DVB Logo
Home
Lead Story
အပစ်ရပ်ဆွေးနွေးပွဲဖြစ်ပြီဆိုရင် အစိုးရဘက်က ထိုးစစ်တွေက လုပ်လာပြီ - နိုင်ဟံသာ
DVB
·
July 31, 2015
အပစ်ရပ်ဆွေးနွေးပွဲဖြစ်ပြီဆိုရင် အစိုးရဘက်က ထိုးစစ်တွေက လုပ်လာပြီ - နိုင်ဟံသာ
Donate to DVB

ရန်ကုန်မှာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (အန်စီအေ) ဆွေးနွေးပွဲ ကျင်းပစဉ်မှာ အစိုးရတပ်တွေရဲ့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ထိုးစစ်တွေဟာ အန်စီအေ သဘောတူညီချက်ရဖို့ အနှောင့်အယှက်ဖြစ်တယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ထုတ်ပြန်ပါတယ်။ အန်စီအေ လက်မှတ်ထိုးရာမှာ အားလုံးပါဝင်လက်မှတ်ရေးထိုးရေးနဲ့ အသိသက်သေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

ယူအန်အက်ဖ်စီ ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဇူလိုင် ၂၇ ရက်နေ့ထုတ် ကြေညာချက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ကိစ္စဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ရရှိရေးမှာ အနှောင့်အယှက်ဖြစ်တယ်လို့ ပါရှိပါတယ်။ ဒီသဘောထားနဲ့ ပတ်သက်လို့ ရှင်းပြပေးပါခင်ဗျ။

“ဒါကတော့ တကယ်အမှန်ပါပဲလေ။ အမှန်ကတော့ ကျနော်တို့က တဖွဲ့နဲ့တဖွဲ့အပေါ်မှာပေါ့၊ တဖက်နဲ့တဖက်ပေါ့ဗျာ ယုံကြည်မှုရှိဖို့ ဆိုတဲ့နေရာမှာ ဒါကတော့ ဒီတိုက်ပွဲတွေကို ကျနော်တို့က ထိန်းသိမ်းဖို့တော့ လိုမယ်။ တဖက်က ကျနော်တို့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းနေတယ်။ ကျနော်တို့ကြားထဲမှာလည်း အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းနေတဲ့အချိန်မှာ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးပွဲဖြစ်လိုက်ပြီဆိုရင် များသောအားဖြင့် ကချင်တွေက ပြောတယ်ဗျ၊ များသောအားဖြင့် ဒီမှာ ဆွေးနွေးလိုက်ပြီဆိုရင် အဲဒီမှာ တိုက်ပွဲတွေက စနေပြီ။ တိုက်ပွဲတွေက ဖြစ်ပြီ။ ထိုးစစ်တွေက အစိုးရဘက်က ထိုးစစ်တွေက လုပ်လာပြီ။ အဲဒီပုံစံမျိုး တွေ့ကြုံနေရတာ များနေပြီ။ အခုလည်း ဒီလိုပါပဲနော်။ ကျနော်တို့ ရန်ကုန်မှာ သွားဆွေးနွေးတယ်။ အဲဒီတချိန်တည်းမှာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်တယ်။ ရှမ်းပြည်နယ်မှာလည်း တိုက်ပွဲတွေ တော်တော်လေးကို နီးကပ်လာနေပြီနော်၊ တပ်အင်အားတွေ အများကြီး တိုးချဲ့လာနေပြီ။ ဒါတွေကတော့ သံသယရှိစရာပဲလို့။”

ဒီလိုဖြစ်စဉ်က ဖြစ်ရိုးဖြစ်စဉ်ပဲလား။ သမိုင်းကြောင်းအရ တိုင်းရင်းသားတွေ ဘယ်လိုဖြတ်သန်းခဲ့ကြဖူးသလဲ။

