DVB Logo
Home
Lead Story
သမိုင်းဖြစ်ပေါ်မှုကို သေနတ်ဖြင့်တား၍မရ
DVB
·
July 31, 2015
သမိုင်းဖြစ်ပေါ်မှုကို သေနတ်ဖြင့်တား၍မရ
Donate to DVB

ယခုအပတ် လွှတ်တော်ထဲတွင် ပုဒ်မ ၄၃၆ (က)နဲ့ ၅၉ (စ)ကို ပြင်ဆင်ဖို့အရေး ထောက်ခံမဲ ၆၇ ရာခိုင်နှုန်းရသော်လည်း စစ်တပ်ကိုယ်စားလှယ်များ၏ ကန့်ကွက်မဲ ၃၃ ရာခိုင်နှုန်းကြောင့် ပြင်ဆင်ခွင့် မရတော့ပေ။ နောက်ရက်တွင် ဆက်ပြီး ပုဒ်မ ၄၃၆ (ခ) ကိုလည်း ဆက်လက် ကန့်ကွက်ခဲ့ပြန်၏။ သဘောမှာ သူတို့၏ စစ် ခေါင်းဆောင် ရေးဆွဲခဲ့သော ဥပဒေများကို အကာအကွယ်ပေးရေး ဖြစ်ပါသည်။ Daily Eleven သတင်း ထောက်များက မဲထည့်နေသော စစ်တပ်ကိုယ်စားလှယ်များ၏ ပုံကို ကျောမှ ရိုက်ပြပြီး “သူတို့ပြည်သူကို ကျောခိုင်းသွားကြပြီလား” ဟု ခေါင်းစဉ်ပေးထားသည်မှာ လွန်ခဲ့သော အနှစ် ၅ဝကျော်က ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြီး ဗကပတို့ တောထဲပြန်သွားပုံကို ဗိုလ်နေဝင်း၏ ဝါဒဖြန့်သော ရှေ့သို့သတင်းစာတွင် “သူတို့ ပြည်သူကို ကျောခိုင်းသွားကြလေပြီ” ဟုရေးထားခဲ့သည်အား သတိရမိသည်။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို သူတို့ဘက်မှ စဖျက်ခြင်း ဖြစ်၏။ အခြေအနေကောင်းသော ဆွေးနွေးပွဲကို ဖျက်ကာ လက်နက်ချခိုင်းသောကြောင့် တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်သွားကြသည်ကို သူတို့ စစ်ကောင်စီက ငြိမ်းချမ်းရေးလိုလားပြီး တော်လှန်ရေးတပ်များဘက်မှ ပြည်သူကို ကျောခိုင်းသွားသည်ဟု ပုတ်ခတ်ရေးသားခဲ့လေသည်။ ယခုလည်း သူတို့ စစ်အာဏာရှင်များမျက်နှာနဲ့ ပြည်သူ့မျက်နှာ ဘယ်သူ့ကို ကြည့်မလဲ ဆိုလျှင် ပြည်သူကို မမြင်ပဲ သူတို့အဘများကိုသာ မြင်ပြီး၊ သူတို့အဘများ ခိုင်းစေသည့်အတိုင်း ကန့်ကွက်မဲ ပေးနေကြခြင်း ဖြစ်ပါသည်။ သူတို့ ကန့်ကွက်သောမဲများမှာ ဒီမိုကရေစီကျ၊ မကျ တဖွဲ့လုံးကိုရော တယောက်ချင်းကိုရော မေးလိုက်ချင်ပါသည်။

