DVB Logo
Home
သတင်းမီဒီယာ
အမျိုးအစားအလိုက် စိစစ်ရေးကင်းလွတ်ခွင့်ကို သတိဖြင့်ကြိုဆို
DVB
·
June 9, 2011
Donate to DVB

ဇွန် ၈ ရက်မှာ တရား​ဝင်စတင်​ကြေညာလိုက်တဲ့​ အမျိုး​အစား​တွေလိုက် စာ​ပေစိစစ်​ရေး​ကို တင်စရာမလို​တော့​တဲ့​ မူဝါဒ​တွေနဲ့​အတူ အာမခံအဖြစ် ကျပ်သိန်း​ ၅၀ တင်​ဆောင်ရမယ့်​ကိစ္စ​တွေ၊​ ပြစ်မှု​တွေကို ကိုင်တွယ်​ဖြေရှင်း​မယ့်​ နည်း​လမ်း​တွေမှာ ဘဝမကျနိုင်တဲ့​ အချက်အလက်အချို့​ ပါဝါ​နေတာ​ကြောင့်​ စာနယ်ဇင်း​ ​လောကသား​တွေ သတိနဲ့​ ကြိုဆိုလိုက်ကြပါတယ်။

သတင်း​ဂျာနယ်တ​စောင်ရဲ့​ တာဝန်ခံအယ်ဒီတာတဦး​က “ကျ​နော့်​အမြင်က​တော့​ ကိုယ်​ရေး​တဲ့​ဟာ​တွေ ကိုယ်တာဝန်ခံရမယ်။ ပြီး​တော့​မှ ​ရေး​တဲ့​ဟာက ဥပ​ဒေရဲ့​ အဆုံး​အ ဖြတ်ကို ခံယူရမယ်ဆိုတဲ့​ဟာကျ​တော့​ ကျ​နော်တို့​ သ​ဘောကျတယ်။ လွတ်လွတ်လပ် လပ်လည်း​ ​ရေး​ချင်တာ​ပေါ့​။ ဒါ​ပေမယ့်​ အခု သူတို့​ရှင်း​ပြသွား​တဲ့​အချိန်မှာ ဘယ်လိုဖြစ်သလဲဆို​တော့​ တရား​ရုံး​ နှစ်ခုလို ဖြစ်​နေတယ်။ ပထမ တရား​ရုံး​က​တော့​ စာ​ပေစိစစ်​ရေး​က ကိုင်တွယ်တဲ့​ တရား​ရုံး​တခု၊​ အဲဒီတရား​ရုံး​က ပထမပြဿနာ တခု​ပေါ်ရင် သူတို့​ဆုံး​ဖြတ်မယ်။ နှစ်ဖက်​တော့​ ကြား​နာခွင့်​ရှိပါတယ်။ ဒါ​ပေမယ့်​ ဆုံး​ဖြတ်မှာက သူတို့​ဆုံး​ဖြတ်မှာ၊​ ဆုံး​ဖြတ်တယ်ဆိုတဲ့​အခါကျ​တော့​ စစ်​ဆေး​တာလည်း​ သူတို့​ပဲ။ ဆုံး​ဖြတ်တာလည်း​ သူတို့​ပဲဆို​တော့​ ညှာတာမှု ရှိမရှိက​တော့​ မ​ပြောနိုင်ဘူး​ပေါ့​။ အဲ​တော့​ ပထမတကြိမ် ပြဿနာ​ပေါ်တယ်။ သူတို့​ကလည်း​ ဆုံး​ဖြတ်လိုက်တယ်။ အပြစ်ရှိ​ကြောင်း​ ဆုံး​ဖြတ်လိုက်တယ်ဆိုရင် စ​ပေါ်​ငွေ သိန်း​ (၅၀) တင်ရမယ်။ ဒုတိယအဆင့်​ဆိုရင် အပြစ်ရှိ​ကြောင်း​ ထပ်ဆုံး​ဖြတ်တယ်ဆိုရင် ​ငွေဘယ်​လောက်ကို ဒဏ်​ကြေး​အဖြစ် သတ်မှတ်မယ်ဆိုတာကို အဲဒီအချိန်မှာ သတ်မှတ်မှာ​လေ။ အဲဒါက တရား​ရုံး​ရဲ့​ အဆုံး​အဖြတ်မဟုတ်ဘူး​။ ပြီး​တော့​မှ ဒီလိုမျိုး​လုပ်လို့​ ဒီတခုတည်း​နဲ့​ ပြီး​သွား​လား​လို့​ဆို​တော့​ မပြီး​ဘူး​။ တချို့​သော ကိစ္စ​တွေဆိုရင် တရား​ရုံး​မှာ အဆုံး​အဖြတ်ခံယူရမှာလည်း​ ရှိ​သေး​တယ်။ တရား​ရုံး​ဆိုတာ ရှိ​နေလျက်နဲ့​ ဒီဟာကြီး​တခုက ဘာလို့​ရှိ​နေလဲဆိုတာ​တော့​ ကျ​နော့်​တဦး​ချင်း​အ​နေနဲ့​ နား​မလည်ဘူး​” လို့​ ​ပြောပါတယ်။