“ဒါတွေက အခု ဒီအပစ်အခတ်ရပ်စဲရေး ကာလမှာပဲလေ၊ အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်းနေတဲ့ ကာလမှာပဲ ဒီကိစ္စတွေက ဖြစ်လာတယ်ဗျ။ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာပဲဗျနော်။ အဲဒါက ကချင်ဘက်ကတော့ တော်တော်လေးကို ပြောနေတယ်၊ သူတို့မှာတော့ အဲသလိုမျိုး အတွေ့အကြုံတွေရှိတယ်။ ဥပမာ ကျနော်တို့ လိုင်ဇာမှာ သွားဆွေးနွေးတာပဲဖြစ်ဖြစ်၊ မြစ်ကြီးနားမှာ ဆွေးနွေးတာပဲဖြစ်ဖြစ် အစိုးရနဲ့ ကချင်နဲ့ ဆွေးနွေးတဲ့အချိန်မှာ ကေအိုင်အို၊ ကေအိုင်အေနဲ့ ဆွေးနွေးတဲ့အခါမှာ အဲသလို တိုက်ပွဲတွေက ပြင်းထန်လာတယ်။ နောက်တဖက်ကလည်း ကျနော်တို့ အဖွဲ့ပေါင်းစုံနဲ့ပေါ့ဗျာ အန်စီစီတီနဲ့ ဆွေးနွေးပွဲလုပ်လာပြီ ဆိုရင်လည်း တိုက်ပွဲတွေက  ဖြစ်လာတတ်တယ်တဲ့။ ဒါက သူတို့ အတွေ့အကြုံပေါ့။”

ယူအန်အက်ဖ်စီ ကြေညာချက်ထဲမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါ အဖွဲ့အစည်းပေါင်းစုံ အားလုံးပါဝင်ရေးကို အရေးဆိုထားပါတယ်။ အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအတွက် ဘယ်လောက် အရေးကြီးပါသလဲ။

“ဒီလိုပါ၊ အခုဆိုရင် ပြောမယ်ဆိုရင် ကျနော်တို့ အန်စီစီတီ (တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ထဲမှာ အဖွဲ့ ၁၆ ဖွဲ့  ပါဝင်ပြီးတော့၊ ဒါ အန်စီစီတီတုန်းကနော်၊ ကျနော်တို့ကတော့ အားလုံးပါဝင်ပြီးတော့မှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တယ်။ အခုဆိုရင်တော့ အက်စ်ဒီ (အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့) ကို ဖွဲ့လိုက်တယ်။ အေဘီအက်စ်ဒီအက်ဖ် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ကျောင်းသားတပ်မတော်) ပါလာတယ်၊ ၁၇ ဖွဲ့ဖြစ်ပြီ။ အဲဒီ ကျနော်တို့အားလုံးသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ကြိုးပမ်းနေတဲ့ အဖွဲ့တွေထဲက အဖွဲ့တချို့ကို  ချန်ပြီးတော့မှ အဖွဲ့တချို့နဲ့ပဲ အပစ်ရပ်မယ်ဆိုရင် ဒါတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ ဒါက အဖွဲ့တချို့ကို အပစ်ရပ်ပြီးတော့မှ ကျန်တဲ့အဖွဲ့တချို့ကို ဖိတိုက်နေမယ်ဆိုရင် ဒါကတော့ မိမိတို့ရဲ့ ရန်သူကိုပေါ့နော် ခွဲပြီးတော့မှ ဒါက အပြုတ်တိုက်ရေး နည်းဗျူဟာအရပဲ ကျင့်သုံးနေတယ်လို့ ကျနော်တို့က အဲလိုခံယူတယ်။ နောက် တဘက်က ကျနော်တို့ဘက်က ပြန်ကြည့်ရင် ကျနော်တို့ရဲ့ဘ၀တူညီအကိုတွေလို အမြဲတမ်းလက်တွဲလာတဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ ဟိုအဖွဲ့ကို ချန်ထားပြီးတော့မှ ကျနော်တို့ပဲ ရတဲ့အဖွဲ့နဲ့ပဲ လုပ်ဖို့ဆိုတဲ့ဟာကလည်း ဒါတော့ မဖြစ်သင့်ဘူး။ ကိုယ့်အချင်းချင်းအကြားမှာ သစ္စာမဖောက်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ သစ္စာဖောက်လို့လည်း မရဘူးလို့လည်း ကျနော်တို့မြင်တယ်လေ။ တဘက်က တွက်ကြည့်ရင် ကျနော်တို့ တိုင်းရင်းသားတွေဟာ စည်းစည်းလုံးလုံးနဲ့ ကျနော်တို့က ရပ်တည်ပြီးတော့မှ တိုက်ပွဲဝင်ရင်လည်း ၀င်မယ်နော်၊ ဆွေးနွေးရင်လည်း ဆွေးနွေးမယ်၊ အဲသလို အနေအထားမျိုးမှာမှ ကိုယ့်ရဲ့ ဦးတည်ချက်ကို၊ ပန်းတိုင်ကို ချီတက်နိုင်မှာဖြစ်တယ်လို့ ကျနော်တို့ ခံယူထားတယ်။ အဲဒီတော့ ဟိုအဖွဲ့ကိုခွဲလိုက်၊ ဒီအဖွဲ့ကိုခွဲလိုက်ပြီးတော့မှ လုပ်တဲ့ပုံစံမျိုးကတော့ ဒါ လုံးဝမဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။"

