
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ တရားမဝင် ခရီးသွားလုပ်ငန်းနဲ့ ဧည့်လမ်းညွှန်အလုပ် လုပ်ကိုင်နေတဲ့ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားတယောက် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့နဲ့ ခရီးစဉ်ဝန်ဆောင်မှုပေးကြောင်း မြန်မာနိုင်ငံသား တယောက်က လူမှုကွန်ရက်မှာ ကြော်ငြာနေတာကြောင့် မြောက်ပိုင်းဒေသ ခရီးသွားလုပ်ငန်းနဲ့ ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့က သူ့နောက်ကို နောက်ယောင်ခံပြီး လိုက်လံစုံစမ်းနေခဲ့တယ်။
ဩဂုတ် ၂၅ ရက်မှာ သူဟာ ဧည့်သည် ၂ ယောက်ကို ဟိုတယ်တခုမှာ ကားနဲ့သွားကြိုပြီး ချင်းမိုင်ရှိ နာမည်ကြီး ဘုရင်ကြီးပန်းခြံ၊ ဒွိုင်ခမ်းစံပယ်ပန်းဘုရား၊ ခန့်ဝပ်ရွာ၊ လုပ်မူရီစေတီနဲ့ ထာ့ဖဲဂိတ်တွေ လိုက်ပို့ခဲ့တယ်။ အဆိုပါဧည့်သည်တွေကို လည်ပတ်နေရာ အကြောင်းအရာတွေ ရှင်းပြပြီး အမှတ်တရ ဓာတ်ပုံတွေပါ ရိုက်ပေးနေခဲ့ပါတယ်။
ထာ့ဖဲဂိတ်မှာ အရပ်ဝတ် စုံထောက်တွေက ဧည့်သည် ၂ ယောက်ကို မေးမြန်းရာမှာ ဧည့်လမ်းညွှန်နဲ့ အသိမိတ်ဆွေမဟုတ်ဘဲ လူမှုကွန်ရက်မှာ ခရီးသွားပက်ကေ့ချ် ကြော်ငြာထားတာ တွေ့လို့ ဆက်သွယ်ခဲ့ကြောင်း၊ ဟိုတယ်ခန်းခ၊ ကားကြိုပို့နဲ့ လမ်းညွှန်ခ အပြီးအစီး ပက်ကေ့ချ်တစုံကို ဘတ် ၁၂,၇၀၀ နှုန်း ကျသင့်တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့တယ်လီဖုန်းတွေ စစ်ဆေးရာမှာ လည်ပတ်မဲ့အကြောင်း အပြန်အလှန် ပြောဆိုနေတာ၊ ဝန်ဆောင်ခ ငွေလွှဲထားတဲ့ သက်သေတွေပါ တွေ့ရှိတယ်။
ခရီးသည်လိုက်ပို့နေသူမှာ မြန်မာနိုင်ငံသားဖြစ်သလို ခရီးသည် ၂ ယောက်လုံးမှာလည်း မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဧည့်လမ်းညွှန်ရဲ့ အထောက်အထားတွေ စစ်ဆေးရာမှာ ခရီးသွားလုပ်ငန်းလိုင်စင်မရှိ၊ ဧည့်လမ်းညွှန်လိုင်စင် မရှိတာကြောင့် သူ့ကို ချင်းမိုင် မြို့မရဲစခန်းကို ပို့ဆောင်ပြီး ခွင့်ပြုချက်မရဘဲ ခရီးသွားလုပ်ငန်း လုပ်ဆောင်မှု၊ ခွင့်ပြုချက်မရှိဘဲ ဧည့်လမ်းညွှန် လုပ်ဆောင်မှု၊ နိုင်ငံခြားသား လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်မှာ ဝင်ရောင်လုပ်ကိုင်မှု စတဲ့ ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းဥပဒေအရ ဧည့်လမ်းညွှန်အလုပ်မှာ ထိုင်းနိုင်ငံသားတွေအတွက်သာ သီးသန့် ကန့်သတ်ထားတဲ့ အလုပ်အကိုင် ဖြစ်တယ်၊ နိုင်ငံခြားသားတွေ တရားမဝင် လုပ်ကိုင်တာဟာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ကို လုယူရုံတင်မကဘဲ ခရီးသွားတွေရဲ့ စံချိန်စံညွှန်းနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတယ်လို့ တာဝန်ရှိသူတွေက သတိပေး ပြောဆိုပါတယ်။
နောက်ပိုင်းမှာလည်း တရားဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအတွက် တရားမျှတမှုရှိစေဖို့ အွန်လိုင်းနဲ့ အပြင်လောက နှစ်ခုလုံးက တရားမဝင် ခရီးသွားကြော်ငြာနေတဲ့ စာမျက်နှာတွေကို တင်းကျပ်စွာ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။
Source: JoCho News / CH7 HD News