စင်စစ်အားဖြင့် စစ်အာဏာရှင်များနဲ့ စစ်ဗိုလ်ချုပ်ဟောင်းများသည် သူတို့၏ ပြစ်မှုများအတွက် သွေးလန့်နေကြပုံရပါသည်။ ဗိုလ်ခင်ညွန့်ဆိုလျှင်လည်း နောက်ကြောင်းမလှည့်နေကြနဲ့ဟု ဒီဗွီဘီ သတင်း ထောက်ကို ဒေါနဲ့ မောနဲ့ ပြောနေပုံအရ သူတို့ကောင်းကောင်း အိပ်မပျော်ပဲ သူတို့ပြစ်မှုများက  ခြောက်လှန့်နေ ပုံရ၏။ မိမိတို့ ကျူးလွန်ခဲ့သည်များကို ဖုံးကွယ်၍ မရနိုင်။ တနေ့က သတင်းစာထဲတွင် ဂွာတီမာလာ စစ်ခေါင်းဆောင်ဟောင်းကို တရားစွဲဆိုခဲ့သည့် သတင်းအား ဖတ်လိုက်ရ၏။ ယခု မကျန်းမာ၍ အမှု စစ်ဆေးခြင်းကို ခေတ္တနားထားသည်ဟုဆိုသည်။ ကျန်းမာရေးကောင်းလာသည်နဲ့ အမှုကို ဆက်လက်စစ် ဆေးပေလိမ့်မည်။ ထိုအပြစ်မှာ စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများတွင် အရိုးတွန်သံများ ကြားရခြင်းဖြစ်လေသည်။ ဂွာတီမာလာဗိုလ်ချုပ်ကြီးဟောင်း အီဖရိန်းရီယိုမွန့်သည် ၁၉၈ဝ ပြည့်နှစ်လွန်များက တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ် ပြည်သူလူထု ထောင်ပေါင်းများစွာကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် ပြစ်မှုများ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပါသည်။ သူ့အမှုများတွင် တောင်သူလယ်သမား ရာပေါင်းများစွာကို သတ်ဖြတ်ဖို့ သူက အမိန့်ပေးခဲ့ခြင်း၊ မာယာအိန္ဒိယလူမျိုး ၁ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် တရားစွဲလိုခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော ၂ နှစ်ကလည်း ထို ဗိုလ်ချုပ်ကြီးဟောင်းကို လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ထောင် ဒဏ် အနှစ် ၈ဝ ချမှတ်ပြီး ဖြစ်ပါသည်။ အသတ်ခံရသည့် ပြည်သူများ၏ ဝိဥာဉ်များ ပြန်လည်ရှင်သန်လာကာ အရိုးတွန်လာသည်နဲ့ အာဏာရှင်များ၏ လူသတ်မှုများ လည်း ပေါ်လာလေ့ရှိပါသည်။

ယခုဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၅၃ နှစ်က တက္ကသိုလ်နယ်မြေတွင် ကျောင်းသားရာ ကျော် သတ်ဖြတ်ခဲ့သော ဇူလိုင် ၇ ရက် အရေးအခင်းမှ အရိုးတွန်သံသည် စစ်ကောင်စီ၏ တပည့်၊ သား၊ မြေးများ အာဏာရနေသည့်တိုင် ပြည်သူလူထုက ၁ ရက်မှ မေ့မရပဲ ထိုလူသတ်ပွဲ၏ တရားခံများကို ရှာနေကြလေပြီ။ သို့သော်လည်း ဗိုလ်ခင်ညွှန့်တို့က နောက်ကြောင်းပြန်မလှည့်ကြနဲ့ဟု လေသံမာမာဖြင့် ပြောရဆိုရဲနေကြသည်မှာ သံသရာကို မကြောက်သည့်သဘော ပြနေပါသည်။ သံသရာကို သူတို့ရှောင်၍ မရနိုင်။ မိမိတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သမိုင်းဖြစ်ပေါ်မှုကား ရှောင်၍ မရပေ။ ဖြစ်ပျက်ခဲ့သမျှကို သမိုင်းက မှတ်တမ်းတင်ပြီး ဖြစ်လေသည်။ ကမ္ဘာ့သမိုင်းတွင်လည်း နူရင်ဘာ့ဂ် စစ်ခုံရုံး၌ ဂျူးလူမျိုး ၆ သန်း ကျော်ကို သတ်ဖြတ်မှု၊ ပြည်သူများကို သတ်ဖြတ်ခဲ့မှုအတွက် ခုံရုံးဖွဲ့ကာ ကျူးလွန်ခဲ့သော နာဇီခေါင်းဆောင်များကို သက်သေများဖြင့် ဖော်ထုတ်၍ အပြစ်ပေးခဲ့ကြလေသည်။ အပြစ်ကျူးလွန်သော သူသည် ထိုအပြစ်အတွက် ခံရမည်မှာ လောကပါလ တရားဖြစ်၏။ စစ်အစိုးရခေတ်က သတင်းစာနဲ့ ဂျာနယ်များတွင် ဖော်ပြခွင့် မရှိသော ကာတွန်းတပုဒ်ကို မိတ်ဆွေစာရေးဆရာတယောက်က ပြ၏။ ထိုကာတွန်းတွင် စစ်အာဏာရှင်ကြီးတဦးနဲ့ သူ၏ အပေါင်းအပါများ သေဆုံးသွားသည့်အခါတွင် ယမမင်းကြီးက သူတို့ကို စစ်ဆေးပြီး အပြစ်များလွန်းသဖြင့် အဝီစိငရဲသို့ ပို့လိုက်သည်။ အဝီစိတွင်လည်း သူတို့လို ဆိုးသွမ်းသော သူများဖြင့် ပြည့်ကျပ်နေသဖြင့် သူတို့အတွက် အဝီစီအောက်တွင် ငရဲဘုံတခု ထားရှိဖို့ စီစဉ်နေသည်ဟု ဆိုသည်။ အလွန်သဘောကျမိသည်။ ဗိုလ်နေဝင်းခေတ်၊ ဗိုလ်သန်းရွှေခတ်တို့တွင် နိုင်ငံ၏ သယံဇာတများကို ခိုးယူ သုံးစွဲနေသည်များကို ယခုအခါ ပြန်ဖော်ထုတ်လျှင် ယခုတိုင် ထိုသူများ ရှိနေသေးသည်။ သူတို့သည် သန်းပေါင်းများစွာသော ဓနပိုင်ဆိုင်မှုများဖြင့် အေးအေးသက်သာ နေထိုင်နေကြသည်။ ခရိုနီများနဲ့ ပူးပေါင်းကာ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွား၊ အကျိုးစီးပွားချင်း ဝေမျှ စားနေကြသည်။ လုပ်ငန်းများကိုလည်း သူတို့ပင် လုပ်ပိုင်ခွင့်ဆက်လက်ရရှိကာ ဘဏ်များထောင်၍ ကြီးပွား ချမ်းသာနေကြသည်။ မကြာခင်က ဗိုလ်နေဝင်းတို့၏ မြေးများမှာ ဘဏ်တခုကို ဝယ်ဖို့ ကြိုးစားကြသည်။ ဘဏ်တခု ဝယ်နိုင်ဖို့ မည်မျှ ဥစ္စာဓနပေါများနေသလဲဆိုသည်ကို သိနိုင်လေသည်။