"နောက် တကယ်လို့ အဖွဲ့တချို့ကို ချန်ထားပြီးတော့မှ ရတဲ့အဖွဲ့လောက်နဲ့ လုပ်သွားမယ်ဆိုရင် အဲဒီ ကျန်နေတဲ့ မီးကနေပြီးတော့မှ တဖြည်းဖြည်းချင်း ကျယ်ပြန့်လာလိမ့်မယ်။ ဥပမာ- ကျနော်တို့ နီးစပ်ရာ မဟာမိတ်တွေပေါ့ တိုင်းရင်းသားအဖွဲ့တချို့ တချို့က သူတို့ဒုက္ခဖြစ်ရင် သူတို့က ကျနော်တို့ဆီကို လာပြီး အကူအညီတောင်းမယ်။ မကူညီဘဲလည်း နေလို့ရမှာ မဟုတ်ဘူးဗျ ဘ၀တူတွေပဲ။ ကနေ့ပြောမယ်ဆိုရင် ဥပမာ ကျနော်တို့ နီးစပ်ရာ ကချင်ပြည်နယ်မှာ ရှမ်းတွေရှိသလို၊ ရှမ်းပြည်နယ်မှာ ကချင်တွေရှိသလို ဒီလို နီးစပ်တဲ့ ကချင်တော်လှန်ရေးနဲ့ ရှမ်းနဲ့ မွန်နဲ့ ကရင်နဲ့ နီးစပ်ရုံတောင် မကဘူးနော် ဥပမာ - ရခိုင်ဆိုရင် ကရင်ပြည်နယ်မှာလည်း လာပြီးအခြေစိုက်တယ်။ ကချင်ပြည်နယ်မှာလည်း လာပြီးအခြေစိုက်တယ်။ သူတို့ကတော့ တိုက်နေတာပါပဲ ဘုံရန်သူကို တိုက်တဲ့နေရာမှာ ပြောမယ်ဆိုရင်ပေါ့နော်။ အဲဒီတော့ ဟိုအဖွဲ့ကိုချန်လိုက်၊ ဒီအဖွဲ့ကိုချန်လိုက်။ သူတို့ကို မောင်းထုတ်ရမလား။ သူတို့ကို မောင်းထုတ်လို့မရဘူး။ ဥပမာ သူတို့နဲ့ ကချင်နဲ့ပဲ အပစ်ရပ်မယ်၊ ရခိုင်တွေနဲ့ အပစ်မရပ်ဘူးဆိုရင်၊ ရခိုင်တွေက အဲဒီမှာပဲ ရှိနေမယ်ဆိုရင် သူတို့ရဲ့လုံခြုံရေးအတွက် ဘယ်လိုတာဝန်ယူမလဲ။ ဒါကလည်း ကျနော်တို့ ပစ်ပယ်ထားလို့ မရဘူး။ သူတို့အတွက် အခွင့်အရေးမရဘူးဆိုရင်တော့ သူတို့ကတော့ ဆက်တိုက်ရမှာပဲ။ အဲဒီလိုအနေအထားမျိုးပါဗျ။”

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးတဲ့အခါ နိုင်ငံတကာပေါ့ ကုလသမဂ္ဂ၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ အာဆီယံ၊ အီးယူ စသဖြင့် တိုင်းရင်းသားတွေဘက်က အဆိုပြုတော့ ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ အစိုးရနဲ့ ပြောဆိုညှိနှိုင်းရမယ်လို့ ကြားသိရပါတယ်။ အဲဒီကိစ္စက ဘာဖြစ်လို့ လိပ်ခဲတည်းလည်းဖြစ်တာလဲ။

