DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
မုန်းတမံ အခြေအနေ ဆည်မြောင်းဦးစီးကို မေးမြန်းချက်
DVB
·
July 31, 2015
မုန်းတမံ အခြေအနေ ဆည်မြောင်းဦးစီးကို မေးမြန်းချက်
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်မှာရှိတဲ့ မုန်းရေတမံဟာ မုန်တိုင်းကြောင့် မိုးများပြီး ရေလွှဲပေါက်က ရေလျံခဲ့တာဖြစ်ပြီး ရေပြန်ကျတော့မယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ တမံဟာရေလှောင် ပမာဏ (၄၆၀)ဧကပေဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန်လိုအပ်မှု ၁ ဒသမ၀၀ ပေ ရှိတယ်လို့ ဖော်ပြပါတယ်။

မုန်းတမံရေလွဲပေါက်က ရေတွေဟာ စေတုတ္ထရာမြို့ ပွင့်ဖြူမြို့တွေဘက်ကို စီးဆင်းပြီး လူနေအိမ်ခြေတွေ နစ်မြုပ်နေပြီး ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေချိန်ဖြစ်ပါတယ်။

မုန်းတမံအခြေအနေနဲ့ နောက်ဆုံးအခြေအနေသိရအောင် ဆည်မြောင်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်ဇောကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

“မုန်းနဲ့ပတ်သက်ပြီးတော့ လောလောဆယ် မုန်းကတော့ ရေတွေတော်တော်များနေပါတယ်။ များနေပေမယ့်လို့ ဆည်ကို ရေကျော်တဲ့အဆင့်တို့ ဘာတို့ မရောက်သေးပါဘူး။ သူ့ဘာသူ ရေပိုလွှဲက ထွက်နေတာဖြစ်ပါတယ်။ ရေပိုလွှဲဆိုတာကလည်း ကျနော်တို့ တောက်လျှောက်လည်း သတင်းစာမှာရေးတယ်။ ရေပိုလွှဲက ထွက်တဲ့ေ ရများနေတာဖြစ်ပါတယ်။ ကျနော်တို့ ဆည်ဖောက်ချတာလည်း မဟုတ်ပါဘူး။ ဆည်ကိုလည်း ရေမကျော်ပါဘူး။ ဆည်ကိုရေကျော်ဖို့လည်း ၅ ပေကျော်လောက်လိုပါသေးတယ်။ လက်ရှိအခြေအနေမှာလည်း မိုးက မနေ့က မုန်တိုင်းဝင်သွားပြီဖြစ်တဲ့အတွက် ၀င်တဲ့ရေပမာဏလည်း လျော့သွားပါပြီ။ ရေပြန်ကျဖို့ပဲရှိပါတယ်။”

အခုကျမတို့ကြားတာ မုန်းဆည်က ရေကျော်ဖို့က ၄ ပေလောက်ပဲလိုတယ်ဆိုတော့။

“ဟုတ်တယ် ၄ ပေကျော်လောက်လိုတယ်။ ဒါပေမယ့် အခု တန့်သွားပါပြီ။ အဲတော့ ရေပိုလွှဲကလည်း ထွက်နေပါတယ်။ နောက်တခါ ၄ ပေလောက်လိုလာပြီဆိုရင် ကျနော်တို့ အရေးပေါ် ရေပိုလွှဲဖောက်ဖို့လည်း အစီစဉ်ရှိပါတယ်။ ဒါပေမယ့် လောလော်ဆယ် မဖောက်သေးပါဘူး။ ဖောက်စရာလည်း မလိုသေးပါဘူး။ ရေက တန့်ပြီးတော့ ပြန်ကျသွားဖို့ အခြေအနေ ရောက်သွားပါပြီ။”

တချို့လူတွေက ဆည်ကျိုးကျမှာ စိုးရိမ်နေကြပါတယ်။

“ဟုတ်ပါတယ်။ အဲဒါကတော့ ထုံးစံအတိုင်းပေါ့။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ သတင်းစဉ်နဲ့ညှိပြီးတော့ သတင်းစာထဲမှာ ကျနော်တို့ ထည့်ပေးပါမယ်။”

