DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ၀င်ပြိုင်မည့် တသီးပုဂ္ဂလ အမတ်လောင်း ၂၇ ဦးရှိပြီ
DVB
·
July 31, 2015
ရွေးကောက်ပွဲ ၀င်ပြိုင်မည့် တသီးပုဂ္ဂလ အမတ်လောင်း ၂၇ ဦးရှိပြီ
Donate to DVB

လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် စာရင်းသွင်းထားတဲ့ တသီးပုဂ္ဂလ အမတ်လောင်း အရေအတွက် ၂၇ ဦး ရှိနေပြီဖြစ်ပါတယ်။

ဇူလိုင် ၁၀ ရက်ကနေ ၂၉ ရက်ထိ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းပေါင်း ၂၂၅ ဦး ရှိတဲ့အထဲ တသီးပုဂ္ဂလတွေလည်း ပါဝင်လာတာပါ။

ဒီထဲက ကရင်ပြည်နယ်လွှတ်တော်အတွက် ဘားအံမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာ ဇော်မင်းအောင်က “တသီးပုဂ္ဂလ ဘာကြောင့် ၀င်ရလဲဆိုရင် ကျနော့်အနေနဲ့ ကိုယ့်မူဝါဒနဲ့ကိုယ်ပဲလေ၊ တချို့ပါတီတွေရဲ့ မူဝါဒတွေကို ကျနော်နှစ်သက်တာတွေလည်း ရှိတယ်၊ မနှစ်သက်တာတွေလည်း ရှိတယ်။ အဲဒီအခါကျတော့ ကိုယ့်မူဝါဒနဲ့ကိုယ် ပြည်သူလူထုဘက်ကနေ မှန်ကန်တဲ့ ရပ်တည်ချက်နဲ့ မားမားမတ်မတ် ရပ်တည်ပြီးတော့ကာ ပြည်သူ့အကျိုးစီးပွား၊ ဒေသအကျိုးစီးပွားကို ကျနော် ရဲရဲတင်းတင်းနဲ့  ဆောင်ရွက်ခွင့်ရနိုင်ဖို့ အတွက်ကို ၀င်ရောက်ယှဉ်ပြိုင်တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေါက်တာ ဇော်မင်းအောင်ဟာ ကရင်ပြည်နယ်မှာ မြို့နယ်ကျန်းမာရေးအရာရှိ  တာဝန်က ပင်စင်ယူပြီး မြိုင်ကလေးတိုက်နယ်မှာ ကိုယ်ပိုင်ဆေးခန်းဖွင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်နေသူဖြစ်ပြီး ဒေသခံ ပြည်သူတွေရဲ့ လူနေမှုဘ၀တွေမြင့်တက်ဖို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့၊ နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတွေ ကောင်းလာအောင် ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲဝင်မယ့် တသီးပုဂ္ဂလအမတ်တွေကတော့  ပြည်သူ့လွှတ်တော်အတွက် ၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂ ဦး၊ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်အတွက် ၉ ဦးနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း ၈ ဦး စုစုပေါင်း ၂၇ ဦးရှိတယ်လို့  ကော်မရှင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူ့လွှတ်တော်အတွက် တင်သွင်းထားတဲ့ တသီးပုဂ္ဂလ အမတ်တွေကတော့ တနင်္သာရီမြို့နယ်မှာ ဦးယုံဘီး၊ ပုဗ္ဗသီရိမြို့နယ်မှာ ဦးမြင့်လွင်သန်း၊ ကျောက်ဖြူမြို့နယ်မှာ ဦးသိန်းဇော်၊ ပုဇွန်တောင်မြို့နယ်မှာ ဦးကျုံတိုင်း (ခေါ်) ဦးအောင်သိန်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမှာ ဦးမောင်မောင်လှိုင်၊ ဒဂုံမြို့သစ်တောင်ပိုင်း ဦးဌေးအောင်၊ အလုံမြို့နယ် ဦးအုန်းမြင့်နဲ့ ကျိုင်းတုံမြို့နယ် ဦးကြည်မင်းတို့ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွက် တင်သွင်းထားတဲ့ အမတ်လောင်း ၂ ဦးကတော့  မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) အတွက် ဦးငြိမ်းမောင်နဲ့ ရခိုင်ပြည်နယ် အမှတ်  (၁) မဲဆန္ဒယ်နယ်အတွက် ဦးဝင်းမောင်တို့ ဖြစ်ပါတယ်။

ပြည်နယ် တိုင်းဒေသကြီးလွှတ်တော်အတွက် အမတ်လောင်း ၉ ဦးကတော့ ကရင်ပြည်နယ် ဘားအံ အမှတ် (၂) ဒေါက်တာ ဇော်မင်းအောင်၊ ကြာအင်းဆိပ်ကြီး အမှတ် (၁) ဦးသိန်းဦး၊ မကွေးတိုင်း ဆိပ်ဖြူ (၁) ဦးစိုးတင့်၊ ရခိုင်ပြည်နယ် ကျောက်ဖြူ အမှတ် (၁) ဦးစောမိုးကျော်၊ ရန်ကုန်တိုင်း သင်္ကန်းကျွန်း (၂) ဒေါက်တာစိုးထွန်း၊ လမ်းမတော် (၂)  ဦးလင်းထွဋ်ဖြိုး၊ ရှမ်းပြည်နယ် ပင်းတယ (၂) ဦးဖေသိန်း၊ တာချီလိတ် (၁) ဒေါ်စိုးဥမ္မာနဲ့ ဧရာဝတီတိုင်း လေးမျက်နှာ (၂) မဲဆန္ဒနယ်မှာ ဒေါ်ခင်ကြည်တို့ဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလော စာရင်းသွင်းထားတဲ့ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ၈ ဦးကတော့ ကချင်ပြည်နယ်မှာ လီဆူးတိုင်းရင်းသား ဦးလာမြာပေါ် (ခေါ်) ဦးဒါဝိဒ်နဲ့ ဦးချော်နေပါး၊ ကရင်ပြည်နယ်မှာ ပအိုဝ်း တိုင်းရင်းသား ဦးခွန်ချစ်သန်း၊ မွန်တိုင်းရင်းသား ဦးမင်းအောင်စိုးနဲ့ ဗမာတိုင်းရင်းသား ဦးမြတ်စိုး၊ မွန်ပြည်နယ်မှာ ပအိုဝ်းတိုင်းရင်းသား ဦးခွန်စိန်မောင်၊ ရှမ်းပြည်နယ်မှာ ဗမာတိုင်းရင်းသား  ဦးရဲနိုင်အောင်နဲ့

ပအိုဝ်းတိုင်းရင်းသား ခွန်သန်းမြင့်တို့ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာတော့ လွှတ်တော် ၃ ရပ်စလုံးမှာ တသီးပုဂ္ဂလ  အမတ် ၆ ဦး ရွေးကောက်တင်မြှောက်ခံရပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်း နေရာရထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013