“ဒီလိုပါ။ ကျနော်တို့က အဆက်ဆက်ပဲ ဆွေးနွေးလာတယ်ဗျာ။ အစိုးရဘက်က ဘယ်လိုရပ်တည်လဲဆိုတော့ ကနေ့ ကျနော်တို့နဲ့ အရင်က ဆွေးနွေးပွဲတွေထဲမှာ ပါပါလာနေတဲ့ ယူအန်ရယ်၊ အာဆီယံရယ်၊ တရုတ်ရယ် ဒီသုံးဖွဲ့ကိုပဲ အသိသက်သေအနေနဲ့ အသိအမှတ်ပြုချင်တယ်ဗျ။ ဒါကတော့ အစိုးရရဲ့ ရပ်တည်ချက်ပေါ့ဗျာ။ ကျနော်တို့ကတော့ အဲဒါနဲ့ မလုံလောက်ဘူးလို့ မြင်တယ်။ တဘက်က ယူအန်တို့၊ အာဆီယံတို့ပါတာတော့ ပိုကောင်းပါတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ ဥပမာ နိုင်ငံတကာ အဖွဲ့အစည်းဆိုရင် အီးယူကလည်း ပါလာဖို့ လိုပါတယ်။ နောက်တဘက်က နိုင်ငံအနေနဲ့ တရုတ်တခုတည်းဆိုရင်၊ တခြားနိုင်ငံတွေ မပါဘူးဆိုရင် ဒါကလည်း ဟိုရပ်တည်မှုတွေ နိုင်ငံရေး ရှေ့ကာလမှာ ချိန်ခွင်လျှာက တဘက်စောင်းနင်း ဖြစ်သွားနိုင်တယ်။

ဥပမာ - ဒါကြောင့်ပေါ့ ကျနော်တို့က တရုတ်ပါရင် ကဲ အမေရိကန်လည်းပါရင် ဘာဖြစ်လဲ။ ဥပမာ ဂျပန်လည်း ပါရင် ဘာဖြစ်လဲ။ တဘက်က ပြောမယ်ဆိုရင် တရုတ်က အိမ်နီးနားချင်းဖြစ်လို့ ဆက်စပ်နေတယ်။ ဒီလိုပဲ ထိုင်းတို့၊ အိန္ဒိယတို့လည်း ပါဝင်ဖို့လိုတယ်။ ဆက်စပ်နေတာပါပဲ။ သဘောကတော့ ကျနော်တို့ဘက်က ရပ်တည်တာကတော့ မှန်မှန်ကန်ကန်နဲ့ ရိုးရိုးသားသားသာ ရပ်တည်မယ်ဆိုရင်၊ လုပ်ဆောင်မယ်ဆိုရင် ဒီ အသိသက်သေတွေကတော့ များလေကောင်းလေပေါ့။ ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ကျနော်တို့ထင်ပါတယ်။”

နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ဟာ ရပ်စဲဖို့အတွက် အခုကာလလောက် နီးစပ်တာမျိုး မကြုံဘူး၊ မကြားဖူးဘူး။ နှစ်ဘက်စလုံးပင်ပန်းတာ မြင်ရပါတယ်။ တိုးတက်မှုတွေမြင်ရသလို တဘက်ကလည်း တိုက်ပွဲတွေဖြစ်နေတာလည်း တလမှမပြတ်ဘဲ ဖြစ်နေတယ်။ ဒီတော့ ဒီတခါ လက်မှတ်ထိုးကြရင်ရော မတိုက်ကြ၊ မခိုက်ကြဖို့ ဘယ်လောက် အာမခံချက်ရှိပြီး ပြည်သူတွေ ဘယ်လောက် စိတ်ချရမလဲခင်ဗျ နှစ်ဘက်စလုံးကို။

