DVB Logo
Home
လူမှုရေး
ကျန်ရစ်သူ ရေလုပ်သား မိသားစုများကို ငွေကြေးထောက်ပံ့
DVB
·
June 10, 2011
Donate to DVB

လွန်ခဲ့​တဲ့​မတ်လတုန်း​က မုန်တိုင်း​မိပြီး​ ​သေဆုံး​ပျောက်ဆုံး​ရတဲ့​ ​ရေလုပ်သား​တွေအတွက် လုပ်ငန်း​ရှင်​တွေက စု​ပေါင်း​ထည့်​ဝင်ပြီး​ မိသား​စုတစုကို ကျပ်​ငွေ တသိန်း​ခွဲစီ ​ထောက်ပံ့​ပေး​အပ်တယ်လို့​ ဖျာပုံမြို့​က စီး​ပွား​ရေး​သမား​တဦး​က ​ပြောပါတယ်။

မတ်လမုန်တိုင်း​မှာ ဖျာပုံနဲ့​ ဘိုက​လေး​မြို့​နယ်ထဲက ​ရေလုပ်သား​ တ​သောင်း​ကျော် ပင်လယ်ထဲ ​မျောပါခဲ့​တဲ့​အနက် စာရင်း​ကောက်ယူရရှိမှုအရ ​ပျောက်ဆုံး​သေဆုံး​ ၆၀၀ ခန့်​ကို သတ်မှတ်အတည်ပြုထား​တာဖြစ်ပြီး​ ​ထောက်ပံ့​ပေး​တာ ဖြစ်ပါတယ်။

ဒီစာရင်း​ပေါက် ၆၀၀ အနက် သီရိလင်္ကာနိုင်ငံမှာ ​ရောက်ရှိ​သောင်တင်တဲ့​ မြန်မာ​ရေလုပ်သား​ ၁၃၀ ခန့်​ ရှိတယ်လို့​ သီရိလင်္ကာအစိုး​ရက အ​ကြောင်း​ကြား​ လာတာ​ကြောင့်​ လူ​ပေါင်း​ ၄၇၀ ကို ​ထောက်ပံ့​ပေး​အပ်မှာ ဖြစ်ပါတယ်။

ဒီ​ငွေ​ကြေး​ထောက်ပံ့​မှုကို ဒီလ ​ခြောက်ရက်​နေ့​က ဖျာပုံမြို့​မှာ ​ပေး​အပ်ပြီး​ ​ငွေ​ကြေး​ မလုံ​လောက်မှု​ကြောင့်​ ​ငွေကို သုံး​ကြိမ်ခွဲပြီး​ ​ပေး​အပ်သွား​မှာ ဖြစ်ပါတယ်။

“ကျ​နော်တို့​ လုပ်ငန်း​ရှင်​တွေက​နေပြီး​တော့​ နစ်နာ​ကြေး​အ​နေနဲ့​ ကျ​နော်တို့​ တ​ယောက်ကို ၁ သိန်း​ခွဲနှုန်း​တော့​ ​ပေး​တယ်။ ​ပေး​ဆို တချို့​ကလည်း​ ​ငွေ​ကြေး​မပြည့်​စုံ​တော့​ အရစ်ကျ ​ပေး​ရတယ်။ ၃ ရစ်လား​ မသိဘူး​ ခွဲ​ပေး​မယ်လို့​ ​ပြောတယ်။”

နိုင်ငံ​တော်ဘက်က​တော့​ မုန်တိုင်း​သင့်​ရေလုပ်သား​တွေပြန်လာတုန်း​က တဦး​ကို ကျပ်​ငွေ ငါး​ထောင်စီ​ထောက်ပံ့​ခဲ့​ပါတယ်။ ​နောက်တသုတ်မှာ ငါး​လုပ်ငန်း​အဖွဲ့​နဲ့​ ဝန်ကြီး​အဖွဲ့​ကလည်း​ ​ရေလုပ်သား​တ​ယောက်ကို တ​သောင်း​စီ ​ထောက်ပံ့​ခဲ့​တယ်လို့​ သူက ​ပြောပါတယ်။

သီရိလင်္ကာနိုင်ငံကို ​ရောက်ရှိ​သောင်တင်​နေသူ ​ရေလုပ်သား​တွေထဲက ၁၄ ဦး​ဟာ မ​နေ့​တုန်း​က ရန်ကုန်မြို့​ကို ​လေယာဉ်နဲ့​ ပြန်လည်​ရောက်ရှိလာပြီး​ မိသား​စုထံကို ပြန်လာ​နေကြတယ်လို့​ အဲဒီမြို့​ခံ စီး​ပွား​ရေး​လုပ်ငန်း​ရှင်က ​ပြောပါတယ်။

