရှင်။
ဖြေ။ ။ “ပျက်စီးမှုကတော့ ကျနော်တို့ အခု နေတဲ့ ရပ်ကွက်မှာဆိုရင်ရင် လုံးဝ ရာခိုင်နှုန်းအပြည့်ပဲ။ ကျန်တဲ့နေရာတော့မပြောတတ်ဘူး။ ကျနော်တို့က ဒုက္ခသည်စခန်းမှာ ရပ်မိရပ်ဖအနေနဲ့စေတနာနဲ့လုပ်ပေးနေတဲ့အခါကျတော့ တခြားနေရာကို လုံးဝမသွားနိုင်ဘူး။ သွားဖို့အချိန်မရှိဘူးဖြစ်နေတယ်။ ကျနော်တို့ ရပ်ကွက်က ဆင်ထေပူလို့ ခေါ်တယ်။ ”

မေး။ ။ တပ်မတော်ဘက်ကကော ဘာတွေ အကူအညီတွေလာပေးတာရှိလဲ။
ဖြေ။ ။ “ဒီနေ့အထိ ကျနော်တို့ကတော့ မတွေ့သေးဘူးခင်ဗျာ။ ”

မေး။ ။ ဆိုတော့ အန်ကယ်တို့အနေနဲ့ လောလောအကူအညီတောင်းရမယ်ဆိုရင် အရေးတကြီးအကူအညီအနေနဲ့ ဘာတွေများ တောင်းဆိုချင်လဲ။ ဘာတွေ လိုအပ်နေလဲရှင်။
ဖြေ။ ။ “ အခုလောလောဆယ် ဆန်တွေကတော့ ပို့ပေးပြီးလို့ သတင်းတော့ကြားတယ်။ ဒါပေမယ့် ကျနော်တို့ဆီကိုတော့ ဆန်တွေမရောက်လာသေးဘူး။ ဒီမနက် ပြည်နယ်အစိုးရကနေ လာလှူသွားတဲ့ ၁၀ အိတ်နဲ့ ဘာသာရေးအဖွဲ့ကနေ လာလှူတဲ့ ၁၀ အိတ်၊ လောလောဆယ် အဲဒါပဲ ရှိတယ်။ ဆန်ကအဓိကပဲ။ စားသောက်ဖို့ မီးဖိုချောင်ပစ္စည်းက အဓိကဖြစ်တယ်။ ပြီးတော့ ဆန်တွေက ဒီမြို့မှာ လုံးဝမရှိတော့ဘူး။ ကလေး-ဟားခါကား ဆန်သယ်တဲ့လမ်းကလည်း ပျက်သွားပြီ။ ကံကော - ဟားခါး ဆန်သယ်တဲ့လမ်းလည်း ပျက်သွားပြီ။. လောလောဆယ် ဦးတေဇကနေပြီး ဟားခါးကနေ ကလေးမြို့လမ်းကို တာဝန်ယူမယ်လို့ ပြောထားတယ်လို့တော့ သတင်းကြားတယ်။ ”

မေး။ ။ ဆိုတော့ အခု အဲဒီလမ်းတွေက လုံးဝ ပြန်မကောင်းသေးဘူးလား။
ဖြေ။ ။ “လမ်းကို ပျက်သွားတာ၊ ပျောက်သွားတာရှိတယ်။ ”

မေး။ ။ ဆိုတော့ ကျောင်းတွေဘာတွေကော ပြန်ဖွင့်နိုင်တဲ့အနေအထားရှိလား။
ဖြေ။ ။ “မရှိဘူးခင်ဗျာ။ လုံးဝမရှိဘူး။ ကျောင်းက ပြီးခဲ့တအပတ် ကြာသာပတေးနေ့ နေ့လယ်ပိုင်းလောက်ကစပြီး ကျောင်းတွေပိတ်တာ။ ဒီနေ့အထိပါပဲ။ နောက်ဆက်ပြီးတော့ ကျောင်းတက်နိုင်တဲ့ အလားအလာကတော့ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျောင်းမှာ ရွာအနီးနားက ကလေးတွေ တက်တဲ့လူက များတယ်။ အဲလိုဖြစ်တာနဲ့ မိဘတွေက လမ်းဆက်သွယ်လို့ရတဲ့နေရာ သူတို့သားသမီးတွေ အကုန်လုံး လာခေါ်သွားကြတယ်။”

မေး။ ။ အခုလောလောဆယ် ကျောင်းဘယ်နှစ်ကျောင်းလောက်ပိတ်ထားရလဲ။
ဖြေ။ ။ “ကျောင်းက တမြို့လုံး ပိတ်ထားတယ်။ ”

မေး။ ။ တခြားအန်ကယ်အနေနဲ့ မီဒီယာကနေ တဆင့် ပြည်သူတွေသိအောင် ဘာပြောချင်လဲ။
ဖြေ။ ။ “ကျနော်တို့ကတော့ ဘာပြောရမလဲတောင်မသိတော့ဘူး။ လိုအပ်ချက်က များလွန်းလို့လေ။ လောလောဆယ်က နေရာပြန်လည်ချထားရေးပဲ အထူးသဖြင့် လိုချင်တယ်။ အဲဒါ တတ်နိုင်လို့ရှိရင် ကူညီပေးမယ့် အဖွဲ့အစည်းရှိလို့ရှိရင်တော့ ဒီလို အစုအပေါင်းနဲ့ မနေဘဲနဲ့ နေဖို့အိပ်ဖို့ နေရာလေး။ အိမ်ရာလေးတခုလောက်တော့ နေရာချထားပေးနိုင်လို့ရှိရင် အဲဒါပဲ မျော်လင့်နေပါတယ်အခု။ ”

မေး။ ။ အခုလောလောဆယ် ရေကြီးမြေပြိုမှုကြောင့် အသေအပျောက်ဘယ်လောက်ရှိလဲ။
ဖြေ။ ။ “အခုလောလောဆယ်အထိကျတော့ အသေအပျောက်တော့မရှိဘူး။ အိမ်ပျက်တာကလွဲလို့ လူအသေအပျောက်ကတော့ တယောက်လေမှမကြားဘူး။”

မေး။ အခုတပတ်လောက်ရှီပြီဆိုတော့ ရာသီဥတုအခြေအနေကြောင့် ဖျားနာတာတွေ ရောဂါဖြစ်တာတွေကောရှိလား။
ဖြေ။ ။ “ဖျားနာတာက ကျနော်တို့စခန်းမှာဆိုရင် ၂ ယောက် အတွင်းလူနာနဲ့တင်ရတယ်။ တယောက်ကတော့ ဒီမနက် ဆင်းလာပြီ။ နောက်တယောက်ကတော့ နေကောင်းတဲ့ အခြေအနေရှိတယ်။ ကျန်းမာရေးအခြေအနေကတော့ ဒီလောက်ဆိုးဆိုးဝါးဝါး မကြုံရသေးပါဘူး ခင်ဗျာ။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013