“ဒါကြောင့်ပါ ကျနော်တို့က ဒီတခါ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးရဲ့ စာချုပ်စာတမ်းမှာလည်း ခိုင်ခိုင်မာမာရှိဖို့ လိုတယ်။ နောက် အသိသက်သေတွေကလည်း ခိုင်ခိုင်မာမာရှိဖို့ လိုတယ်။ အဲသလို ခိုင်မာတဲ့ အနေအထားမျိုးကို ကျနော်တို့ ကြိုးပမ်းပြီးတော့ ဖန်တီးနေတာဖြစ်တယ်ဗျ။”

အန်ကယ်တို့ပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ချင်းမိုင်မှာ တိုင်းရင်းသား  ထိပ်သီးခေါင်းဆောင်တွေကို ပြန်လည်ရှင်းပြရာမှာ နှစ်ဘက် အပြန်အလှန် ဆွေးနွေးပွဲရဲ့ မြင်ကွင်းက ဘယ်လိုပါလဲခင်ဗျ။

“အဓိကအားဖြင့်ကတော့ ကျနော်တို့က မကြာခင်တုန်းက ကျနော်တို့ကတော့ ယူပီဒဗလျူစီနဲ့ သွားဆွေးနွေးတယ်။ အဲဒီအခြေအနေကို ကျနော်တို့တင်ပြတယ်။ တချို့ကိစ္စတွေမှာ ကျနော်တို့ အက်စ်ဒီအနေနဲ့ ဆုံးဖြတ်ပေးလို့ မရဘူးလေ။ ဒါကတော့ ဟို အဓိက အဆုံးအဖြတ်ပေးရမှာက ထိပ်သီးခေါင်းဆောင်တွေဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အနေအထားတွေကို၊ အခြေအနေတွေကို ကျနော်တို့ လာပြီးတင်ပြတယ်။ နောက် တချို့ အရေးကြီးတဲ့ အပိုင်းတွေကို သူတို့ရဲ့ဆုံးဖြတ်ချက်ကို ရယူတာဖြစ်တယ်။”

အန်ကယ်တို့ တိုင်းရင်းသားတွေဘက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်လောက်ထိအောင် ရိုးသားမှုရှိတယ်လို့ ပြောနိုင်ပါသလဲ။

“ဒီလိုပါ ကျနော်တို့မြင်တာလေ ကျနော်တို့ တိုင်းရင်းသားတွေဘက်ကဆိုရင် အစိုးရဘက်က တနိုင်ငံလုံး  အပစ်အခတ်ရပ်စဲရေး ဖိတ်ခေါ်တိုင်း ဖိတ်ခေါ်တိုင်းမှာ ကျနော်တို့ ပါဝင်ခဲ့တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ ကျနော်တို့ အမြဲတမ်း ကြိုးပမ်းခဲ့တယ်ဗျ။ ဥပမာ သမိုင်းကြောင်းနဲ့ နည်းနည်းချီပြီး ပြန်ပြောရမယ်ဆိုရင် ၁၉၅၈ ခုမှာ၊ ဟိုတုန်းကတော့ ဦးနုအစိုးရရဲ့ ပထမ အစိုးရပေါ့နော် ဖိတ်ခေါ်တယ်၊ ဥပမာ မွန်တို့၊ ရခိုင်တို့၊ ပအို့ဝ်တို့ လက်ခံသွားတယ်။ လက်နက်ကိုတောင် စွန့်ခဲ့ဖူးတယ်ဗျ။ ဒါတောင်မှ နောက်ဆုံးကတော့ ဘာမှ ကိုယ့်အတွက် အာမခံချက်မရှိဘူး။ အခွင့်အရေးလည်း မရဘူး။ ဒါတောင် ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းပြီးတော့ ၆၃ ခုနှစ်မှာ ပြန်ခေါ်တယ်။ အဖွဲ့တိုင်းလိုလို လာပြန်တွေ့တာပဲ ဆွေးနွေးတာပဲဗျ။ ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်းရဲ့ဟိုတုန်းက ရပ်တည်ချက်က ဘာလဲဆိုတော့ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးတဲ့၊ လက်နက်ကိုပဲ စွန့်ခိုင်းနေပြန်ပြီဗျ၊ အဲဒီတော့ ဘယ်အဖွဲ့ကမှ လက်မခံတော့ဘူးဗျ အဲလို။ နောက် ၈၈ နောက်ပိုင်း တပြည်လုံး အုံကြွမှုဖြစ်ပြီးတဲ့နောက်မှာ ဒီ န၀တ၊ နအဖ စစ်အစိုးရလက်ထက် သူတို့လည်း အပစ်အခတ်ရပ်စဲရေး ပြန်ခေါ်တယ်။ အဖွဲ့တော်တော်များများ  ပါခဲ့တယ်ဗျ။ နော် လက်ခံခဲ့တယ်။"