ဝါရင့်​စာနယ်ဇင်း​ ဆရာတဦး​ဖြစ်တဲ့​ လျှပ်တပြက်ဂျာနယ်ရဲ့​ အယ်ဒီတာချုပ် ဆရာဦး​မြတ်ခိုင်ကလည်း​ ​တွေ့​ကြုံလာနိုင်တဲ့​ အ​ခြေအ​နေ​တွေကို အခုလို ​ပြောပါတယ်။

“ထစ်ခနဲဆို စာ​ပေစိစစ်​ရေး​တိုင်တာတို့​ ဝန်ကြီး​ကိုတိုင်တာတို့​ ဖြစ်​နေရင် လုပ်လို့​မရ​တော့​ဘူး​။ လုပ်လို့​မရ​တော့​ သူတို့​စီ စာပို့​ရင် တရား​စွဲတာတို့​ ဖြစ်လာ​တော့​မှာ​ပေါ့​။ အယ်ဒီတာ အရည်အချင်း​ရှိဖို့​ လိုတယ်။ အရည်အချင်း​မရှိရင်​တော့​ ရင်ဆိုင်ရမှာပဲ။ အရင်က ပုလိပ်နည်း​ပါပဲ။ ဟိုတုန်း​က ရှိခဲ့​ဘူး​တယ်။ ဒါဆို စ​ပေါ်​ငွေတင်​ပေါ့​။ အဲဒီထဲက​နေ ဒဏ်ရိုက်သွား​မယ်၊​ ဖြတ်သွား​မယ်။ အဲဒီထဲက ​လျော့​သွား​ရင် ပြန်ဖြည့်​၊​ အလကား​နေရင်း​ မြှုပ်နှံထား​ရမှာ​လေ။ အဲ​တော့​ ဘယ်ထုတ်လုပ်သူက ဒါကိုမြှုပ်မလဲ၊​ ဘယ်ပုံနှိပ်သူက ​ပေး​မလဲ၊​ ပြဿနာရှိတယ်​လေ။ ပုံနှိပ်သူက ပြဿနာဖြစ်နိုင်လို့​ ငြင်း​ဆန်ရင် ဘယ်လိုလုပ်မလဲ၊​ သူကလည်း​ ဖြစ်ရင် ချိပ်ပိတ်ခံရမှာကို။ သူလည်း​ ဝင်ပါရင် ဒဏ်ခံရမှာ​ပေါ့​။ အဲ​တော့​ အယ်ဒီတာနဲ့​ ထုတ်လုပ်သူနဲ့​ ပုံနှိပ်သူ​တွေက အယ်ဒီတာ​တွေကို ဝင်ကြပ်​ပေး​တဲ့​ ပြဿနာ​တွေကလည်း​ ​ပေါ်လာမှာပဲ။ ဘယ်သူနာမည်တတ်လိုက်မယ် ဆိုပြီး​လုပ်လို့​ မရဘူး​။ အစအဆုံး​ ပြန်ဖတ်ရမယ်။ ဒါ​တွေက​တော့​ ညိနိုင်တယ်။ ဖြုတ်သင့်​တယ်ဆိုတဲ့​ အကြံ​ပေး​နိုင်တဲ့​ ပညာရှင် ဖြစ်ဖို့​လိုတယ်။ အဲ​တော့​ မီဒီယာကြီး​တွေမှာ​တော့​ ဒီဥပ​ဒေပညာရှင်ဆိုတာ ရှိသင့်​တယ်။”