မတ်လမုန်တိုင်း​ဟာ ​ရေလုပ်သား​တွေ အသက်ရာချီ​သေဆုံး​စေခဲ့​တဲ့​အပြင် ​ရေလုပ်ငန်း​ရှင်​တွေရဲ့​ ​ငွေ​ကြေး​သိန်း​ပေါင်း​များ​စွာ နစ်နာဆုံး​ရှုံး​ခဲ့​ရပါတယ်။ ကျား​ပိုက် အလုပ်ရှင် ၄၀၀ ခန့်​ရှိတဲ့​အနက် ၂၀၀ ခန့်​လောက်ကသာ ဒီနှစ် ပြန်လည်လုပ်ကိုင်နိုင်ဖို့​ အား​ခဲပြင်ဆင်​နေကြပြီး​ ကျန်သူ​တွေ အရင်း​အနှီး​မလုံမ​လောက် ဖြစ်ကုန်ကြတယ်လို့​ ဆိုပါတယ်။

ကျား​ပိုက်လုပ်ငန်း​မှာ အသက်ဆုံး​ရှုံး​သွား​သူ​တွေရဲ့​ မိသား​စု​တွေရဲ့​ ဘဝ အ​ခြေအ​နေဟာ ရုပ်ပိုင်း​စိတ်ပိုင်း​ ​ထောက်ပံ့​ကူညီမှု လို​နေတယ်လို့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်က ​ပြောပါတယ်။

“အသက်ရှင်တဲ့​လူက​တော့​ သူတို့​ဘဝက​တော့​ ရုန်း​ကန်လှုပ်ရှား​လို့​ ရ​သေး​တယ်ဗျ။ အသက်ဆုံး​ရှုံး​သွား​တဲ့​ မိသား​စု​တွေက​တော့​ ​တော်​တော်​လေး​ ကျပ်ကျပ်တည်း​တည်း​။ ဘာလို့​လဲဆို​တော့​ အိမ်​ထောင်ဦး​စီး​ဖြစ်​စေ သို့​မဟုတ် သူ့​ရဲ့​မိသား​စု၊​ မိသား​စုအဖွဲ့​ဝင် တ​ယောက်​ယောက်ပဲ ဖြစ်​စေ​ပေါ့​ဗျာ။ သူတို့​ကိုပဲ မှီခိုပြီး​ လုပ်ကိုင်စား​နေရတဲ့​လူ​တွေ တဦး​မှ မရှိတဲ့​အခါကျ​တော့​ သူတို့​ စား​ဝတ်​နေ​ရေး​က နည်း​နည်း​တော့​ ​တော်​တော်ကျပ်ကျပ်တည်း​တည်း​ ဖြစ်တယ်။ ​နောက်တခါ လုပ်ငန်း​ရှင်​တွေကလည်း​ ဆုံး​ရှုံး​မှု​တွေ များ​တဲ့​အခါကျ​တော့​ ပြန်လည်ထူ​ထောင်ဖို့​ကို ​တော်​တော် စဉ်း​စဉ်း​စား​စား​ လုပ်​နေရတယ်။ ကျ​နော်ထင်ပါတယ်၊​ ဒီနှစ် ရာသီပြန်စရင် အရင်တုန်း​က လုပ်ငန်း​ရှင်အား​လုံး​ ၄၀၀ ​လောက် ရှိရင် ၂၀၀ ​လောက်ပဲ ပြန်လုပ်နိုင်မယ့်​ အ​နေအထား​လောက်ပဲ ရှိမယ် ထင်ပါတယ်။”

ဒီလုပ်ငန်း​တွေ မလည်ပတ်နိုင်​တော့​တာ​ကြောင့်​ ငါး​ပိ၊​ ငါး​ခြောက်၊​ ငန်ပြာရည်​တွေ ထုတ်လုပ်မှု ​လျော့​ကျမှာဖြစ်ပြီး​ ပြည်တွင်း​ဈေး​ကွက်ကို ထိခိုက်​စေမှာ ဖြစ်ပါတယ်။

ပြည်ပကိုတင်ပို့​တဲ့​ ငါး​အစိုထဲက ငါး​မုန့်​၊​ ငါး​ခွေး​ရှာ၊​ ဘင်ဝါ၊​ ငါး​ရွှေ​တွေလည်း​ ထွက်ရှိမှု​လျော့​ကျပြီး​ နိုင်ငံခြား​ငွေရရှိမှု ​လျော့​ကျ​စေမှာ ဖြစ်ပါတယ်။

ဒီလိုအ​ခြေအ​နေ​အောက်မှာ ​ရေလုပ်ငန်း​ရှင်​တွေအတွက် နိုင်ငံ​တော် ဘဏ္ဍာ​ငွေထဲက​နေ ​ထောက်ပံ့​မှု (သို့​မဟုတ်) အတိုး​နည်း​ ​ချေး​ငွေထုတ်​ပေး​ရေး​ကို ​ရေလုပ်ငန်း​ရှင်​တွေက လိုလား​နေကြပါတယ်။

လက်ရှိအ​ခြေအ​နေမှာ​တော့​ အစိုး​ရက ကျား​ကန်​ဆောက်ရွက် ကူညီ​ပေး​မယ့်​ အစီအစဉ် မကြား​သိရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013