DVB Logo
Home
Lead Story
အလုပ်ရှင်တွေက အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကို သဘောတူကြပါပြီ - ဦးအောင်လင်း
DVB
·
July 30, 2015
အလုပ်ရှင်တွေက အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကို သဘောတူကြပါပြီ - ဦးအောင်လင်း
Donate to DVB

အနည်းဆုံးအခကြေးငွေနှုန်းထား ၃၆၀၀ ကျပ် သတ်မှတ်ရေးကို အစိုးရဘက်က တာဝန်ရှိသူတွေက ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်စက်ရုံတွေကို ကွင်းဆင်းညှိနှိုင်းရာမှာ အထည်ချုပ်စက်ရုံတွေဘက်က ကနဦးပိုင်းကလို ကန့်ကွက်ခြင်း မပြုတော့ဘဲ အစိုးရဘက်က ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အချက်အလက်တွေကို တင်ပြခဲ့ကြတယ်လို့ ကွင်းဆင်းရာမှာ ပါဝင်တဲ့ လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ဒီဗွီဘီကို ပြောပါတယ်။

အလုပ်သမားတွေဘက်က အဆိုပြုနှုန်းထား ၃၆၀၀ ကျပ်ဟာ နည်းပါးတာကြောင့် ၄၀၀၀ ကျပ် သတ်မှတ်ပေးဖို့ တောင်းဆိုထားကြတာပါ။

အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံတ၀န်းက အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေကို ၁ ရက် ကျပ် ၃၆၀၀ သတ်မှတ်ရေးကိစ္စဟာ အရင်ကထက်စာရင် ရှေ့နည်းနည်းတိုးပြီး နီးစပ်လာနေပြီလို့ ကြားသိရပါတယ်။ အဲဒီအခြေအနေကို ပြောပြပါ။

“တနေ့က လှိုင်သာယာမြို့နယ် (ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်) မှာ အလုပ်သမား ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်း ပါဝင်တဲ့အဖွဲ့တွေနဲ့ သူတို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြတယ်လို့ ကျနော်တို့ သိရပါတယ်။ သိရတဲ့အခြေအနေအရတော့ ဒုတိယ၀န်ကြီးရဲ့ ပြောစကားအရပေါ့နော်။ ဒီ ‘၃၆၀၀ ကို ကန့်ကွက်တဲ့ ဒီအလုပ်ရှင်တွေပေါ့နော် မရှိပါဘူး’ တဲ့။ ဆိုတော့ ၃၆၀၀ ကို လက်ခံတဲ့ အခြေအနေတခုထိတော့ ရောက်ပြီပေါ့ ဆရာရယ်။ အလားအလာကောင်းတခုတော့ ရောက်သွားပါပြီ။”

ဒေါ်ဝင်းမော်ထွန်းက press ပေးတာလား။ ဘယ်လိုမျိုးလဲခင်ဗျာ။

“ကျနော်တို့ ဖုန်းအဆက်အသွယ်လေးတွေ ရှိပါတယ်။ ကျနော် ၀န်ကြီးကို မေးမြန်းကြည့်တဲ့အခါကျတော့ အခြေအနေ ကောင်းသွားပါပြီတဲ့။ ကျနော်တို့ တချက်ပဲပေါ့နော်။ နောက်ထပ် အလုပ်ရုံဆွေးနွေးပွဲလေးတွေ နောက်ထပ်အနည်းငယ် ညှိလိုက်ရင်တော့ ဒီအလုပ်သမားတွေ အတွက်ကတော့ ၃၆၀၀ က အိုကေသလောက် ဖြစ်သွားပါပြီ။”

အလုပ်ရှင်ဘက်က အိုကေတယ်ဆိုပေမယ့် ကျပ် ၄၀၀၀ ရရှိရေးတောင်းဆိုမှု မအိုကေကြသေးတဲ့ အလုပ်သမားတွေဘက်က သဘောထားကရော ခင်ဗျား။ သူတို့ကရော ၄၀၀၀ ပဲလား၊ ၃၆၀၀ နဲ့ ကျေနပ်ကြလား။