အာဏာရှင်များ ကြီးစိုးသောနိုင်ငံတိုင်းတွင် ပြည်သူက တနေ့ မလွှဲမသွေ သူ့မွေးရာပါ အာဏာကို ပြန်ရသောအခါ သူတို့၏ ဒုစရိုက်မှုများကို သမိုင်းပေး တာဝန်အရ ပြည်သူက ဖော်ထုတ်သည်မှာ သဘာဝဖြစ်ပါသည်။ ထိုအခါ ရှောင်၍ မရတော့ပေ။ တချို့နိုင်ငံများတွင်မူ ပြည်သူက ခွင့်လွှတ်ခဲ့ကြသည် များ ရှိပါသည်။ သမိုင်းတွင်မူ မှတ်တမ်းတင်ထားကြ၏။ ဥပမာ - တောင်အာဖရိကတွင် အဖြူ၊ အမည်းခွဲခြားသော ဝီဒလျူဘိုသာလို လူဖြူများအား အရေးမယူသည့်တိုင် အမှန်တရားဖော်ထုတ်ရေးကော်မရှင်က သူတို့၏ အပြစ်များကို ဖော်ထုတ်ကြလေသည်။ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေးကော်မရှင် True and Justice Commision မျိုးကို နိုဗယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူတူက ဦးဆောင်ဖွဲ့စည်းပြီး ဖော်ထုတ်နေသည်ကို သိရှိခဲ့ရသည်။ သို့သော် လက်တင်အမေရိကနိုင်ငံများ၌မူ အလွန်ရက်စက် ကြမ်းကြုတ်သော စစ်အာဏာရှင်များမှာ အရေးယူအပြစ်ပေးခံနေရလေသည်။

အာဂျင်တီးနားတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ လူသတ်ပွဲများအား ဒီမိုကရေစီအစိုးရက ပြန်လည် ဖော်ထုတ်နေလေသည်။ တောင်အမေရိကတိုက်နိုင်ငံအတော်များများတွင် စစ်အာဏာရှင်ကြီးများ ကြီးစိုးခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု တည်းက ဖြစ်၏။ ချီလီနိုင်ငံမှ ဗိုလ်ချုပ်ကြီး ပီနိုချေးဆိုလျှင် လက်ဖျားခါလောက်အောင် ရက်စက်လှ၏။ လူ မသိအောင် လက်စဖျောက်ခဲ့သော နိုင်ငံရေးသမား သောင်းနဲ့ ချီ ရှိသည်။ နောက်အစိုးရတက်လာသောအခါ တွင်းကြီးတခုထဲ လူရာချီသော အရိုးစုများကို တွေ့ကြရလေသည်။ အသက်မသေ ကျန်ရစ်နေသောသူများ၏ ပြောပြချက်အရဆိုလျှင်  ပြည်သူများကို ဘောလုံးကွင်းလယ်တွင် ထားကာ စက်သေနတ်တံဖြင့် ပစ်သတ်ခဲ့သည်ဟု ဆို၏။ ယခု ချီလီနိုင်ငံ၏ သမ္မတဖြစ်သူမှာ ယခင်ဗိုလ်ချုပ်ကြီးပီနိုချေးသတ်ဖြတ်ခဲ့သော နိုင်ငံရေးခေါင်းဆောင်တဦး၏ သမီးဖြစ်လေသည်။ ထိုသည်မှာ အရိုးတွန်သံများ ဖြစ်ပါသည်။ စပိန်နိုင်ငံမှ  ဗိုလ်ချုပ်ကြီး ဖရန်ကိုမှာလည်း အလွန်ရက်စက် ယုတ်မာသူတဦးဖြစ်၏။ သူတို့ကို တော်လှန်ပုန်ကန်လာသူများအား ကျူပင်ခုတ် ကျူငုတ်မကျန် မျိုးတုံးပစ်လေသည်။

