ယူကရိန်းကို စစ်ရေးအကူအညီပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေဆီကနေ ပြန်တောင်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
Truth ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်က ယူကရိန်းနဲ့ NATO ကို ဒေါ်လာဘီလီယံ ရာနဲ့ချီပြီး အလကား ပေးခဲ့တယ်လို့ ဖော်ပြထားပြီး အမေရိကန်က အဲဒီငွေတွေ ပြန်တောင်းမယ်လို့ ရေးထားပါတယ်။
ထရမ့်ပ်ရဲ့ ရေးသားချက်ထဲမှာ အီရန်ကို စစ်ပွဲဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ ခဲယမ်းမီးကျောက် အရေအတွက် နည်းပါးလာတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ဖို့ကို ငြင်းထားတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
“ဘိုင်ဒင်အစိုးရအဖွဲ့က ယူကရိန်းကို အလကားထောက်ပံ့ပေးခဲ့တာတွေက အီရန်စစ်ပွဲမှာသုံးတဲ့ ခဲယမ်းပမာဏထက် အများကြီး ပိုများပါတယ်” လို့ ထရမ့်ပ်က ထည့်သွင်းရေးသားထားပါတယ်။
ဒါ့အပြင် ထရမ့်ပ်ဟာ ကြာသပတေးနေ့က ရုပ်သံအင်တာဗျူးတခုမှာ အီရန်အရေးနဲ့ပတ်သက်ပြီး သူက မှန်တာကို လုပ်ခဲ့တာလို့ ဖြေကြားခဲ့ပါသေးတယ်။
“လူတွေက မေးကြတယ်။ အီရန်ကိုစစ်တိုက်တာ ပျော်လားပေါ့။ အီရန်ရဲ့ နျူကလီးယားလက်နက် ကြိုးပမ်းမှုကို ရပ်တန့်ခဲ့တယ်လို့ သေချာပေါက် ကျနော်ပြောပါတယ်။ အဲလိုမလုပ်ဘူးဆိုရင် အီရန်ကို ဆရာလို့ ခင်ဗျားလူတွေ ခေါ်နေရလိမ့်မယ်။ မှန်ကန်တဲ့လုပ်ရပ်ကို ကျနော်လုပ်ခဲ့တာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။
အီရန်မင်္ဂလာဆောင်တခုကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူတွေ သေဆုံးခဲ့ပြီး ဝမ်းနည်းပူဆွေးတဲ့ သတင်းတွေ တက်လာပြီးတဲ့နောက် ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။
ပြီးတော့ သူက လတိုင်း လူ ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ကျော် သေနေတဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ် စေချင်ခဲ့တဲ့အကြောင်း ပြောခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ယူကရိန်းစစ်ပွဲက ဘာတွေခက်နေတာလဲဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို သမ္မတပူတင်နဲ့ သမ္မတ ဇလန်းစကီးတို့ အချင်းချင်းမုန်းနေကြတာလို့ ထရမ့်ပ်က ဖြေခဲ့ပါတယ်။
လက်ရှိအချိန်မှာ အီရန်က ကူဝိတ်နိုင်ငံမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီး စစ်ပွဲက ပိုပြီး ကျယ်လာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အမေရိကန်စစ်တပ်ကတော့ အီရန်ရဲ့ သတင်းတွေကို သိရှိကြောင်းနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဘယ်တော့မှမလုပ်ဘူးလို့ ဆိုပါတယ်။
Source: Reuters