“ဟုတ်ကဲ့။ ဒီမှာတော့ ရေရှည်သွားရမယ့်ဥစ္စာတွေပေါ့နော်။ ကျနော်တို့လည်းပဲ ပထမတောင်းတဲ့ ဒီ ၄၀၀၀ ပေါ့နော်။ ၄၀၀၀ ကနေပြီးတော့ ၃၆၀၀ ကို အခြေခံမူအားဖြင့် ကျနော်တို့ လက်ခံပါတယ်။ ဒီမှာ ကျနော်တို့ ပေါင်းစပ်ပေးရမယ့် အချက် ၄ ချက်ကို ထည့်သွင်းပေးဖို့ပေါ့နော်။ ဒီမှာ သမ္မတအကြံပေး ဒေါက်တာဇော်ဦးတို့နဲ့လည်း ကျနော်တို့ ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဒါကို သမ္မတကြီးကို တင်ပြပေးဖို့ပေါ့နော်။ အဲဒီတော့ နောက်ထပ် ပေါင်းစပ်ပေးရမယ့်ဟာက နှစ်စဉ် ဧပြီ ဘတ်ဂျက်လတိုင်းမှာ နှစ်တိုးကြေး ၁ သောင်း ပေါင်းစပ်ပါဝင်ပေးဖို့က ပထမအချက်၊ ဒုတိယအချက်ကတော့ ဖယ်ရီသုံးဖို့ (transport Charges) သွားလာစရိတ် စီစဉ်ပေးဖို့က ဒုတိယအချက် ဖြစ်ပါတယ်။ တတိယအချက်ကတော့ ကျနော်တို့ ဒီ နေထိုင်မှု ကုန်ကျစရိတ်ပေါ့နော်။ ဒါကို သင့်တင့်မျှတစွာ စီစဉ်ဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်တချက်ပါတယ်။ စတုတ္ထတချက်ကတော့ လုပ်ငန်းခွင်မပျက် ပညာသင်ကြားရေးကို ဆက်လက်ခွင့်ပြုပေးဖို့ဆိုတဲ့ အချက်၊ စုစုပေါင်း ၄ ချက်ပေါ့နော်။ သမ္မတအကြံပေး ဒေါက်တာဇော်ဦးနဲ့ ဆွေးနွေးတဲ့အခါမှာ ပြီးခဲ့တဲ့အပတ်က သမ္မတကြီး ဂျပန်ခရီးစဉ် ပြန်လာပြီးတဲ့နောက်ပိုင်းမှာတော့ ဒေါက်တာဇော်ဦးက သမ္မတကြီးကို ပြန်လည်တင်ပြပေးမယ်ဆိုတဲ့ ကတိက၀တ်ကို ကျနော်နဲ့ ရှိထားပါတယ်။ ခုချိန်လောက်ဆိုရင်တော့ သမ္မတကြီးဆီ တင်ပြပြီးလောက်ပါပြီ။ ဒါကြောင့်မို့လို့ ဒီဘက်က ၃၆၀၀ လည်း အိုကေမယ်၊ ဟိုဘက်ကနေပြီးတော့ ကျနော်တို့ အခြားပေါင်းစပ်ငွေကြေး ဒီ ၄ ခုကို ပြည်ထောင်စုအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ ကျနော်တို့ တိုက်တွန်းတဲ့အခါ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းကနေ လူမှုဖူလုံရေး side ကနေပေါ့နော် ဒီနေထိုင်မှုကုန်ကျစရိတ်ကို ကာမိဖို့အတွက် လိုင်းခန်းတွေပေါ့နော်၊ ၀န်ထမ်းလိုင်းခန်းတွေ ဆောင်ရွက်ပေးဖို့အတွက် စီမံကိန်းစပါပြီ။ အခု အကောင်အထည်ဖော်ပေးပါ့မယ်ဆိုတဲ့ ကိစ္စလည်းပဲ ကျနော်တို့ ကြားရပါပြီ။”

အလုပ်သမားတွေဘက်က အနည်းဆုံးအခကြေးငွေ ၃၆၀၀ နဲ့ ပေါင်းစပ် ၄ ချက်ကို တင်ပြတယ်ဆိုတော့ အလုပ်ရှင်တွေဘက်ရော ၂၅၀၀ ကျပ်ပေးရာကနေ ၃၆၀၀ ပေးရမယ်ဆိုရင် အစိုးရဘက်က ထောက်ပံ့မှုပိုင်းနဲ့ ပတ်သက်လို့ရော သူတို့က ဘာတွေ တင်ပြတာရှိလဲ။ ဘယ်နှချက်လောက်ရှိသလဲ။ ဘာတွေလဲ။