"ဒါပေမယ့် နောက်ဆုံး တချို့အဖွဲ့တွေ မပါနိုင်တာက ဘာလဲဆိုတော့ အဲဒီသူတို့ရဲ့ မရိုးသားတဲ့၊ မူမမှန်တဲ့ မူအရပေါ့နော် ဒီ ၉၆ ခုနှစ်ဆန်းလောက်ကျတော့ အဲဒီ လာဆွေးနွေးတဲ့ အပစ်ရပ်ချင်တဲ့ အဖွဲ့တွေကို အားလုံးလက်နက်အပ်ခိုင်းတဲ့ အနေအထားမျိုးနဲ့ အကျပ်ကိုင်တာ။ အဲဒီမှာ အမ်ဒီအေဆိုတဲ့ ဦးခွန်ဆာတို့အဖွဲ့တွေလို၊ ရခိုင်ပြည်မှာရှိတဲ့ ကွန်မြူနစ်ပါတီလိုဆို လက်နက်တောင် စွန့်လိုက်ရတဲ့ အနေအထား။ အစပိုင်းမှာ အပစ်ရပ်တဲ့လူတွေ၊ ဥပမာ- ကိုးကန့်တို့ ၀ တို့ဆိုရင် အခွင့်အရေး အများကြီးပဲ။ ဒုတိယမှာ ကြားမှာ အပစ်ရပ်တဲ့လူက အခွင့်အရေး အထိုက်အလျောက်၊ နောက်ပိုင်းမှာ အပစ်ရပ်ချင်တဲ့လူတွေကို လက်နက်တောင်ချခိုင်းတယ်ဆိုတဲ့ အနေအထားမျိုး။ ဒါ မမှန်ကန်တဲ့ အနေအထား။ နောက်ပြီးတော့ ကတိပေးထားတယ် သူတို့ကတော့ ဒါကတော့ အာဏာသိမ်းထားတဲ့ စစ်အစိုးရဖြစ်တယ်၊ သူတို့ကတော့ နိုင်ငံရေးအရ အဖြေမပေးနိုင်ဘူး၊ ဆွေးနွေးလို့ မရဘူး။ နောက် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကျရင် သူတို့ကတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ကို စီစဉ်ပေးမယ်။ သူတို့ကလည်း ဖွဲ့စည်းပုံရေးပြီးတော့ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး ကတိတွေ ပေးထားတယ်။ အဲဒီပေါ်မှာ တိုင်းရင်းသားတွေက စောင့်မျှော်ခဲ့တယ်ဗျ။ ဒါပေမယ့် ဖွဲ့စည်းပုံလည်း ရေးပြီးရော ရွေးကောက်ပွဲလည်း လုပ်တော့မယ်ဆိုတဲ့ အခါကျတော့နော်၊ အဲဒါနဲ့ နီးတဲ့အခါကျတော့ ဒီအပစ်ရပ်တဲ့အဖွဲ့ကို ခင်ဗျားတို့တပ်ဖွဲ့တွေကို အားလုံး ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ်အသွင်ပြောင်းပါ။ မပြောင်းရင် တိုက်မယ်ဆိုပြီးတော့ အကျပ်ကိုင်လာတဲ့ပုံမျိုး။ နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့ နောက်ဆုံးကတော့ ပြီးလာတဲ့ အတွေ့အကြုံအရ ဆိုရင်တော့ လက်နက်ကိုင်တပ်တွေကို ဖြုတ်သိမ်းဖို့ပဲ သူတို့က ကြိုးပမ်းခဲ့တယ်။ နိုင်ငံရေးအရ မဆွေးနွေးခဲ့ဘူးဗျ၊ မဆွေးနွေးချင်ဘူး။ အဲဒါကြောင့် မပြေလည်တာဖြစ်တယ်။”

