DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ကို အဖျားခတ်နိုင်သည့် မုန်တိုင်းအဆင့် သတ်မှတ်ပြီ
DVB
·
July 29, 2015
မြန်မာပြည် ကို အဖျားခတ်နိုင်သည့် မုန်တိုင်းအဆင့် သတ်မှတ်ပြီ
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပို အားကောင်းလာပြီး မြန်မာပြည်ကို အဖျားခတ်နိုင်တဲ့ လိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်ပြီလို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

အစက မြန်မာပြည်ကို ဦးတည်လာနိုင်ခြင်းမရှိတဲ့ အ၀ါရောင်အဆင့် သတ်မှတ်ထားရာက ဒီနေ့ မွန်းလွဲပိုင်းကစပြီး လိမ်မော်ရောင်အဆင့် တိုးမြှင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောအနေအထားအရတော့ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဦးတည်ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေ၀သဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“မုန်တိုင်းဖြတ်မှာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းက ဖြတ်မှာ၊ မုန်တိုင်းဧရိယာက မိုင် ၁၅၀ လောက်ရှိတော့ ကျနော်တို့ဘက်ကို မုန်တိုင်း အဖျားခတ်မှာပေါ့နော်၊ မုန်တိုင်းအလယ်ဗဟိုတော့ မဖြတ်ဘူး၊ ရခိုင်မြောက်ပိုင်း၊ မောင်တော ဧရိယာကို အဖျားခတ်မှာပေါ့။”

မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ အားကောင်းတဲ့ မုန်တိုင်းငယ်ကမ်းခြေကို ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသမှာ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီကို မိုင် ၅၀ မှ မိုင် ၆၀ အထိနဲ့ စစ်တွေခရိုင်ဒေသမှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီကို ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ ၁ နာရီကို ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသမှာ (၈)ပေမှ (၁၀) ပေအထိနဲ့ စစ်တွေခရိုင်ကမ်းခြေဒေသမှာ ၆ ပေမှ ၈ ပေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းဖော်ပြထားပါတယ်။

အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများဖြစ်ပေါ်နိုင်တယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013