DVB Logo
Home
Lead Story
တသက်တကျွန်းကျ တရုတ် ၁၅၀ ကျော်ပြန်လွတ်၊ ရှေ့နေဖြစ်သူကို မေးမြန်းချက်
DVB
·
July 30, 2015
တသက်တကျွန်းကျ တရုတ် ၁၅၀ ကျော်ပြန်လွတ်၊ ရှေ့နေဖြစ်သူကို မေးမြန်းချက်
Donate to DVB

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ကချင်ပြည်နယ်ထဲ သစ်ခိုးထုတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချခံရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦးလည်း ပါဝင်ပါတယ်။

သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်အမှုမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးခင်မောင်နှင့် ဆက်သွယ်မေးမြန်းထားပါတယ်။

သစ်ခိုးထုတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ချခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို ဒီနေ့ မြစ်ကြီးနားထောင်က ပြန်လွှတ်ပေးလိုက်တယ်ကြားလို့ပါ။

“မှန်ပါတယ်၊ လွတ်ပါတယ်၊ နိုင်ငံတော်ကနေ ဖွဲ့စည်းပုံ ၂၀၄(က) ဆိုတဲ့အမိန့်နဲ့ လွှတ်တဲ့ထဲမှာ သူတို့ပါတယ်။ ပါတဲ့အတွက် မြစ်ကြီးနားထောင်ကနေ ၁၂ နာရီခွဲမှာပဲ၊ ပြည်နယ် လ၀ကမှူးက ဦးစီးပြီးတော့ ကားကြီးတွေနဲ့ ခေါ်သွားပါပြီ။ အခု ခင်ဗျား ဖုန်းဆက်နေချိန်မှာ မြစ်ကြီးနားကနေ ၁၆ မိုင်လောက်ဝေးတဲ့ မဒိန်ဆိုတဲ့ ကျေးရွာကိုတောင် ရောက်သွားပါပြီ။ အဲ့ဒီကနေ ကန်ပိုက်တီးကို ဖြတ်မယ်၊ ကန်ပိုက်တီးကိုဖြတ်ပြီး ကူရုံးမရောက်ခင် နယ်စပ်မှာ လိုဏ်ဂူရှိပါတယ်၊ အဲ့ဒီထိအောင် သူတို့ကို ပို့လိုက်ပါမယ်။ ဟိုဘက်က ကူရုံးမှာ လာကြိုနေတယ်လို့ ကြားပါတယ်။ ကားကြီး ၅ စီးနဲ့ခေါ်သွားတာ ကျန်တာကတော့ လုံခြုံရေး ကားအသေးကတော့ လေးငါးခြောက်စီးလို့ သိရတယ်။ ကားကြီး ၅ စီးကို ဒီကနေ စီစဉ်ပေးတာပေါ့နော်။”

