DVB Logo
Home
မြန်မာသတင်း
အနည်းဆုံးအခကြေးငွေ နှုန်းထား အလုပ်ရှင်များ လက်ခံ
DVB
·
July 29, 2015
အနည်းဆုံးအခကြေးငွေ နှုန်းထား အလုပ်ရှင်များ လက်ခံ
Donate to DVB

အနည်းဆုံးအခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်ရေးကိစ္စကို စက်ရုံတွေထံ ကွင်းဆင်း ညှိနှိုင်းရာမှာ အလုပ်ရှင်တွေက မကန့်ကွက်ကြဘဲ အစိုးရထံက ပံ့ပိုးကူညီမှုတွေကို အလေးထား တောင်းဆိုကြတယ်လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပြုနှုန်းထား ကြေညာစဉ် အစပိုင်းရက်တွေတုန်းက လက်ခစား အလုပ်တွေဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေက ၂၅၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး ၃၆၀၀ ကျပ်သတ်မှတ်ရင် အလုပ်ရုံတွေ ပိတ်မယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။ အလုပ်သမားတွေဘက်ကလည်း ၃၆၀၀ ဟာ နည်းတာကြောင့် ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အလုပ်သမား ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်း၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊  ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့နဲ့အတူ ဒီကနေ့မှာတော့ လှိုင်သာယာနဲ့ မင်္ဂလာဒုံ စက်မှုဇုန်တွေက အလုပ်ရုံတွေကို လိုက်လံညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား ၃၆၀၀ အပေါ် ကန့်ကွက်၊ အကြံပေးစာ တင်တာတွေနဲ့ ပတ်သက်လို့ လိုက်လံတွေ့ဆုံတဲ့အခါ အလုပ်ရှင်တွေဘက်က အစိုးရဘက်က ဖြေလျော့ပေးဖို့ ကိစ္စတွေကို တင်ပြကြတယ်လို့ ဦးဝင်းရှိန်က ပြောပါတယ်။

“အဓိကကတော့ အိုဗာတိုင် (အချိန်ပိုကြေး) ကို ကျနော်တို့က ဥပဒေအရ ၂ ဆပေးနေတာ ရှိတယ်။ နိုင်ငံတကာမှာတော့ သူတို့က ဒါကို ၁ ဆခွဲပေးတာရှိတယ်။ ဒါကို ဘယ်လိုဖြေလျော့ပေးမလဲ သူတို့ မေးတာရှိတယ်။ ကျနော်တို့က ဥပဒေပြင်မယ့်ကိစ္စကို ကျနော်တို့ရယ်၊ အလုပ်ရှင်၊ အလုပ်သမားရယ်၊ အစိုးရရယ် ဆွေးနွေးပြီး ဒါကို လွှတ်တော်ကို တင်ရမယ်။ ဒါကို လုပ်ဖို့ရှိတာပေါ့။” လို့ ပြောပါတယ်။

ဆွေးနွေးညှိနှိုင်းမှုတွေမှာ အခြေအနေကောင်းတယ်လို့ ဦးဝင်းရှိန်က ပြောပါတယ်။

“အခြေအနေကောင်းပါတယ်။ နောက်ဆုံးကျတော့ ကျနော်တို့ဆီက မေးတာပေါ့လေ။ ၃၆၀၀ မပေးနိုင်တဲ့ စက်ရုံရှိလားဆိုတော့ မရှိဘူးဗျ၊ အားလုံးက ပေးနိုင်တဲ့သဘောမျိုးဖြေတာ ဒါမျိုးတွေ့ရပါတယ်ခင်ဗျ။” လို့ ပြောပါတယ်။

အလုပ်ရှင်တွေဘက်က တောင်းဆိုချက်တွေကို အစိုးရဘက်ကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာအလိုက် ဖြေလျော့ပေးမယ့် အပိုင်းတွေ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ၀န်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့ အနေနဲ့ကတော့ အလုပ်သမားတွေအတွက် ၀န်ထမ်းအိမ်ရာပေါ့လေ။ ရွှေပြည်သာမှာလည်း ဆောက်ဖို့ရှိပါတယ်။ လှိုင်သာယာမှာ၊ အဲဒါပြီး နောက်တဆင့် ကျနော်တို့ဝန်ကြီးဌာနကတော့ လုပ်နိုင်တဲ့အဆင့်ဘက်က လုပ်ပေးမှာပေါ့။”

အလုပ်ရှင်တွေဘက်က ဖြေလျော့ပေးဖို့ တောင်းဆိုတဲ့အပိုင်းတွေကို အလုပ်သမားဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန စသဖြင့် ပူးပေါင်းလုပ်ဆောင်ကြရမယ်လို့ ဆိုပါတယ်။

အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဦးဆောင်သူ ဒေါ်အိရွှေစင်ညွန့်က အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကျပ်နှုန်းထားဟာ လက်ရှိအခြေအနေအရ သင့်တင့်တဲ့နှုန်းထား ဖြစ်တာကြောင့် အလုပ်သမားတွေဘက်က လက်ခံသင့်တယ်လို့ ပြောပါတယ်။

သူက “လက်ရှိအခြေအနေအရ သင့်တယ်။ တကယ်လိုအပ်တာက အလုပ်သမားတွေ တောင်းခဲ့တာက ၅၇၀၀ တောင်းခဲ့တယ်။ နောက်ဆုံးအခြေအနေမှာ သမဂ္ဂတွေရော၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေရောက ၄၀၀၀ တသံတည်းထွက်တယ်။ ဒါပေမယ့် အလုပ်သမားထုကို စဉ်းစားစေချင်တာက ကိုယ်လိုတဲ့ အခြေအနေပေါ်မှာနဲ့ ဟိုဘက်က ပေးမယ့်အခြေအနေပေါ်မှာ အဆုံးအဖြတ်ပေးရမှာ အစိုးရဖြစ်တဲ့အတွက် ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ လက်ခံပြီး စဉ်းစားသင့်တယ်လို့ ထင်မြင်ချက်ပေးချင်ပါတယ်။ ၃၆၀၀ နဲ့ ပတ်သက်လို့နော်” လို့ ပြောပါတယ်။

ပဲခူးတိုင်းက အလုပ်သမားတဦးက သူတို့အနေနဲ့ ကျပ် ၄၀၀၀ ရဖို့ တောင်းဆိုထားပေမယ့် ညှိနှိုင်းမှုတွေအရ ၃၆၀၀ နှုန်းထားကို လက်ခံကြောင်းပြောပါတယ်။

ပဲခူးတိုင်း ဆွာမြို့အထပ်သားစက်ရုံက အလုပ်သမားကိုယ်စားလှယ် ကိုကိုနိုင်က “၃၆၀၀ နဲ့ ၄၀၀၀ အကြားမှာ လိုတာကို ပြောရင် အတိုက်အခံတွေ ဖြစ်နေရမှာစိုးလို့ ကျနော်တို့က ၃၆၀၀ ဆိုရင် လက်ရှိအနေအထားအရ ပြေလည်နိုင်တဲ့ အနေအထားမှာ လုံးဝတော့ရှိတယ်။ ၃၆၀၀ ဆိုရင်တော့ လက်ခံတယ်။ ၃၆၀၀ အောက်ကို ကျသွားရင်တော့ အပြတ်သားဆုံးပြောရရင် ၄၀၀၀ ရရေး ဆက်လက်လုပ်ဆောင်မယ်” လို့ ပြောပါတယ်။

အစိုးရက အနည်းဆုံးအခကြေးငွေနှုန်းထားကို လာမယ့် သြဂုတ်လမကုန်ခင် ကြေညာမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013