အနုပညာမဂ္ဂဇင်း​တ​စောင်ရဲ့​ တာဝန်ခံအယ်ဒီတာ တဦး​က “အမတို့​အတွက်​တော့​ စာ​ပေစိစစ်​ရေး​မတင်ရဘူး​ဆိုရင်​တော့​ ပိုပြီး​အာရုံစိုက်ရမယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကိုယ်ဖြစ်ရင်ကိုယ်ခံရမှာ၊​ ကိုယ်တာဝန်ယူရမှာ​လေ။ အရင်တုန်း​က​ ​တော့​ တခုခုဆိုရင် ထု​ချေလွှာတင်တာတို့​ ​တောင်း​ပန်တာတို့​။ ဝန်ခံကတိသွား​ထိုး​ရင်​တော့​ အဆင်​ပြေတာ​ပေါ့​။ အခုကျ​တော့​ ဖြစ်တယ်ဆိုရင် ဥပ​ဒေနဲ့​လည်း​ တင်ရမှာ​လေ။ ဒဏ်​ကြေး​ဆိုလည်း​ ဒဏ်​ကြေး​၊​ ဒဏ်​ကြေး​နဲ့​ မရရင် ဥပ​ဒေနဲ့​ ရှင်း​ရ​တော့​မှာ။ အဲလိုဖြစ်​နေတာ။ ​ခေါင်း​တော့​ပိုစား​တယ်။ ဥပ​ဒေနဲ့​ ပတ်သက်တဲ့​လူက လိုသွား​ပြီ။ အဲ​တော့​ အခုမူက​တော့​ အရင်လိုပဲ၊​ ဘာဖြစ်လို့​လဲဆို​တော့​ အတိုအပြတ်​တွေ လူမှု​ရေး​ဖောက်ဖျက်တဲ့​ ဝတ်စား​ဆင်ယင်မှု​တွေ မရဘူး​။ အဲဒါကို​ဖောက်ဖျက်ရင်လည်း​ ကိုယ်ထည့်​တဲ့​ပုံ၊​ ကိုယ်ထည့်​တဲ့​စာအတွက်က ကိုယ်ကတာဝန်ယူရမှာ။ အပြတ်ရတယ်လို့​ ဖွင့်​ပေး​လိုက်တာမဟုတ်ဘူး​။ ကျန်တဲ့​မူဝါဒက အရင်အတိုင်း​ပဲ။ အခုပိုဆိုး​သွား​တာက ကိုယ်လုပ်ရင် ကိုယ်တာဝန်ယူရမယ်” လို့​ ​ပြောပါတယ်။

ရန်ကုန်တိုင်း​မ်နဲ့​ ဖလား​ဝါး​နယူး​ ဂျာနယ်ရဲ့​ အယ်ဒီတာချုပ် ဆရာဦး​ကိုကို (စက်မှုတက္ကသိုလ်) ကလည်း​ အခုလို​ပြောပါတယ်။