အစိုးရနဲ့ တိုင်းရင်းသားတွေ နှစ်ဘက်စလုံးက ဒီနှစ် ၂၀၁၅ ခုနှစ်အတွင်းမှာ တပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးကို လိုလားတယ်လို့ အသီးသီး ထပ်ကာထပ်ကာ ပြောနေကြပါတယ်။ တကယ်လက်တွေ့မှာ နှောင့်နှေးနေကြတာက တကယ့်အခြေအနေမှန်က ဘာကြောင့်လဲ။ ဘာကြောင့် သဘောတူညီချက်တွေ မရကြသေးတာလဲ။

“အဲဒါကလည်း တဘက်က စာချုပ်ထဲမှာ အချက်အလက်တွေက အာမခံချက် မရှိလောက်ဘူးလို့ ကျနော်တို့မြင်တယ်။ အဲဒီမှာ မကြေလည်တာရယ်၊ နောက်ပြီးတော့ ပြောမယ်ဆိုရင်တော့ အခုက အပစ်အခတ်ရပ်စဲရေး သူတို့က လုပ်တယ်၊ ကျနော်တို့က အဖွဲ့အားလုံး ပါဝင်ရေးလို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလို့ ကြွေးကြော်တယ်။ ဒါပေမယ့် ဟိုအဖွဲ့မပါရ၊ ဒီအဖွဲ့မပါရ ကန့်သတ်ထားပြန်တယ်။ ဒါကလည်း မရိုးသားဘူးဗျ။ နောက်ပြီးတော့ အသိသက်သေအနေနဲ့ ဟိုနိုင်ငံ၊ ဒီနိုင်ငံကို ဖိတ်ခေါ်ပြန်တော့လည်း အမျိုးမျိုးရှောင်နေပြန်တယ်ဗျ။ ဒါတွေကတော့ မရိုးသားတဲ့ လက္ခဏာလို့ ကျနော်တို့မြင်တယ်ဗျ။ အဲဒါကြောင့် ကျနော်တို့က မခိုင်မာသေးတဲ့ အနေအထားမျိုးမှာ အပစ်မရပ်သေးတာပါ။ ကျနော်တို့ လက်မခံတာပါ။”

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အဆင့်မြင့်တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မှာ ဇူလိုင်လတွေ့ဆုံပွဲမှာ ၀န်ကြီးဦးအောင်မင်းက တပြည်လုံးအပစ်ရပ်ရေးဟာ လက်ရှိအစိုးရ လက်ထက်မှာ မဖြစ်ရင် နောင်အစိုးရလက်ထက်ဆိုရင် ဖြစ်စဉ်အသစ်နဲ့ စကောင်း စရနိုင်တယ် ဆိုတဲ့သဘော အဖွင့်မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ ဒီအပေါ် တုံ့ပြန်မှတ်ချက်စကား ပြောပြပါ။

