DVB Logo
Home
နိုင်ငံရေး
ရွေးကောက်ပွဲတိုင်ကြားချက်များ ရလဒ်ကို ပြောင်းပြန်ဖြစ်အောင်မလုပ်နိုင်
DVB
·
June 9, 2011
Donate to DVB

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၇ ရက် ​ရွေး​ကောက်ပွဲကာလတုန်း​က မဲမသမာမှု​တွေနဲ့​ပတ်သက်ပြီး​ ကြံ့​ခိုင်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေနဲ့​ အရပ်သား​ပါတီ​တွေ၊​ တိုင်း​ရင်း​သား​ပါတီ​တွေက ကိုယ်စား​လှယ်​တွေ အပြန်လှန် စွပ်စွဲတိုင်း​ကြား​ထား​တဲ့​ အမှု​တွေမှာ ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ကိုယ်စား​လှယ်အချို့​ ရလဒ်​တွေကို ​ပြောင်း​ပြန်ဖြစ်​အောင် မလုပ်​ဆောင်နိုင်ကြတဲ့​ အ​ခြေအ​နေမျိုး​တွေ ဖြစ်​နေပါတယ်။

 

ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက လွှတ်​တော်ကိုယ်စား​လှယ် ၉ ဦး​ကို မဲသမာမှု၊​ နိုင်ငံ​တော်အစိုး​ရနဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို ပုတ်ခတ် မဲဆွဲစည်း​ရုံး​မှု​တွေအပါအဝင် မဲရုံ​မှူး​တွေက မဲ​အောင်နိုင်​ရေး​မှာ ပူး​ပေါင်း​ကြံစည် လုပ်​ဆောင်မှုစတဲ့​ စွပ်စွဲချက်​တွေနဲ့​ ​နေပြည်​တော် ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင် တရား​ရုံး​မှာ ကြံ့​ခိုင်​ရေး​ပါတီက လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​တွေက တိုင်ကြား​ထား​တဲ့​အမှု​တွေမှာ အချက်အလက်​တွေ မလုံ​လောက်တာ​ကြောင့်​ အဲဒီလိုဖြစ်​နေတာပါ။

ဒါ့​အပြင် မဲရုံမှုး​တွေရဲ့​ လုပ်​ဆောင်ချက်​တွေနဲ့​ ပတ်သက်တဲ့​ တိုင်ကြား​ချက်​တွေနဲ့​ပတ်သက်ပြီး​တော့​ မဲ​တွေပြန်လည်​ရေတွက်ရာမှာလည်း​ အ​ရေး​နိမ့်​နေတုန်း​ပဲလို့​ တရား​စွဲဆိုခံထား​ရတဲ့​ ​မြေပုံမြို့​နယ် မဲဆန္ဒနယ်​မြေက ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖေသန်း​က အခုလို ​ပြောပြပါတယ်။

“ပယ်မဲကို ပြန်​ရေတွက်မယ်လို့​ ခုံရုံး​က ဆုံး​ဖြတ်တယ်။ ဆုံး​ဖြတ်ချက်အတိုင်း​ပဲ အခုပယ်မဲကို ပြန်​ရေ​နေတယ်။ ​ရေတဲ့​အခါမှာလည်း​ တကယ်တမ်း​ထွက်လာတာက ကျ​နော်တို့​ဘက်ကပဲ ပယ်မဲ​တွေ ပိုထွက်လာတယ်။ သူတို့​ဘက်က ပယ်မဲ​တွေထွက်မလာဘူး​။ အဲဒါတရား​ရုံး​က သိသွား​ပြီး​တော့​ တပိုင်း​တစမှာပဲ ရပ်ထား​လိုက်ပါတယ်။ အဲဒီဟာ ဆက်မ​ရေ​တော့​ဘူး​။ ပယ်မဲကိစ္စမဟုတ်ဘူး​ ဆိုပြီး​တော့​ တရား​ရုံး​က အတည်ပြုပါတယ်။ ဘာလို့​လဲဆို​တော့​ မဲရုံမှူး​တွေ ​ကော်မရှင်​တွေဆိုတာက ကျ​နော်တို့​ ဘက်က ဘယ်သူက ပိုပြီး​ သာသာတင်း​တင်း​ ရပ်တည်ရဲမလဲ၊​ သူတို့​ဘက်ကပဲ ရပ်တည်တာ​ပေါ့​။ သူတို့​လုပ်​ပေး​တယ်ဆိုရင်လည်း​ သူတို့​ဘက်ကပဲ လုပ်​ပေး​ပါလိမ့်​မယ်။ ကျ​နော်တို့​ဘက်က လုပ်​ပေး​စရာ အ​ကြောင်း​မရှိဘူး​လေ။”

