DVB Logo
Home
နိုင်ငံရေး
အန်အယ်လ်ဒီ နိုင်ငံရေးသိပ္ပံသင်တန်း ရက်ရွှေ့ဆိုင်း
DVB
·
June 10, 2011
Donate to DVB

ဒီလအတွင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ဖွင့်​လှစ်ဖို့​ပြင်ဆင်ထား​တဲ့​ နိုင်ငံ​ရေး​သိပ္ပံသင်တန်း​ကို ရက်​ရွှေ့​ဆိုင်း​လိုက်​ကြောင်း​ အဖွဲ့​ချုပ်က ထုတ်ပြန်​ကြေညာ လိုက်သလို အလား​တူသင်တန်း​မျိုး​ဖွင့်​လှစ်ဖို့​ရှိ​နေတဲ့​ ​ဗေဒါသင်တန်း​ကျောင်း​က သင်တန်း​က​တော့​ အစီအစဉ် ပျက်သွား​တယ်လို့​ သိရပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ဒီလ ၂၀ ရက်​နေ့​က​နေ စတင်ပြီး​ ၂၈ ရက်​နေ့​အထိဖွင့်​လှစ်ဖို့​ ရှိ​နေတဲ့​ နိုင်ငံခြား​ပညာရှင်​တွေ သင်ကြား​ပို့​ချမယ့်​ နိုင်ငံ​ရေး​သိပ္ပံသင်တန်း​ကို လာမယ့်​ ဇူလိုင်လကျမှ ဖွင့်​လှစ်နိုင်​တော့​မယ့်​အ​ကြောင်း​ အဖွဲ့​ချုပ်က ဒီက​နေ့​မှာ ထုတ်ပြန်​ကြေညာလိုက်တာပါ။

ဒီလို ထုတ်ပြန်လိုက်တာကို အဖွဲ့​ချုပ် ဗဟိုပြန့်​ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က အခုလို ​ပြောပြပါတယ်။

“ဒီလ ၂၀ ရက်​နေ ၂၈ ရက်အထိ ဖွင့်​ဖို့​ ပြင်ထား​တဲ့​ Political Science သင်တန်း​ကို ​ရှေ့​လထဲကို ရက်​ရွေ့​လိုက်​ကြောင်း​ ရုံး​က ​ကြေညာချက် ထုတ်တယ်။ အ​ခြေအ​နေအရ ရက်​ရွေ့​လိုက်တယ်တဲ့​၊​ ​နောက်ကို ရက်ကို သီး​ခြား​ထပ် ပြီး​တော့​ အ​ကြောင်း​ကြား​မယ်လို့​ အဲဒီလို ​ဖော်ပြထား​ပါတယ် ဒါပါပဲ။”

ဘာ​ကြောင့်​ အခုလို ​ရွှေ့​ဆိုင်း​လိုက်ရတယ်ဆိုတာကိုလည်း​ ဦး​အုန်း​ကြိုင်က အခုလို ရှင်း​လင်း​ပြောကြား​ပါတယ်။

“ကျ​နော်တို့​ ရုံး​မှာပဲ လုပ်မှာဆို​တော့​ ​နေရာထိုင်ခင်း​ကလည်း​ အခြား​အလုပ်​တွေ ကလည်း​ ​တောက်​လျှောက်​ပေါ့​ဗျာ အ​တော်များ​နေတယ်။ ပြီး​တော့​ ​နောက်တခုက ကျ​နော်တို့​က တခါ ပို့​ချမယ့်​ ပညာရှင်​တွေကလည်း​ သူတို့​ သက်ဆိုင်ရာ လုပ်ငန်း​ဌာန အသီး​သီး​မှာ ပထမ ကျ​နော်တို့​နဲ့​ ကြိုတင်ညှိနှိုင်း​ပြီး​တော့​ ထား​တဲ့​ ရက်​တွေမှာ သူတို့​က အ​ကြောင်း​ မညီညွတ်လို့​ သူတို့​မှာ လုပ်စား​လုပ်ကိုင်​တွေ များ​နေတယ် ဘာညာဆို​တော့​ သူတို့​လည်း​ပဲ မစုံမလင်​ပေါ့​ဗျာ အဲဒီလို ဖြစ်သွား​တယ်။ ဖြစ်သွား​တော့​ ကျ​နော်တို့​က ကဲ ကျ​နော်တို့​ ဒီဘက်ကလည်း​ပေါ့​ဗျာ တခြား​ပြင်ဆင် စရာ​တွေ ရှိတယ်။ အဲဒီ လုပ်ငန်း​တွေလည်း​ ရှိ​တော့​ အဲဒါနဲ့​ပဲ အချိန်ရ​အောင် ဆိုပြီး​တော့​ ရက်​ရွှေ့​လိုက်တာပါ။”

နိုင်ငံ​ရေး​သိပ္ပံသင်တန်း​ကို ​ဟောင်​ကောင် စီး​တီး​တက္ကသိုလ်ရဲ့​ အာရှနှင့်​ နိုင်ငံတကာ​လေ့​လာ​ရေး​ဌာနက တွဲဖက်ပါ​မောက္ခ ​ဒေါက်တာ​ကျော်ရင်လှိုင်က ဦး​ဆောင်ပြီး​ သင်ကြား​ပို့​ချမယ့်​ ဆရာ​တွေကို ဖိတ်​ခေါ်ကာ ဒီလထဲမှာ အဖွဲ့​ချုပ်၊​ ​ဗေဒသင်တန်း​ကျောင်း​နဲ့​ Myanmar Egress တို့​မှာ ဖွင့်​လှစ်ဖို့​ အစီအစဉ် ရှိ​နေတာလည်း​ ဖြစ်ပါတယ်။

