DVB Logo
Home
ဆောင်းပါး
အမျိုးသမီးများ၏ ဥပဒေရေးရာ အခွင့်အရေးများကို မြှင့်တင်ခြင်း
DVB
·
June 14, 2011
Donate to DVB

အမျိုး​သမီး​များ​ရဲ့​ အခွင့်​အ​ရေး​တွေ၊​ လုပ်​ဆောင်နိုင်စွမ်း​တွေကို ပိတ်ပင်ထား​တဲ့​ အတား​အဆီး​တွေထဲမှာ ဥပ​ဒေ​ရေး​ အခွင့်​အလမ်း​တွေဟာ အဓိကကျပါတယ်။ အမျိုး​သမီး​တွေကို နှိမ့်​ချဆက်ဆံမှု၊​ အမျိုး​သမီး​များ​ ဆင်း​ရဲနွမ်း​ပါး​မှု၊​ အခမဲ့​စေခိုင်း​မှု၊​ ဥပ​ဒေ​ရေး​ရာ အခွင့်​အ​ရေး​တွေကို နား​မလည်တဲ့​ အမျိုး​သမီး​များ​ကို အနိုင်ကျင့်​စော်ကား​မှု စတာ​တွေဟာ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေမှာ ဖြစ်ပွား​နေဆဲပါပဲ။

အမျိုး​သမီး​အခွင့်​အလမ်း​တွေကို နှိမ့်​ချထား​တဲ့​ ဥပ​ဒေ​တွေ၊​ နိုင်ငံ​တော်ရဲ့​ တရား​စီရင်​ရေး​ကဏ္ဍချို့​ယွင်း​မှု​တွေ၊​ ဥပ​ဒေနဲ့​အညီ အ​ရေး​ယူ​ဆောင်ရွက်မှုပိုင်း​ဆိုင်ရာ အား​နည်း​ချက်​တွေဟာ အမျိုး​သမီး​အခွင့်​အလမ်း​တွေကို ကန့်​သတ်ထား​ကြပါတယ်။

ဒါ​ကြောင့်​လည်း​ ၂၀၀၂ ခုနှစ်က​နေ ၂၀၀၇ ခုနှစ်အကြား​ ငါး​နှစ်တာကာလအတွင်း​မှာ နိုင်ငံတကာ အဖွဲ့​အစည်း​တွေ၊​ အစိုး​ရ​တွေနဲ့​ ​ဒေသခံ အမျိုး​သမီး​အခွင့်​အ​ရေး​အဖွဲ့​တွေ ပူး​ပေါင်း​ပြီး​၊​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ ဆယ်နိုင်ငံမှာ အမျိုး​သမီး​တွေရဲ့​ ဥပ​ဒေအခွင့်​အလမ်း​ မြှင့်​တင်​ရေး​အစီအစဉ်​တွေ အ​ကောင်အထည်​ဖော်ခဲ့​ကြပါတယ်။ ဒီအစီအစဉ်​တွေမှာ ကဏ္ဍ သုံး​ခု ပါဝင်ခဲ့​ပါတယ်။ ပထမကဏ္ဍတခုက​တော့​ အမျိုး​သမီး​တွေရဲ့​ ဥပ​ဒေ​ရေး​ရာ အခွင့်​အလမ်း​တွေကို ကာကွယ်​စောင့်​ရှောက်​ပေး​တဲ့​ ဥပ​ဒေ​တွေ ပြဋ္ဌာန်း​ပေး​ဖို့​ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေဖြစ်တဲ့​ အယ်လ်​ဘေး​နီး​ယား​နိုင်ငံ၊​ မိုဇင်း​ဘတ်နိုင်ငံနဲ့​ ဘီနင်နိုင်ငံတို့​မှာ အ​ကောင်အထည်​ဖော်ခဲ့​ကြပါတယ်။ အယ်လ်​ဘေး​နီး​ယား​နိုင်ငံမှာ အမျိုး​သမီး​များ​အ​ပေါ် အိမ်တွင်း​ အကြမ်း​ဖက်မှုကို ကာကွယ်​စောင့်​ရှောက်​ပေး​တဲ့​ ဥပ​ဒေကို ပြဋ္ဌာန်း​ပေး​ဖို့​ အယ်လ်​ဘေး​နီး​ယား​ အမျိုး​သမီး​များ​က လက်မှတ်​ရေး​ထိုး​တောင်း​ဆိုမှုကို ပြုလုပ်ခဲ့​ကြပါတယ်။ နိုင်ငံထဲမှာရှိ​နေတဲ့​ အစိုး​ရမဟုတ်တဲ့​ အဖွဲ့​အစည်း​တွေ၊​ အမျိုး​သမီး​အခွင့်​အ​ရေး​လှုပ်ရှား​သူ​တွေဟာ နယ်အနှံ့​၊​ မြို့​အနှံ့​ကို သွား​ရောက်ပြီး​ လက်မှတ်များ​ စု​ဆောင်း​ခဲ့​ကြတာမှာ အယ်လ်​ဘေး​နီး​ယား​အမျိုး​သမီး​များ​က တခဲနက်အား​ပေး​လက်မှတ်​ရေး​ထိုး​ခဲ့​ကြပါတယ်။ ဒီလက်မှတ်​တွေကို အယ်လ်​ဘေး​နီး​ယား​ အစိုး​ရကို တင်ပြခဲ့​ကြတာ​ကြောင့်​ အယ်လ်​ဘေး​နီး​ယား​ ပါလီမန်က​နေ ဒီဥပ​ဒေကို ပြဋ္ဌာန်း​ပေး​လာခဲ့​ပါတယ်။

