DVB Logo
Home
မြန်မာသတင်း
ဒေါ်စု ကို ၀န်းရံကြရန် ထောင်မှပြန်လွတ်လာသည့် ဗိုလ်မှူးကျော်စွာဝင်း တိုက်တွန်း
DVB
·
July 30, 2015
ဒေါ်စု ကို ၀န်းရံကြရန် ထောင်မှပြန်လွတ်လာသည့် ဗိုလ်မှူးကျော်စွာဝင်း တိုက်တွန်း
1 / 2
Donate to DVB

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလို့ ထောင် ၂ နှစ်ကျခဲ့တဲ့ ဗိုလ်မှူး ကျော်စွာဝင်းဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပြီး ထောင်က လွတ်လာလာချင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံဖို့နဲ့ အန်အယ်လ်ဒီကို မဲပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ဇူလိုင် ၃၀ ရက် မန္တလေးမြို့ Mr. 88 cafe မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာပဲ သူ့အနေနဲ့ အန်အယ်လ်ဒီပါတီဝင်ဖို့ အဆိုပြုပြီး ရွေးကောက်ပွဲ ၀င်မယ့်အကြောင်းလည်း ထုတ်ပြောခဲ့ပါတယ်။

“ကျနော်ပြောချင်တာသည် ကျနော် နောက်တကြိမ် ထောင်ထဲ ပြန်ဝင်ဖို့ မကြောက်ဘူး။ အခု မီဒီယာတွေရော၊ တိုင်းပြည်တခုလုံးကို ပြောမယ်၊ ပြောချင်တယ်၊ အမှန်တရားနဲ့ ပတ်သက်လာလို့ ထောင်ကို ကြောက်နေမယ်ဆို ဒီမိုကရေစီ ဘယ်တော့မှ မရနိုင်ဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် ထောင်ကို မကြောက်မှ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီရမယ်၊ အားလုံးကို ပြောချင်တာက အထူးသဖြင့် အမေစုကို ၀န်းရံကြပါ၊ အန်အယ်လ်ဒီကို မဲပေးကြပါ။”

လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုပ်ဆောင်သွားမယ့်အကြောင်း သစ္စာပြု ပြောခဲ့ပါသေးတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ထိုးခဲ့တဲ့နေ့မှာပဲ အဖမ်းခံရပြီး အချုပ်မှာ နေထိုင်ခဲ့ရပုံတွေကိုလည်း ဗိုလ်မှူးကျော်စွာဝင်းက ခုလို ရှင်းလင်းပြောခဲ့ပါတယ်။

kyaw swar win“၄ ရက်၊ ၇ လ၊ ၂၀၁၄ အဲ့ဒီနေ့မှာ လက်မှတ်ထိုးတယ်၊ အဲ့ဒီနေ့မှာပဲ အဖမ်းခံရတယ်။ စစ်တရားရုံးမှာ ၁၁ ရက် ၈ လမှာ အမိန့်ကျတယ်။ အဲ့ဒီနေ့ကစပြီး ချုပ်ရက်ကျတယ်။ တပ်ထဲမှာ ၅ လ ၁ ရက် နေခဲ့ရတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ကျနော် ထောင်ကို ရောက်တယ်။ ဒီနေ့မှာ ထောင်ကထွက်တယ်၊ ထောင်မှာတော့ ၈ လနီးပါး နေခဲ့ရတယ်၊ ချုပ်ရက်က ၃ လခွဲလောက်နေခဲ့ရတယ်။ ကျနော် နေခဲ့ရတဲ့ အချုပ်ခန်းမှာ ရေချိုးထွက်ခွင့် မရှိဘူး၊ ကျနော့်ခန္ဓာကိုယ်မှာ အနာတွေ ထွက်လာတဲ့အတွက် ဆရာဝန်မျတ်ချက်နဲ့မှ ရေချိုးထွက်ခွင့်ရတယ်၊ အခန်းကျဉ်းလေးထဲမှာ ၅ လကျော်ကြာအောင် လမ်းလျှောက်ခွင့်လည်းမရှိဘူး၊ ကျဉ်းကျဉ်းကျပ်ကျပ်သာ နေခဲ့ရတယ်၊ ချုပ်ရက်မှာ အပြည့်အ၀ခံစား ခွင့် မရှိခဲ့ဘူး။”

သတင်းစာရှင်းလင်းပွဲတက်လာတဲ့ သတင်းသမားတယောက်က အန်အယ်လ်ဒီပါတီက ကမ်းလှမ်းလို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အစီအစဉ်ရှိလားလို့ မေးတော့ ဗိုလ်မှူးကျော်စွာဝင်းက “ကျနော် အဆိုပြုမှာပါ။ ကျနော့်ကို လိုအပ်တဲ့နေရာ သုံးပေးဖို့ ဒီမိုကရေစီတိုက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ခုနပြောတဲ့ အမတ်လောင်းပဲဖြစ်ဖြစ်၊ အမတ်လောင်း မဟုတ်ဘဲနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ လိုအပ်လိုအပ် လိုအပ်တဲ့နေရာမှာ သွားရောက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဘယ်နေရာ ဘယ်ဒေသရယ်လို့ ဒေသစွဲ မရှိပါဘူး။ လူမျိုး တိုင်းရင်းသား အစွဲ မရှိပါဘူး၊ ရာထူးအစွဲ မရှိပါဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ် အန်အယ်လ်ဒီပါတီက ကမ်းလှမ်းလာလို့ပဲ ဖြစ်ဖြစ်၊ ကျနော်ကိုယ်တိုင် ရွေးချယ်လို့ပဲ ဖြစ်ဖြစ် ကျရာနေရာက တာဝန်ထမ်းဆောင်ဖို့ ကျနော် အသင့် ရှိပါတယ်။ ကျနော် ကိုယ်တိုင်လည်းပဲ အမေစုနဲ့ သွားတွေ့ပြီးတော့ ဂါရ၀ပြုရင်းနဲ့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လမ်းညွှန်မှုသွားရောက်ယူမှာ ဖြစ်ပါတယ်။”

ဗိုလ်မှုးကျော်စွာဝင်းဟာ ပြင်ဦးလွင်ရှိ တပ်မတော် လျှပ်စစ်အင်ဂျင်နီယာတပ်က အရာရှိ တယောက်ဖြစ်ပြီး ပြင်ဦးလွင် အန်အယ်လ်ဒီပါတီရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုမှာ ပါဝင်လက် မှတ်ထိုးခဲ့သူ တပ်မတော်အရာရှိတယောက်လည်း ဖြစ်ပါတယ်။

လက်မှတ်ထိုးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး  ချုပ်နှောင် ထားတာ ၅ လ အကြာမှာ ၄၁ (င) အမိန့်မနာခံမှု၊ ၆၅ စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013