“စာ​ပေမူဝါဒ​တွေကို ​လျော့​ပေါ့​လိုက်တဲ့​ ကိစ္စက​တော့​ အပြုသ​ဘော​ဆောင်တဲ့​ ကိစ္စဖြစ်တယ်။ ကျ​နော်တို့​ လိုလား​တဲ့​ဟာဖြစ်တယ်။ ကြိုဆိုပါတယ်။ သို့​သော် လုပ်ငန်း​တွေက အခုဇွန်လ ၁ဝရက်​နေ့​မှာ စတင်မှာဆို​တော့​ ကျ​နော်တို့​ သိထား​ဖို့​က​တော့​ ​မျှော်လင့်​ထား​သလို ​ချော​ချော​မွေ့​မွေ့​ ရာနှုန်း​ပြည့်​ ​ချော​မွေ့​စွာ ​လျှောက်လှမ်း​ရမယ်လို့​ ကြိုတင်ယူဆထား​ရင်​တော့​ မှား​လိမ့်​မယ်။ အခုအသစ်အဆန်း​တခု အ​နေနဲ့​ စတင်လုပ်မယ်ဆိုတာ​ကြောင့်​ အခက်အခဲ​လေး​တွေက အနည်း​နဲ့​ အများ​ ရှိလာနိုင်တယ်။ အဲဒါ​တွေကို​တော့​ ​ကျော်လွှား​သွား​ဖို့​ လိုပါတယ်။ ထွက်လာတဲ့​အခါမှာ ခုန​ပြောတဲ့​ စိုး​ရိမ်စိတ်​တွေလည်း​ ရှိတယ်။ ပြဿနာ​တွေ တက်မလား​၊​ တရား​စွဲခံရမလား​၊​ အဲ​တော့​ ကျ​နော်တို့​က တခုခု ဖြစ်ချင်ရင် တခု​တော့​ စွန့်​လွှတ်ရမယ်။ ကျ​နော်တို့​က ဒါကိုလိုချင်တာကို။ ဒါ​တွေကိုလိုချင်ရင်​တော့​ သတ္တိရှိရှိ ဖြတ်သန်း​သွား​ရမှာပဲ၊​ မဖြတ်သန်း​ရဲရင်​တော့​ ရမှာမဟုတ်ဘူး​။ လွတ်လပ်ခွင့်​ကို သွား​မယ်ဆိုရင် လွတ်လပ်ခွင့်​နဲ့​အတူ တာဝန်ယူမှု​တွေကို ကျ​နော်တို့​ ခုန​ပြောတဲ့​ တရား​တ​ဘောင်ကိစ္စ​တွေကို ကျ​နော်တို့​ ကြုံလာနိုင်တာပဲ၊​ နိုင်ငံတကာမှာလည်း​ ဒီလိုပဲ ဖြတ်သန်း​ရတာပဲ။ ဖြတ်သန်း​ရင် ပြဿနာမရှိဘူး​။ အသစ်အဆန်း​ဖြစ်တဲ့​အတွက် စလာလာချင်း​မှာ စိတ်ပူပန်မှုနဲ့​ တာဝန်ဆိုတာကြီး​က ကိုယ့်​အတွက် ဖိစီး​နေတာ​ပေါ့​။ ဒါ​ပေမယ့်​ အ​တွေ့​အကြုံများ​လာရင် အချိန်ကြာလာတာနဲ့​အမျှ တာဝန်ဆိုတာ​တော့​ ရှိမယ်။ သို့​သော် အဲဒီတာဝန်က ကိုယ့်​အ​ပေါ်မှာ ဖိစီး​မှု ရှိ​တော့​မှာ မဟုတ်ဘူး​။ အဲဒီတာဝန်က ​ပေါ့​ပေါ့​ပါး​ပါး​လေး​နဲ့​ လုပ်သွား​နိုင်လိမ့်​မယ်။ အဲ​တော့​ ကျ​နော်မြင်တာက လွတ်လပ်ခွင့်​ကို စရတဲ့​အတွက်ကို အပြုသ​ဘော​လေး​ ​ကောင်း​တဲ့​သ​ဘော​လေး​ မြင်ပြီး​တော့​ သတ္တိရှိရှိ တာဝန်သိသိနဲ့​ ဖြတ်သန်း​လိုက်ရင် အဆင်​ပြေသွား​မှာပါ။ ကျ​နော်တို့​ လိုချင်တာ​တွေကို။”

 

အခုလို စာ​ပေစိစစ်​ရေး​တင်ပြစရာမလို​တော့​ဘဲ ထုတ်​ဝေခွင့်​ရရှိမယ့်​ စာနယ်ဇင်း​တွေထဲမှ​တော့​ ဂျာနယ်​တွေထဲက ၈၂ ​စောင်နဲ့​ မဂ္ဂဇင်း​ ၉၆ ​စောင် ပါဝင်လာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013