တခြားဆည်တွေကတော့ ဘာတွေ ထူခြားမှုတွေရှိသေးလဲ။

“တခြားဆည်ကတော့ ကျနော်တို့ အခု လောလောဆယ်အခြေအနေကတော့ အဲလို ရေပိုလွှဲက ရေကျော်တယ်ဆိုတာ ကျနော်တို့ တတိုင်းပြည်လုံးမှာ ၄၃ ခု ကျော်နေပါတယ်။ ဒါပေမယ့် မုန်းကတော့ အများဆုံးပေါ့နော်။ ကျန်တဲ့ဟာတွေကတော့ ၂ ပေကျော်တာ၊ ၁ ပေကျော်တာပေါ့နော်။ ရန်ကုန်က ငမိုးရိတ်ဆိုတာကလည်း ရေပိုလွှဲရေကျော်တာပဲ။ ဒါဖြစ်ရိုးဖြစ်စဉ်ပဲ။ ကျနော်တို့ ဆည်ဆောက်ကတည်းက ရေပိုလွှဲဆိုတာ ဆောက်ထားတယ်။ အဲလို ရေများတဲ့အချိန်မှာ ကျော်ဖို့ ထည့်ဆောက်ထားတာ။ ဒါကတော့ ရေပိုလွှဲရေကျော်တယ်ဆိုတာ ကျော်ကို ကျော်မှာပဲ။ ပိုတဲ့ရေကို ထုတ်ဖို့ ဆောက်ထားတာ။”

ဒါနှစ်စဉ်ဖြစ်တာလား။ ဒီနှစ်က ပိုဆိုးတယ်လို့ ပြောလို့ရမလား။

“ဒီနှစ်က ပိုဆိုးပါတယ်။ ဒီနှစ်က မကြုံဖူးတဲ့နှစ်ပါ။ မုန်းဆိုရင် အမြင့်ဆုံး တက်ဖူးတာ ပေ ၂၀ ပါ။ အခုနှစ်က ၃၅ ပေတက်ပါတယ်။ ”

ကလေးမြို့ဘက်မှာအရင်တုန်းက ဒီနှစ်လို တခါမှ ရေမကြီးဖူးဘူးလို့ ပြောပါတယ်။

“ဟုတ်တယ်။ မှန်ပါတယ်။ အခုဟာကတော့ ဒီကိုမုန်တိုင်း လာခင်တပတ်လောက်ကတည်းက ကြိုရွာနေတယ်။ မုန်သုံလေအားကောင်းပြီးတော့။ အဲဒီမှာတင် အောက်ကရေက များလာတဲ့အချိန်မှာ မုန်တိုင်းဝင်တော့ မိုးဝင်လာတယ်။ ကျနော်တို့ အခုသတင်းစာမှာ ထည့်ပါမယ်။

“ကလေးအခြေအနေက ကလေးမှာ ရာဇဂြိုဟ်ဆည်ဆိုတာ ရှိပါတယ်။ ရာဇဂြိုဟ်ဆည်က သူ့ဘာသူ လှောင်ထားပါတယ်။ ရာဇဂြိုဟ်ဆည်ကပိုတဲ့ရေကြောင့် ကလေးမြို့ရေကြီးတာမဟုတ်ပါဘူး။ ကလေးက ချင်းတောင်မှာရွာတဲ့မိုးကြောင့် မြုပ်တာပါ။ ကျနော်တို့ ဆည်နဲ့မဆိုင်ပါဘူး။ ချင်းတောင်မှာ မနေ့ကမိုးဟာ ဟားခါးတို့ဘာတို့မှာ ၇ လက်မပါ။ ကန်ပက်လက်မှာ ၁၁ လက်မ လောက်ရှိပါတယ်။ အဲဒီရေတွေက ကျနော်တို့ ဆည်နဲ့လည်း မဆိုင်ဘူး။ ဆည်ထဲလည်းမ၀င်ဘူးခင်ဗျာ။ သူဘာသူ ချင်းတောင်ကကျလာပြီး ကလေးမြို့ရေမြုပ်နေတာပါ။ အဲဒါလေးတော့ ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။ ရာဇဂြိုဟ်ကလည်း ရေများနေပါတယ်။ ဒါပေမယ့် သူက မုန်းလို့မများပါဘူး၊ သူကရေ ၈ ပေလောက်ပဲ ကျော်ပါသေးတယ်။ နောက်တခုက ရာဇဂြိုဟ်က ၄ နာရီကို ၆ လက်မလောက် ပြန်ကျသွားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013