သူတို့ကို ဘယ်ပုံဘယ်နည်း တရားစွဲ ထောင်ချခဲ့တယ် ဆိုတာလေး ပြန်ပြောပြပေးပါဗျ။

“မြန်မာပြည် ဆဒုံးမြို့နယ်တို့မှာရှိတဲ့ သစ်တောတွေထဲမှာ တပ်က တပ်ရင်း ၄ ခုက ၀င်ဖမ်းတာ၊ ဖမ်းမိတဲ့ထဲမှာ ကားအစီး ၄၀၀ ကျော်၊ လူကတော့ ၁၅၀ ကျော် မိတယ်။ မိတဲ့အခါ တပ်ကနေ တရားခံတွေကို ၀ိုင်းမော်ကို ပို့တယ်၊ ၀ိုင်းမော်ကနေ လ၀က က လ၀က ဥပဒေနဲ့ သီးခြား တရားစွဲတယ်။ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ ၆ လ ကျတယ်။ ဒီတရားခံတွေကို တရားစွဲခဲ့တုန်းက ပထမဆုံးက ပုဒ်မ ၄ မှာ ပြည်ထဲရေးက ခွင့်ပြုချက် မရှိရင် စွဲလို့ မရပါဘူး၊ ခွင့်ပြုချက်ကို တင်ထားနေတဲ့ အတောအတွင်းမှာ သူတို့က တရားခံဆိုတာ ရက်ပေါင်း ၃၀ ထက် ပိုချုပ်လို့ မရပါဘူး၊ ၃၀ ထက် ပိုချုပ်လို့ရအောင် ပြည်သူပိုင် ၆ (၁) နဲ့ ရုံးကို တင်တယ်၊ ခွင့်ပြုချက် ကျလာတဲ့အခါမှာ အများနှင့်သက်ဆိုင်တဲ့ ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၃ အရ စွဲတင်တယ်။ ၈၅ ယောက်က တမှု စွဲတယ်၊ ၇၀ ကို တမှု စွဲတယ်၊ အပက ၃ ပဲ။ ၂ မှုစလုံးကို တရက်ချင်းစီပဲ မြစ်ကြီးနားခရိုင်တရားရုံးက စစ်တယ်၊ ၈၅၁ ယာက်ကို ခရိုင်တရားသူကြီး ဦးစိုးစိုးက စစ်တယ်။ ၇၀ ကတော့ ခရိုင်ဒုတိယ တရားသူကြီး ဦးမြင့်ဆွေက စစ်တယ်။ ရှေ့နေကတော့ ကျနော် ဦးခင်မောင်နဲ့ ဒေါ်သီတာခင်တို့ လိုက်တယ်။ စစ်တဲ့ ကာလက ၃ လလောက်ကြာတယ်။ အဲ့နောက် ကျနော်တို့ တရားခံတွေကို အပက ၃ နဲ့ စွဲချက်တင်တယ်။ တရားခံတွေ အားလုံးက ငြင်းတယ်၊ ငြင်းပေမယ်လို့ ခံပြတော့ မပြနိုင်ဘူး၊ တရားခံတွေ အားလုံးကတော့ သစ်ခုတ်တာ မဟုတ်ပါဘူး၊ ငှက်ပျောပင် လာခုတ်တာပါ၊ တချို့ကလည်း အလည်လာတာပါ။ တချို့ကလည်း ဆွေမျိုးတွေဆီ လာတာပါ။ တချို့ကလည်း မြန်မာနိုင်ငံ ရောက်ဖူးချင်လို့ လာတာပါ ဆိုပြီး ငြင်းကြတယ်။ တရားရုံးကတော့ ဇူလိုင် ၂၂ ရက်မှာပဲ အပက ၃ စွဲချက် တင်တာနဲ့ပဲ ယောက်ျားတရားခံတွေကို ထောင်ဒဏ် တသက်တကျွန်းချတယ်၊ လူငယ်နှစ်ယောက်ကို ၁၀ နှစ်စီချတယ်၊ အမျိုးသမီးတယောက်ပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ သူ့ကိုတော့ ထောင်ဒဏ် ၁၅ နှစ်ချတယ်၊ ချပြီးတဲ့နောက် အခု ဇူလိုင် ၃၀ ရက်မှာပဲ သူတို့ကို နိုင်ငံတော်အမိန့်နဲ့ ပြန်ပို့နေပြီပေါ့ဗျာ။”

သစ်ခိုးထုတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်းချထားတဲ့ ရှေ့နေ ဦးခင်မောင်တို့ရဲ့ တရားခံ တရုတ်လူမျိုး ၁၅၀ ကျော်ကို တပတ်ဆယ်ရက်အတွင်း ပြန်လွှတ်လိုက်တဲ့အပေါ် ဘာများ မှတ်ချက်ပေး ပြောလိုပါသလဲ။

“မှတ်ချက်မပေးလိုပါဘူး၊ ကျနော်တို့က မလွတ်ဘူးဆိုရင် အယူခံတက်ဖို့ ပြင်ဆင်နေတာပါ။ နိုင်ငံတော်က အခုလို အမိန့်ချပြီး လွှတ်လိုက်တော့ သူတို့ ကံကောင်းတယ်ပဲ ပြောရမှာပေါ့ဗျာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013