မိုဇင်ဘတ်နိုင်ငံမှာဆိုရင်လည်း​ အမျိုး​သမီး​တွေကို လူကုန်ကူး​တာနဲ့​ ပတ်သက်ပြီး​ ဥပ​ဒေတရပ် မရှိခဲ့​သေး​တာ​ကြောင့်​ နိုင်ငံတကာအဖွဲ့​အစည်း​တွေနဲ့​ ​ဒေသခံအမျိုး​သမီး​များ​ စု​ပေါင်း​ပြီး​ လူကုန်ကူး​မှုကို တား​မြစ်တဲ့​ ဥပ​ဒေတရပ် ​ပေါ်ထွန်း​လာ​အောင် ကြိုး​ပမ်း​ခဲ့​ကြပါတယ်။ ဘီနင်မှာဆိုရင်လည်း​ နှုတ်နဲ့​ဖြစ်​စေ၊​ ကိုယ်ထိ လက်​ရောက်ဖြစ်​စေ လိင်ပိုင်း​ဆိုင်ရာ ​စော်ကား​မှု​တွေကို တား​မြစ်တဲ့​ ဥပ​ဒေတရပ် ​ပေါ်ထွက်လာခဲ့​ပါတယ်။

အမျိုး​သမီး​များ​ရဲ့​ ဥပ​ဒေ​ရေး​ရာအခွင့်​အလမ်း​တွေကို မြှင့်​တင်​ရေး​ဆိုင်ရာ ဒုတိယကဏ္ဍတခုက​တော့​ ချမှတ်ပြဋ္ဌာန်း​ထား​တဲ့​ အမျိုး​သမီး​အခွင့်​အ​ရေး​ဥပ​ဒေ​တွေ ကျင့်​သုံး​ရေး​၊​ ဥပ​ဒေနဲ့​အညီ အ​ရေး​ယူ ​ဆောင်ရွက်နိုင်တဲ့​ အခွင့်​အလမ်း​တွေကို တိုး​မြှင့်​ပေး​ရေး​ပဲ ဖြစ်ပါတယ်။ အမျိုး​သမီး​တွေရဲ့​ အခွင့်​အ​ရေး​တွေကို ကာကွယ်​စောင့်​ရှောက်​ပေး​နိုင်ဖို့​၊​ အမျိုး​သမီး​ အခွင့်​အလမ်း​တွေ တိုး​မြှင့်​စေနိုင်ဖို့​ဆိုတာ ဥပ​ဒေတရပ် ပြဋ္ဌာန်း​ထား​ရုံနဲ့​ မလုံ​လောက်ပါဘူး​။ တရား​ရေး​ဆိုင်ရာ ဝန်ထမ်း​များ​အား​လုံး​က ဒီဥပ​ဒေကို လက်​တွေ့​နား​လည် ကျင့်​သုံး​မှု ပြုလုပ်ဖို့​ လိုအပ်လှပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ အယ်လ်​ဘေး​နီး​ယား​၊​ ဘီနင်၊​ ရဝမ်ဒါနိုင်ငံများ​မှာ တရား​ရေး​ဝန်ထမ်း​တွေ၊​ ​ရှေ့​နေ​တွေ၊​ ဥပ​ဒေ​လေ့​လာသူ​တွေကို အမျိုး​သမီး​ အခွင့်​အ​ရေး​ဥပ​ဒေ ကျင့်​သုံး​ရေး​ဆိုင်ရာနဲ့​ ပတ်သက်ပြီး​ ​လေ့​လာသင်ယူ​စေတဲ့​ သင်တန်း​ပေး​ လှုပ်ရှား​မှု​တွေ ​ပေါ်​ပေါက်လာခဲ့​ပါတယ်။ တက္ကသိုလ်၊​ ​ကောလိပ်​တွေက ဆရာ၊​ ဆရာမ​တွေက ဦး​ဆောင်ပြီး​ အမျိုး​သမီး​ အခွင့်​အ​ရေး​နဲ့​ ပတ်သက်တဲ့​ ဘွဲ့​တွေ၊​ ဒီပလိုမာ ပရိုဂရမ်​တွေကိုလည်း​ ​ဖော်ထုတ်ခဲ့​ကြပါတယ်။ ဥပ​ဒေ သင်ရိုး​ညွှန်း​တန်း​များ​မှာ အမျိုး​သမီး​တွေရဲ့​ ဥပ​ဒေအခွင့်​အလမ်း​ဆိုင်ရာ ဘာသာရပ်များ​ ထည့်​သွင်း​လာခဲ့​ကြပါတယ်။

နောက်ထပ်အ​ရေး​ပါတဲ့​ ကဏ္ဍတခုက​တော့​ အမျိုး​သမီး​များ​ ဥ​ပေ​ဒေ​ရေး​ဆိုင်ရာ အခွင့်​အလမ်း​တွေနဲ့​ ပတ်သက်ပြီး​ အရပ်ဘက်လူထုလူတန်း​စား​အဖွဲ့​အစည်း​တွေရဲ့​ အကြံ​ပေး​နိုင်မှု၊​ သင်တန်း​ပေး​နိုင်မှု၊​ အကူအညီ​ပေး​နိုင်မှု စွမ်း​ရည်ကို မြှင့်​တင်​ပေး​ရေး​ဖြစ်ပါတယ်။ ဘီနင်နိုင်ငံမှာဆိုရင် အရပ်ဘက်လူထု လူတန်း​စား​အဖွဲ့​အစည်း​တွေက​နေ ဦး​ဆောင်ပြီး​ သင်တန်း​မှူး​ တရာ​ကျော်က​နေ အမျိုး​သမီး​များ​ရဲ့​ ဥပ​ဒေ​ရေး​ဆိုင်ရာ အခွင့်​အလမ်း​တွေကို အမျိုး​သမီး​ တသိန်း​ကျော်ကို သင်တန်း​ပို့​ချ​ပေး​ခဲ့​ကြပါတယ်။ ​တောင်အာဖရိကနိုင်ငံများ​ဆိုရင်လည်း​ အမျိုး​သမီး​အဖွဲ့​အစည်း​များ​က ဦး​ဆောင်ပြီး​၊​ သိန်း​နဲ့​ချီတဲ့​ အမျိုး​သမီး​တွေကို ဥပ​ဒေ​ရေး​အခွင့်​အလမ်း​သင်တန်း​တွေ ပို့​ချ​ပေး​ခဲ့​ကြပါတယ်။