လက်ရှိအ​ခြေအ​နေမှာ​တော့​ ဒီအမှု ၉ ခုထဲက တခုအတွက် မဲ​တွေ ပြန်လည်​ရေတွက်လို့​ပြီး​ထား​ပြီး​ လာမယ့်​ ၁၅ ရက်​နေ့​မှာ အမိန့်​ချဖို့​ရှိ​နေပါတယ်။

ဒါ့​အပြင် ကျန်တိုင်ကြား​ခံထား​ရတဲ့​ ကိုယ်စား​လှယ်​တွေရဲ့​ မဲရလဒ်​တွေကိုလည်း​ ​ကော်မရှင်က ပြန်လည်​ရေတွက်ဦး​မှာဖြစ်ပြီး​ ဆက်တိုက်လိုလို စီရင်ချက်​တွေ ချမှတ်သွား​မှာ ဖြစ်တယ်လို့​လည်း​ ဦး​ဖေသန်း​က ဆိုပါတယ်။

ဒါ့​အပြင် ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင် တရား​ရုံး​ရဲ့​ တရား​စီရင်​ရေး​တွေနဲ့​ပတ်သက်ပြီး​တော့​လည်း​ ဦး​ဖေသန်း​က အခုလို မှတ်ချက်​ပေး​ ​ပြောဆိုပါတယ်။

“တရား​ရုံး​ကလည်း​ သမာသမတ်ကျကျ ​မေး​တာ ​ဖြေတာ​တွေကို စစ်​ဆေး​တာ ဘက်လိုက်မှု ပုံစံမျိုး​မ​တွေ့​ရဘူး​။ တခါတ​လေ ကျ​နော်တို့​ ဘက်က​တောင် သူတို့​ဝင်း​ရှင်း​တာ​တောင် ရှိ​သေး​တယ်။ ဘာလို့​လဲဆို​တော့​ သူတို့​တိုင်ချက်​တွေက မဲရလဒ်တခုလုံး​ ​ပြောင်း​ပြန်ဖြစ်​လောက်​အောင်ထိ အ​ခြေအ​နေမရှိဘူး​။ ရုံး​တော်ကလည်း​ သမာသမတ်ကျကျနဲ့​ စစ်တယ်ဆိုရင်​တော့​ ခုံရုံး​က ဘက်မလိုက်ဘဲ မျှမျှတတ ကြား​နာမယ်ဆိုရင်​တော့​ ကျ​နော်တို့​အမှု​တွေက အတိုင်ခံရတဲ့​ လူ​တွေဘက်ကပဲ နိုင်မယ်လို့​ ယူဆတယ်။”

ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ကော်မရှင် အပြန်အလှန် တိုင်ကြား​ထား​တဲ့​ အမှု ၂၉ မှုရှိ​နေပြီး​ အဲဒီထဲမှာ ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ကိုယ်စား​လှယ်​လောင်း​တွေက တိုင်ကြား​ထား​တဲ့​ အမှု​တွေ အများ​ဆုံး​ပါဝင်​နေတာပါ။

လက်ရှိအ​ခြေအ​နေမှာ​တော့​ ဒီအမှု​တွေထဲက ၃ မှုကိုပဲ တရား​ရုံး​က စီရင်ချက် ချမှတ်ထား​ပြီး​ ကျန်အမှု​တွေကို စစ်​ဆေး​နေဆဲဖြစ်ပါတယ်။

ဒါ​ပေမယ့်​ ​ရွေး​ကောက်ပွဲကာလတုန်း​က ကိစ္စ​တွေနဲ့​ပတ်သက်ပြီး​ မြို့​နယ်အုပ်ချုပ်​ရေး​ရုံး​တွေနဲ့​ ​ဒေသဆိုင်ရာ ရဲစခန်း​တွေမှာ ပြစ်မှုဆိုင်ရာ ဥပ​ဒေ​တွေနဲ့​ တိုင်ကြား​ထား​တဲ့​ အမှု​တွေကို​တော့​ တစုံတရာ ကိုင်တွယ်စစ်​ဆေး​တာမျိုး​ မရှိ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013