မြန်မာနိုင်ငံမှ စစ်အာဏာရှင်များဆိုလျှင်လည်း သူတို့ကို ဆန့်ကျင်လာသူများအား ရက်ရက်စက်စက် ချေမှုန်းသုတ်သင်ပစ်လေသည်။ ယခုအထိ သွေးစီးချောင်းများမှာ မခန်းခြောက်သေးပေ။ ဗကပ ခေါင်းဆောင် အားလုံးလိုလို အသတ်ခံခဲ့ရသည်။ တိုင်းရင်းသားများ အထူးသဖြင့် ကရင်တော်လှန်ရေး ခေါင်းဆောင်အတော်များများ အသတ်ခံခဲ့ရ၏။ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်နဲ့ မွန်စသော တိုင်းရင်းသားများ၏ အသက်သွေးများမှာလည်း သမိုင်းတွင် ကျန်ရစ်ခဲ့ပါသည်။ ထိုကဲ့သို့သော ဒုစရိုက်မှုများမှာ ကျူးလွန်သူများ အဖို့ ဘယ်တော့မှ မေ့ပျောက်၍ မရနိုင်ပေ။ အိပ်မက်ဆိုးများအဖြစ် ခြောက်လှန့်နေကြ၏။ ပြစ်မှုကို ပြစ်မှုဖြင့် ဖုံးကွယ်ဖို့ ကြိုးစားကြ၏။ နောက်ကြောင်း မပြန်ဖို့ ပြောဆိုနေကြသလို သူတို့ရေးဆွဲသော ဖွဲ့စည်းပုံထဲတွင်လည်း နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရဟု အခိုင်အမာ ထည့်သွင်းထားလေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုသည်မှာလည်း အာဏာကို ရရှိသောသူများ ရေးဆွဲခြင်းသာ ဖြစ်၏။ ပြည်သူက သူတို့ ပိုင်ဆိုင်သော အာဏာကို သူတို့ ပြန်ရလာသည့်အခါတွင် ပြည်သူတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပေမည်။ ပြည်သူ့အာဏာရရှိလာသောအခါတွင် ဖွဲ့စည်းပုံအသစ်ကို တိုင်းရင်းသားများ၊ လယ်သမား၊ အလုပ်သမားနဲ့ လူတန်းစားပေါင်းစုံ ပါဝင်သော ပြည်သူများက ရေးဆွဲကြပေမည်။ ထို့ကြောင့် မိမိတို့ ရေးဆွဲသော ဖွဲ့စည်းပုံသည် ကမ္ဘာတည်သရွေ့ ရှိနေမည်ဟု မမျှော်လင့်ပါနဲ့။ နေမဝင်အင်ပါယာကြီး တည်ဆောက်ခဲ့သော ဗြိတိသျှတို့ပင်လျှင် တနေ့ သူတို့၏ ကိုလိုနီနိုင်ငံများမှ ဆုတ်ခွာသွားကြရသည်ကို မမေ့သင့်ပေ။

စစ်အာဏာရှင်များ၏ အင်အားသည် ဂျာမနီမှ နာဇီတို့လောက်၊ ဖက်ဆစ်ဂျပန်တို့လောက် အင်အားမရှိနိုင်ပေ။ ဗုဒ္ဓ၏ အဆုံးအမအရပင်ဖြစ်ဖြစ်၊ သမိုင်းဖြစ်ပေါ်ပြောင်းလဲမှုအရပင်ဖြစ်ဖြစ် မကြာခင် အပြောင်းအလဲဖြစ်သွားနိုင်သလို နောင်ဆယ်စုနှစ်များအတွင်း မလွှဲမသွေ ပြောင်းလဲသွားနိုင်လေသည်။ သမိုင်းဖြစ်ပေါ်မှုအရ စစ်အာဏာရှင်စနစ် မလွှဲမသွေ ကျဆုံးတော့မည်ကို ယုံကြည်စိတ်ချပြီး ပြည်သူ့ကိုယ်စားလှယ်များနဲ့ ပူးပေါင်းကာ အေးအေးသက်သာ အပြောင်းအလဲကို ဖန်တီးသင့်သည်။ ထိုသည်ကို ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များပင် သိရှိကြလေသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးအမတ်များက ထောက်ခံမဲပေးခဲ့ကြသဖြင့် ချီးကျူးရပေမည်။ အရေးကြီးသည်မှာ စစ်တပ် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူကို ကျောမခိုင်းကြဖို့ လိုပါသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013