ဒါတင်မက​သေး​ပါဘူး​။ လူ့​အဖွဲ့​အစည်း​အတွင်း​မှာ အမျိုး​သမီး​များ​ရဲ့​ ဥပ​ဒေ​ရေး​ဆိုင်ရာ အခွင့်​အလမ်း​တွေကို ကျယ်ကျယ်ပြန့်​ပြန့်​ သိရှိနား​လည်လာ​စေ​ရေး​အတွက် စာနယ်ဇင်း​၊​ သတင်း​မီဒီယာ​တွေက​နေ တင်ပြမှု​တွေ၊​ အမျိုး​သမီး​အခွင့်​အ​ရေး​ဆိုင်ရာ ​ကြေညာစာတမ်း​ဖြန့်​ဝေမှု​တွေလည်း​ ပြုလုပ်လာခဲ့​ကြပါတယ်။

လူ့​အဖွဲ့​အစည်း​ဖွံ့​ဖြိုး​တိုး​တက်ဖို့​၊​ နိုင်ငံ​တော် စီး​ပွား​ရေး​ တိုး​တက်ဖို့​၊​ အလုပ်သမား​၊​ ​တောင်သူလယ်သမား​ လူထုလူတန်း​စား​မ​ရွေး​ သာတူညီမျှ ​ကောင်း​စား​ဖို့​၊​ ဆင်း​ရဲနွမ်း​ပါး​မှု ​လျော့​ကျ​စေဖို့​ စတဲ့​ ကဏ္ဍ​တွေအား​လုံး​မှာ အမျိုး​သမီး​များ​ရဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ အိမ်တွင်း​ရေး​ အခွင့်​အလမ်း​တွေ တိုး​မြင့်​လာဖို့​ လိုအပ်လှပါတယ်။ ဒီလိုတိုး​မြင့်​လာဖို့​ဆိုတာမှာလည်း​ ဥပ​ဒေအရ ကာကွယ်​စောင့်​ရှောက်မှု​တွေပါ ပါဝင်ဖို့​လိုအပ်ပါတယ်။ ဒီ​နေရာမှာ အမျိုး​သမီး​တွေရဲ့​ ဥပ​ဒေ​ရေး​ဆိုင်ရာ အခွင့်​အလမ်း​တွေကို ချမှတ်ပြဋ္ဌာန်း​ဖို့​ လိုအပ်သလို၊​ ဒီဥပ​ဒေအခွင့်​အလမ်း​တွေကို လူ့​အဖွဲ့​အစည်း​အတွင်း​က အမျိုး​သမီး​များ​အား​လုံး​ နား​လည်လာဖို့​လည်း​ လိုအပ်ပါတယ်။ ဒီအတွက် ဖွံ့​ဖြိုး​ဆဲနိုင်ငံများ​မှာ အမျိုး​သမီး​အခွင့်​အ​ရေး​ဆိုင်ရာ အရပ်ဘက် လူ့​အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ဖို့​ လိုအပ်ပါတယ်။ ဒီအဖွဲ့​အစည်း​တွေက​နေတဆင့်​ နိုင်ငံတကာ အမျိုး​သမီး​ အခွင့်​အ​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ပြီး​ အမျိုး​သမီး​များ​ရဲ့​ ဥပ​ဒေ​ရေး​အခွင့်​အလမ်း​ မြှင့်​တင်မှုအစီအစဉ်​တွေ အ​ကောင်အထည်​ဖော်လို့​ ရပါတယ်။