“လုပ်ငန်းရှင်တွေအပိုင်းကတော့ အခွန်အတုတ်တွေပေါ့နော်၊ အခွန်အခတွေကို လျော့ချပေးဖို့ကိစ္စရယ်။ နောက် သယ်ယူပို့ဆောင်မှုပိုင်းကို အစိုးရအနေနဲ့ ကူညီပေးဖို့ပေါ့နော်။ အစိုးရအနေနဲ့ အကူအညီပေးဖို့ ဆိုတဲ့နေရာမှာ အလုပ်သမားဝန်ကြီးဌာန တခုတည်းနဲ့ မရပါဘူး။ ပို့ဆောင်ရေးဝန်ကြီးဌာန အပါအ၀င်ပေါ့နော်၊ အဓိကကတော့ ကွန်တိန်နာဖြတ်သန်းရာ လမ်းကြောင်းတလျှောက်ရယ်၊ နောက် ဆိပ်ကမ်းကုန်တင်ကုန်ချမှာ ရှိနေတဲ့ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ဖို့ပေါ့နော်။ ဒီဟာကိုလည်းပဲ ဆောင်ရွက်ပေးဖို့ကို သူတို့ ပြည်ထောင်စုအစိုးရကို တင်ပြတယ်လို့ ကျနော်တို့ သိရပါတယ်။ ဆိုတော့ အဲဒီအပိုင်းမှာတော့ ဖြေလျော့မှုတွေ ဘယ်လောက်လုပ်မလဲ့ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူးခင်ဗျ။”

အနည်းဆုံးအခကြေးငွေ ၃၆၀၀ က ဒီ ၂၀၁၅ ခုနှစ်မကုန်ခင် ပြဋ္ဌာန်းနိုင်မလား။ ဘယ်လို အလားအလာ ရှိသလဲ။

“ရက်ပေါင်း ၆၀ အတွင်းမှာလို့ ဆိုထားတဲ့အတွက် နောက်လမကုန်ခင် (သြဂုတ်လမကုန်မီ) ကို ပြဋ္ဌာန်းရပါလိမ့်မယ်။ အခု လက်ရှိ အာဏာရအစိုးရလက်ထက်မှာ ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ အခြေအနေမျိုးတခုကို ကျနော်တို့ မြင်နေရပါပြီ။”

၃၆၀၀ သာ သတ်မှတ်ရင် စက်ရုံတွေ ပိတ်သွားမယ်လို့ ရပ်တည်ခဲ့ကြတဲ့ အလုပ်ရုံတွေက အလုပ်ရှင်တွေ အသံကရော အရင်အတိုင်းပဲ တင်းခံနေသလား။ ဘယ်လို ရှိသလဲ။

“တော်တော်တိတ်သွားပါပြီခင်ဗျ။ တော်တော်တိတ်သွားပါပြီ။ အစပိုင်းကတော့ သူတို့ pressure ဖိအားပေးတဲ့ သဘောအနေနဲ့ လုပ်တာပါ။ အခု လှိုင်သာယာ  စက်မှုလုပ်ငန်းရှင်တွေနဲ့ ကျနော်တို့ တနေ့က ဆွေးနွေးတဲ့အခါမှာတော့ အဲဒီအသံတွေ လုံးဝပျောက်ကွယ်လုနီးနီး ဖြစ်နေတာကို တွေ့ရပါတယ်။”

အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြဋ္ဌာန်းရေးနဲ့ ပတ်သက်လို့ ဘာများ မှတ်ချက်ပြုပြောစရာ ရှိမလဲခင်ဗျာ။

“ထူးခြားတာကတော့ ဒီမှာ တချက်ပေါ့နော်။ အဲဒါက အခြေခံလစာကို ခိုင်မာအောင် တည်ဆောက်ရင် အချိန်ပိုကြေးတွေကို နိုင်ငံတကာစံနှုန်းအတိုင်း ပြင်ရမယ့် အနေအထားတခုကိုတော့ ရောက်လိမ့်မယ်။ ရောက်လိမ့်မယ်ဆိုတာက အခု ကျနော်တို့က အလုပ်ချိန် ၈ နာရီအထက်ပေါ့နော် သာမန်ရက်တွေပေါ့၊ ဥပမာ တနင်္လာနေ့ကနေ သောကြာနေ့အထိပေါ့၊ ဒီ ၅ ရက် အလုပ်ဆင်းတဲ့အခါမှာ အလုပ်ချိန် ၈ နာရီထက်ကျော်တဲ့ လုပ်ခလစာကို ၂ ဆ သတ်မှတ်ပေးနေတဲ့ အနေအထားရှိတယ် (လက်ရှိ)။ အဲဒါလေးကတော့ ပြင်သွားနိုင်တယ်။ ပြင်သွားနိုင်တယ်ဆိုတာက ၁ ဒသမ ၅ (၁ ဆခွဲ) ပေါ့နော်။ အဲဒီအနေအထားကို ပြင်သွားနိုင်တယ်။ ဒီ တရားဝင်ရုံးပိတ်ရက်တွေမှာတော့ ၂ ဆပါပဲ။ ဒီဟာလေးတချက်တော့ ပြင်သွားနိုင်မယ့် အလားအလာရှိမယ်လို့ ကျနော်တို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013