DVB Logo
Home
နိုင်ငံရေး
ရထားပေါ်ဗုံးခွဲမှုသည် ကေအန်ယူ၏ ခိုင်းစေချက်ဟု စွပ်စွဲ
DVB
·
June 10, 2011
Donate to DVB

နေပြည်​တော်အနီး​ ရထား​ပေါ်မှာ ခရီး​သည်​တွေ ​သေဆုံး​ဒဏ်ရာရတဲ့​ ဗုံး​ဖောက်ခွဲမှု တရား​ခံကို ဖမ်း​ဆီး​ရမိပြီဖြစ်ပြီး​ ဒါဟာ ​ကေအန်ယူရဲ့​ ခိုင်း​စေချက်ပါလို့​ မြန်မာအစိုး​ရက သတင်း​ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) က​တော့​ ဒါဟာ သူတို့​လက်ချက် မဟုတ်သလို သူတို့​ခိုင်း​စေချက်လည်း​ မဟုတ်ပါဘူး​လို့​ ​ပြောကြား​ပါတယ်။

 

အရင်လ ၁၈ ရက်တုန်း​က ​နေပြည်​တော်ဘူတာကြီး​အလွန်မှာ ရန်ကုန်-မန္တ​လေး​ အဆန်ရထား​ပေါ်မှာ ဗုံး​တလုံး​ပေါက်ကွဲလို့​ ခရီး​သည်နှစ်ဦး​ ​သေဆုံး​ပြီး​ ကိုး​ဦး​ ဒဏ်ရာရ တယ်လို့​ အစိုး​ရက သတင်း​ထုတ်ပြန်ခဲ့​ပါတယ်။

ဗုံး​ဖောက်ခွဲတဲ့​ တရား​ခံဟာ ကရင်ပြည်နယ် သံ​တောင်မြို့​နယ် လိပ်သိုရာဒို ​ကျေး​ရွာအုပ်စု ဒဝါ​လော်ချီး​ရွာက ​ကျော်ဒီ(​ခေါ်) မာရီနို ဖြစ်ပြီး​ ဖမ်း​ဆီး​ရမိထား​ပြီလို့​ ကြာသပ​တေး​နေ့​ထုတ် အစိုး​ရသတင်း​စာမှာ ​ဖော်ပြပါတယ်။

ဒီရွာသား​ဟာ ​ကေအန်ယူရဲ့​ ခိုင်း​စေချက်အရ ဗုံး​ဖောက်ခွဲခဲ့​တာပါလို့​ ဝန်ခံထွက်ဆိုတယ်လို့​လည်း​ သတင်း​မှာ ​ဖော်ပြထား​ပါတယ်။

ဒီရွာသား​ဟာ လွန်ခဲ့​တဲ့​သုံး​နှစ်က ​ကေအန်ယူမှာ မိုင်း​ထောင်သင်တန်း​ နှစ်ပတ်ကြာ တက်​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။ အဲဒီ​နောက် ​ကေအန်ယူ တပ်မဟာ ၂ တပ်ရင်း​ ၅ က ခိုင်း​စေချက်အရ ခုလို ဗုံး​ဖောက်ခွဲတာလို့​ ဆိုပါတယ်။

မေလ ၁၈ ရက်မှာ ရထား​တွဲအမှတ်သုံး​ပေါ်မှာ ဗုံး​ထောင်ခဲ့​ပြီး​ ရထား​ပေါ်က​နေ ခုန်ဆင်း​သွား​တယ်ဆိုတဲ့​သူကို ​မေလ ၂၉ ရက်မှာ ဖမ်း​ဆီး​ရမိတယ်လို့​ အစိုး​ရသတင်း​က ဆိုပါတယ်။

အစိုး​ရသတင်း​ဖော်ပြချက်နဲ့​ပတ်သက်လို့​ ​ကေအန်ယူ ပြန်ကြား​ရေး​တာဝန်ခံ ပဒို ​စောလှ​ငွေက အခုလို တုံ့​ပြန်​ပြောကြား​ပါတယ်။

“ကျ​နော်တို့​က​တော့​ ဗုံး​သင်တန်း​တွေ ​ပေး​ပြီး​တော့​ အတွင်း​ကို သွား​ဗုံး​ဖောက်ဖို့​ အတွက် ညွှန်ကြား​ထား​တာ မရှိဘူး​။ အဲဒီအလုပ်ကို ကျ​နော်တို့​ မလုပ်ဘူး​လို့​ ​ပြောထား​ပြီး​ပြီ။ သူတို့​ ဖန်တီး​ပြီး​တော့​ လုပ်လို့​ ရတာ​တွေ အများ​ကြီး​ရှိပါတယ်။ အဲဒီလိုပဲ သူတို့​ စွပ်စွဲပြီး​တော့​ သင်္ကြန်တွင်း​ ဗုံး​ဖောက်တဲ့​ ကိစ္စ​တွေတုန်း​ကလည်း​ ထိုနည်း​လည်း​ကောင်း​ပဲ မီရာ​တွေကို ဆွဲပြီး​တော့​ သူတို့​က​တော့​ ဒီလိုပဲ အတင်း​ဝန်ခံခိုင်း​ ပြီး​တော့​ လုပ်​နေကြတာပဲ။ အစဦး​ကတည်း​က ကျ​နော်တို့​ ငြင်း​ပယ်ပါတယ်။ ကျ​နော်တို့​ မခိုင်း​စေခဲ့​ပါဘူး​။”

ပဒို​စောလှ​ငွေ ရည်ညွှန်း​သွား​တဲ့​ သင်္ကြန်ဗုံး​ပေါက်မှုက​တော့​ မနှစ်က ရန်ကုန် သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု​ကြောင့်​ လူ​သေဆုံး​မှုဖြစ်ပါတယ်။ အဲဒီတုန်း​က လူ ၈ ဦး​ ​သေ ဆုံး​ပြီး​ ၁၇၀ ဒဏ်ရာရတယ်လို့​ အစိုး​ရက ထုတ်ပြန်ခဲ့​ပါတယ်။ ဗုံး​ပေါက်ကွဲမှုအတွက် အတိုက်အခံ​တွေကို စွပ်စွဲပြီး​ မသင်္ကာသူ​တွေကို ဖမ်း​ဆီး​ခဲ့​ပေမယ့်​ စီရင်ချက်ချရာမှာ​တော့​ ဗုံး​ပေါက်ကွဲမှုနဲ့​ မပတ်သက်တဲ့​ ဥပ​ဒေပုဒ်မ​တွေနဲ့​ စီရင်ချက်ချခဲ့​တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013