အဲ့​ဒီထဲက ​ဗေဒါသင်တန်း​ကျောင်း​မှာ ပို့​ချမယ့်​ အစီအစဉ်က​တော့​ စီစဉ်သူ​တွေဘက်က ဖျက်ပစ်လိုက်ပြီး​ အဖွဲ့​ချုပ်က သင်တန်း​ကို​တော့​ ​ရွှေ့​ဆိုင်း​ထား​တာလည်း​ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ မူလအစီအစဉ်​တွေထဲက Myanmar Egress မှာ​တော့​ ဒီလ ၆ ရက်​နေ့​က စတင်ပြီး​ ဖွင့်​လှစ်ပို့​ချ​ပေး​နေပြီဖြစ်ပါတယ်။

ဒီအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ​ဗေဒါ​ကျောင်း​တာဝန်ခံ ကိုမျိုး​ရန်​နောင်သိန်း​က အခုလို ဆိုပါတယ်။

“ဆရာ​ကျော်ရင်လှိုင်က ကျ​နော့်​ကို ပျက်သွား​တယ် ဆိုတဲ့​အ​ကြောင်း​ ​ပြောတယ်။ ဖိအား​ပေး​ခံရတဲ့​ ပုံသဏ္ဌာန် ​ပြောတယ်။ တိတိပပကြီး​ တိတိကျကျ ကျ​နော်တို့​ကို ​ပြောတာမျိုး​ မရှိဘူး​။ ဘယ်အချက်​ကြောင့်​ ဘယ်အချက်​ကြောင့်​ ​ပြောတာမျိုး​ မရှိဘူး​။ မလုပ်ဖြစ်​တော့​ဘူး​ပေါ့​ ရှင်း​ပြချက်​တွေက ​ဝေဝါး​နေတယ်။ ကျ​နော် ​ကောက်ချက်ချလို့​ ရတာက​တော့​ အဖွဲ့​ချုပ်မှာ ပယ်ဖျက်တယ်ဆိုရင် အာဏာပိုင်​တွေ ဖိအား​မ​ပေး​တာ ​သေချာတယ်။ Egress က​နေပြီး​တော့​ ​ဗေဒါမှာ သင်တာ မကြိုက်လို့​ သူ့​ကို ကန့်​ကွက်လို့​ ဆရာ​ကျော်ရင်လှိုင်က cancel လုပ်လိုက်ရတယ်၊​ ဖျက်သိမ်း​လိုက်ရတယ်လို့​ မှတ်ချက် ချလို့​ မှာ​ပေါ့​နော်။ အကယ်၍ အဖွဲ့​ချုပ်မှာ မသင်ဖြစ်​တော့​လို့​ရှိရင်​တော့​ ဒါအာဏာပိုင်​တွေ ဖိအား​ပေး​တာလို့​ ကျ​နော်တို့​ ​ပြောလို့​ ရတယ်။”

ဒီသင်တန်း​တွေကို ဦး​ဆောင်စီစဉ်​ပေး​နေတဲ့​ ​ဟောင်​ကောင်စီး​တီး​တက္ကသိုလ်ရဲ့​ အာရှနှင့်​ နိုင်ငံတကာ​လေ့​လာ​ရေး​ဌာနက တွဲဖက်ပါ​မောက္ခ ​ဒေါက်တာ ​ကျော်ရင်လှိုင်ဟာ ဂျာမနီအပါဝင် EU ဥ​ရောပသမဂ္ဂအဖွဲ့​ဝင် နိုင်ငံ​တွေရဲ့​ ​ငွေ​ကြေး​အကူအညီ​တွေနဲ့​ ထူ​ထောင်ထား​တဲ့​ Myanmar Egress ရဲ့​ ဒါရိုက်တာအဖွဲ့​ဝင် တဦး​လည်း​ ဖြစ်ပါတယ်။

ဒါ့​အပြင် The Voice ဂျာနယ်နဲ့​ Living Colour မဂ္ဂဇင်း​တို့​ရဲ့​ အမှု​ဆောင်အရာရှိချုပ် ​ဒေါက်တာ​နေဝင်း​မောင်နဲ့​လည်း​ ပုဂ္ဂိုလ်​ရေး​အရပါ ရင်း​နှီး​သူတဦး​လည်း​ ဖြစ်ပါတယ်။

သူဦး​ဆောင်ပြီး​ ပို့​ချမယ့်​ နိုင်ငံ​ရေး​သိပ္ပံသင်တန်း​တွေမှာ​တော့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေနဲ့​ သက်ဆိုင်တဲ့​ဥပ​ဒေ​တွေ ဥပ​ဒေ​ကြောင်း​ဆိုင်ရာ ဆင်ခြင်​တွေး​ ​ခေါ်ပုံများ​၊​ သု​တေသနထုံး​၊​ အ​ရှေ့​တောင်အာရှနိုင်ငံ​တွေရဲ့​ နိုင်ငံတကာဆက်ဆံ​ရေး​၊​ နိုင်ငံ​ရေး​အသွင်ကူး​ပြောင်း​မှုဆိုင်ရာ သီအိုရီများ​၊​ ​ကောင်း​မွန်​သောအုပ်ချုပ်​ရေး​စနစ်ရဲ့​ အ​ခြေခံများ​စတဲ့​ ​ခေါင်း​စဉ်​တွေနဲ့​ ပို့​ချသွား​မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013