ဒါတင်မက​သေး​ပါဘူး​။ အမျိုး​သမီး​အခွင့်​အ​ရေး​ဆိုင်ရာ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေက ဦး​ဆောင်ပြီး​ ဥပ​ဒေချမှတ်ပြဋ္ဌာန်း​နိုင်ဖို့​ စည်း​ရုံး​လှုံ့​ဆော်မှု​တွေ ပြုလုပ်တာ၊​ လက်မှတ်​ရေး​ထိုး​ကမ်ပိန်း​တွေ ပြုလုပ်တာ​တွေကို ကျယ်ကျယ်ပြန့်​ပြန့်​ချဲ့​ထွင်နိုင်ပါတယ်။ တက္ကသိုလ်၊​ ​ကောလိပ် ပညာ​ရေး​ ဝန်ထမ်း​များ​ကလည်း​ အမျိုး​သမီး​အခွင့်​အ​ရေး​ သင်တန်း​တွေ ပို့​ချတာ၊​ သင်ရိုး​ညွှန်း​တန်း​တွေမှာ ထည့်​သွင်း​တာ​တွေကို ဦး​ဆောင် ​ဆွေး​နွေး​ပြုလုပ်ခြင်း​နဲ့​ အမျိုး​သမီး​အခွင့်​အလမ်း​တွေကို မြှင့်​တင်​ပေး​နိုင်ပါတယ်။

လက်တင်အ​မေရိကမှာဆိုရင် အာဏာရှင်လက်​အောက်မှာ စုဖွဲ့​ပေါ်ထွက်လာခဲ့​တဲ့​ အမျိုး​သမီး​အခွင့်​အ​ရေး​ဆိုင်ရာ အရပ်ဘက် လူ့​အဖွဲ့​အစည်း​တွေဟာ ဒီမိုက​ရေစီစနစ် အသွင်ကူး​ပြောင်း​ရေး​ ဖြစ်စဉ်ကိုပါ ပံ့​ပိုး​ပေး​နိုင်ခဲ့​ကြပါတယ်။ အမျိုး​သမီး​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေ တဖြည်း​ဖြည်း​ စုဖွဲ့​မိရာက​နေ ဒီမိုက​ရေစီအသွင် ကူး​ပြောင်း​မှုအတွက် နိုင်ငံ​ရေး​နေရာ ကျယ်ပြန့်​လာခဲ့​ပါတယ်။ အမျိုး​သမီး​များ​က​နေတဆင့်​ လူ့​အဖွဲ့​အစည်း​အတွင်း​ ညီညွတ်မှုကို တည်​ဆောက်လာနိုင်ခဲ့​ပါတယ်။ အိမ်တွင်း​အကြမ်း​ဖက်မှုပ​ပျောက်​ရေး​ လှုပ်ရှား​မှုက​နေ အိမ်တွင်း​ဒီမိုက​ရေစီ ကျင့်​သုံး​မှု စတင်လာခဲ့​ပါတယ်။ အမျိုး​သမီး​များ​ရဲ့​ ဥပ​ဒေ​ရေး​ရာ အခွင့်​အလမ်း​တောင်း​ဆိုမှု​တွေက​နေ လူ့​အဖွဲ့​အစည်း​တခုလုံး​ရဲ့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​မှုကို တိုး​မြင့်​ ​ပေး​ခဲ့​ပါတယ်။ လူ့​အခွင့်​အ​ရေး​ဆိုတာကလည်း​ အမျိုး​သမီး​၊​ အမျိုး​သား​အား​လုံး​ရဲ့​ အခွင့်​အ​ရေး​ဖြစ်တာမို့​ လူ့​အခွင့်​အ​ရေး​ အပြည့်​အဝ ရရှိ​ရေး​ဆိုတာမှာ အမျိုး​သမီး​အခွင့်​အ​ရေး​များ​ ရရှိဖို့​ကလည်း​ အ​ရေး​ကြီး​ပါတယ်။

ဒါ​ကြောင့်​ အမျိုး​သမီး​များ​ရဲ့​ ဥပ​ဒေ​ရေး​ဆိုင်ရာ အခွင့်​အ​ရေး​များ​ကို မြှင့်​တင်​ပေး​ခြင်း​ဟာ တရား​မျှတမှု၊​ လွတ်လပ်မှု၊​ ညီမျှမှုရှိတဲ့​ လူ့​ဘောင်တရပ် ​ပေါ်ထွန်း​ရေး​အတွက် အ​ရေး​ကြီး​လှပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013