DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဦးကျော်ဆန်း ပါ ၀န်ကြီး ၃ ယောက် ၀င်ပြိုင်မည်
DVB
·
July 29, 2015
စစ်ကိုင်းတိုင်းတွင် ဦးကျော်ဆန်း ပါ ၀န်ကြီး ၃ ယောက် ၀င်ပြိုင်မည်
Donate to DVB

အာဏာရ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း မဲဆန္ဒနယ်မြေတိုင်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ၀န်ကြီး ဦးကော်ျဆန်း အပါအ၀င် ၀န်ကြီး ၃ ယောက်တို့ သူတို့ဇာတိမြို့နယ်တွေက ၀င်ပြိုင်မှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၇ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ၁၂ ခုနဲ့ တိုင်းဒေသကြီးနေရာ ၇၄ နေရာ စုစုပေါင်း ၁၂၀ ကျော်မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ပြောပါတယ်။

လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီး ၃ ယောက်နဲ့ ဒု-၀န်ကြီး ၂ ယောက်တို့လည်း စစ်ကိုင်းတိုင်းမှာ ၀င်ပြိုင်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“သမ၀ါယမ၀န်ကြီးဖြစ်တဲ့ ဦးကျော်ဆန်းက သူ့ဇာတိဖြစ်တဲ့ ပုလဲမှာ ၀င်မှာ ဖြစ်ပါတယ်။ စက်မှုဝန်ကြီး ဦးမောင်မြင့်ကတော့ သူ့ဇာတိ မင်းကင်းမှာ ဖြစ်ပါတယ်။ စီးပွားကူးသန်းဝန်ကြီးဖြစ်တဲ့ ဦးဝင်းမြင့်ကလည်း သူ့ဇာတိနယ်ဖြစ်တဲ့ ဒီပဲယင်းက ၀င်မှာ ဖြစ်ပါတယ်။”

စီမံစီးပွားဒု-၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက ဇာတိ မြောင်မြို့နယ်၊ သတ္တုတွင်း ဒု-၀န်ကြီး ဦးသန်းထွန်းအောင်က ဇာတိ မုံရွာတို့ကနေ ၀င်ပြိုင်ကြမယ်လို့ ပြောပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကလည်း ဇာတိဖြစ်တဲ့ ဘုတလင်မြို့နယ်က ပြန်လည်ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ဒီတကြိမ် ရွေးကောက်ပွဲဝင်တဲ့နေရာမှာ သူတို့ရဲ့ ဇာတိမြို့နယ်တွေမှာ ၀င်ပြိုင်ကြဖို့ ဦးစားပေး ရွေးချယ်စေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေ အပါအ၀င် ၃ ယောက်လောက် ၀င်ပြိုင်ဖို့ရှိပြီး တပ်က ပင်စင်မယူရသေးလို့ သူတို့နာမည်နဲ့ ၀င်ပြိုင်မယ့် မြို့နယ်စာရင်းကို ကြေညာနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး ၄ ယောက်လောက် ကျန်းမာရေးနဲ့ အသက်အရွယ်အရ ပြန်အရွေးမခံတော့ဘူးလို့လည်း သိရပါတယ်။

အာဏာရပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းနဲ့ မြို့နယ်တို့ ထုတ်ပြန်ကြေညာနေပြီး စစ်ကိုင်းမှာ ဇူလိုင် ၂၈ နဲ့ ရန်ကုန်တိုင်းမှာ ဇူလိုင် ၂၉ တို့ အသီသီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013