“ဒါက တဘက်က ရွေးကောက်ပွဲပြီးရင်ပေါ့နော် နောက်တက်လာတဲ့လူတွေက လူသစ်တွေဖြစ်ရင် ဒါကတော့ ဆွေးနွေးမှုက အသစ်ဖြစ်၊ အသစ်လို ဖြစ်မှာပေါ့ဗျာ။ ဒါကလည်း ဓမ္မတာပါပဲ။ ဒါပေမယ့် ဒါနဲ့ ခြိမ်းခြောက်ပြီးတော့ မခိုင်မာဘဲနဲ့ အမြန်အပစ်ရပ်ရေး  ဆိုပြီးတော့မှ ဆွဲရင်လည်း ဒါကမဖြစ်သင့်ဘူး။ တဘက်က ပြန်တွက်ကြည့်ရင် နောက်တက်လာမယ့် အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ ဥပမာ- အစိုးရဆိုပါစို့ပေါ့ဗျာ နော်။ သူတို့ဘက်ကလည်း ကျနော်တို့မြင်တာကတော့ ကျနော်တို့နိုင်ငံမှာ ဒီအပစ်အခတ်ရပ်စဲအောင် မလုပ်နိုင်ရင်၊ ဒါမှမဟုတ် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းမှု မလုပ်နိုင်ရင် ကျနော်တို့နိုင်ငံဟာ ဘယ်လိုမှ မအေးချမ်းဘူး။ မအေးချမ်းရင် ဒီမိုကရေစီစနစ်ကိုလည်း အကောင်အထည်ဖော်လို့ရမှာ မဟုတ်ဘူး။ စီးပွားရေးအရလည်း တိုးတက်အောင်၊ ဖွံ့ဖြိုးအောင် ဘာမှလုပ်လို့ မရဘူး။ အခြေခံပြဿနာကတော့ ဒီပြည်တွင်းစစ်ကို ဘယ်လိုနည်းနဲ့ ရပ်တည်မလဲ။ အဲဒီတော့ နောက်တက်မယ့် အစိုးရကလည်း ဒါကို မလွှဲမရှောင်သာ လုပ်ကိုလုပ်ရမယ်။ ဒါ လုပ်လည်းလုပ်လာပြီးပြီလို့ ကျနော်တို့မြင်တယ်လေ။ အဲလိုတဘက်က ဒါကတော့ အသစ်ကပြန်လုပ်ရမယ် ဆိုတဲ့ဟာကတော့ အထိုက်အလျောက်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပါဝင်ဆွေးနွေးနေတဲ့ လူတွေထဲမှာလည်း နောက်အပတ်မှာ အရွေးမခံ၊ လုံးဝကို အရွေးမခံရတော့ဘူးလို့ ဒါကတော့ ကျနော်တို့ မပြောနိုင်ဘူး။ သူတို့လည်း ပါလာမှာပဲ။ နောက် တဖက်က ပြောမယ်ဆိုရင် နောက်တက်လာမယ့် အစိုးရအဖွဲ့က တကယ်လို့ ပြည်တွင်းငြိမ်းချမ်းရေး  တည်ဆောက်ဖို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကို တဘက်က ပိုပြီးတော့မှ အလေးထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရင် ပိုပြီးတော့တောင် တဘက်က လွယ်သွားနိုင်တယ်။ ဒါကတော့ ပြောတာပေါ့လေ။ အလားအလာ ဆိုတာကတော့ နောက်အစိုးရမှာ အဆိုးကြည့်ပဲ ကျနော်တို့မြင်လို့ မရနိုင်ဘူးလို့ ကျနော် မြင်ပါတယ်။”

အန်ကယ့်အနေနဲ့ တခြားပြောစရာကျန်ရှိရင် ပြောပါဦးခင်ဗျာ။

“အထူးတော့မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ ကျနော်တို့ တိုင်းရင်းသားတွေဘက်က ပြောမယ်ဆိုရင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာနဲ့ မြန်မြန်ဖြစ်ချင်တယ်။ အဲဒီကနေ နိုင်ငံရေးဆွေးနွေးပွဲကို မြန်မြန်တက်ချင်တယ်။ အဓိကအားဖြင့် ဒီပြဿနာကို ကျနော်တို့ မဖြေရှင်းနိုင်ရင် ကိုယ့်အချင်းချင်း တိုက်နေတာနဲ့ ကျနော်တို့နိုင်ငံကလည်း ဒီ သဘောကတော့ ဘယ်လိုမှ မအေးချမ်းနိုင်သလို တဘက်ကလည်း ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မဖြစ်နိုင်ဘူး။ လူထုတွေ အများကြီး ဒုက္ခဖြစ်နေတယ်။ ဒါတွေကို အာဏာရနေတဲ့ အစိုးရဘက်က ဒါက အဓိက စဉ်းစားဖို့လိုသလို ကျနော်တို့ တိုင်းရင်းသားတွေဘက်ကလည်း သဘောထားကြီးကြီးနဲ့ တဘက်က ကျနော်တို့နိုင်ငံ အမြန်အေးချမ်းဖို့ သဘောထားဖို့ လိုပါတယ်။ အဲဒီကိစ္စမှာ ကျနော်တို့ နိုင်ငံရေးပါတီတွေရော၊ ပြည်တွင်းက အင်အားစုတွေ အားလုံးအနေနဲ့လည်း ၀ိုင်းဝန်းထောက်ခံအားပေးဖို့ လိုတယ်လို့ ကျနော်ကတော့ အဲသလို ပြောလိုပါတယ်ခင်ဗျ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013