DVB Logo
Home
မြန်မာသတင်း
ဒေါ်စုစုနွေး အမှု ရုံးထုတ်စစ်ဆေး
DVB
·
July 29, 2015
ဒေါ်စုစုနွေး အမှု ရုံးထုတ်စစ်ဆေး
Donate to DVB

ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။ပဲခူးတိုင်း အင်းတကော်အခြေပြုတပ်မတော် ဗိုလ်ကြီးတဦးက လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်စုစုနွေးကို တရားစွဲတဲ့အမှု ပဲခူးမြို့နယ်တရားရုံးမှာ

ပဲခူးတိုင်း၊ အမှတ် (၁) ခဲယမ်းမီးကျောက်တပ်မှ ဗိုလ်ကြီးဟိန်းဇော်က တရားလိုပြုပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးအပေါ် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့ အမှုကို ပထမဆုံးရုံးထုတ်ပြီး တရားလိုကို စတင်စစ်ဆေးပါတယ်။

ဒီဖြစ်စဉ်ဟာ အင်းတကော်မြို့နယ်၊ (အရင်) ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်၊ (အခု) အမှတ် (၁) လက်နက်ခဲယမ်းမီးကျောက်တပ်က သာယာကုန်းကျေးရွာအုပ်စုဝင်ရွာတွေက လယ်ယာခြံမြေနဲ့ ဧက ၅၈၀၀ ကျော်ကို ၁၉၉၃ ခုနှစ်မှာ တပ်ပိုင်အဖြစ်သိမ်းပြီး မူလပိုင်ရှင်တွေကို  တဧက ၁၀ တင်းနှုန်းနဲ့ သီးစားပြန်ချခဲ့ပါတယ်။ လယ်သမားတွေက သူတို့လယ်မြေသူတို့ ပြန်ရလိုတဲ့ ကြိုးစားမှုမှာ မနှစ်နှစ်လယ်ပိုင်းမှာ  လယ်သမားနဲ့ တပ်အကြား ပဋိပက္ခ ဖြစ်အံ့ဆဲဆဲဖြစ်ခဲ့ပါတယ်။ ဒါကို ဒေါ်စုစုနွေးက ကြားဝင်ဖြေရှင်းရာက အစပြုပြီး ဗိုလ်ကြီးဟိန်းဇော်က ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ညောင်းလေးပင်မြို့ကနေအပြန် ခရီးသည်တင်ကားပေါ်ကနေ ခေါ်ဆောင်ဖမ်းဆီး တရားစွဲဆိုပြီး ပဲခူးထောင်မှာ ချုပ်နှောင်ထားတဲ့ ဒေါ်စုစုနွေးကို ဒီကနေ့ ရုံးထုတ်ရာမှာ အချုပ်ကားနဲ့ မခေါ်ဆောင်ဘဲ ကားငယ်တစီးနဲ့ ခေါ်ဆောင်ရုံးထုတ်ပါတယ်။

တရားလို ဗိုလ်ကြီးဟိန်းဇော်က ဒီကနေ့ရုံးထုတ်မှာ ဒေါ်စုစုနွေးက ပိုင်နက်ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး သက်သေအထောက်အထားအဖြစ် ရုံးကို ဓာတ်ပုံ ၂ ပုံ တင်ပြခဲ့တယ်လို့ ဇနီးသည်ရဲ့ ရုံးထုတ်ကို သွားရောက်တဲ့ ဦးမားကီး (ခေါ်) ဦးကျော်ကျော်ထွေးက ပြောပါတယ်။

သူက “တရားလို ဗိုလ်ကြီးဟိန်းဇော်ကို စစ်တယ် ဒီနေ့။ သူက သက်သေတင်တဲ့ထဲမှာ ဓာတ်ပုံ ၂ ပုံပါတယ်။ စိုက်ခင်းထဲမှာ လူအုပ်စု တစုပုံရယ်။ အုတ်ရိုးကို ၀ါးလှေကားနဲ့ ထောင်တက်နေတဲ့ အမျိုးသမီးတယောက်ရဲ့ပုံရယ် သူ သက်သေတင်လာတယ်။ သက်သေတင်တဲ့ အဲဒီပုံ ၂ ခုစလုံးထဲမှာ မစုစုနွေးပုံ မပါဘူး။ ပြီးတော့ သူ့ရဲ့ပိုင်နက်ထဲကို မစုစုနွေးက ကျူးကျော်ပါတယ်ဆိုတဲ့ အထောက်အထား တခုမှ သူ တင်ပြနိုင်တာ မရှိဘူး။ အဲဒီနေရာကို သူပိုင်ဆိုင်ပါတယ်ဆိုတဲ့ အထောက်အထားလည်း သူမတင်ပြနိုင်ဘူး။ တရားသူကြီးက မေးတဲ့အခါမှာ အဲဒီဟာတွေက ပျက်စီးသွားတယ်၊ ပျောက်ဆုံးသွားတယ်လို့ ဖြေသွားတယ်” လို့ ပြောပါတယ်။

ဒေါ်စုစုနွေးရဲ့ ဒီကနေ့ရုံးထုတ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီဝင်တွေ၊ အဖွဲ့ဝင်တွေ၊ ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ လာရောက်ကြပါတယ်။

နောက်ရုံးချိန်းကိုတော့ လာမယ့်သြဂုတ်လ ၆ ရက်နေ့ သတ်မှတ်ချိန်းဆိုပါတယ်။

ပိုင်နက်ကျူးလွန်မှုဟာ အာမခံလျှောက်ရင် ရနိုင်ပေမယ့် ဒေါ်စုစုနွေးကိုယ်တိုင်က အာမခံမယူဘဲ အချုပ်နှောင်ခံပြီး တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ရုံးအဖွဲ့မှူး ဦးမြင့်သိန်းက “အဲဒါက သူ့မှာ အပြစ်မရှိဘဲနဲ့ တောင်သူလယ်သမား အခွင့်အရေးကို ကာကွယ်ပြီးတော့ ခုခံလုပ်ကိုင်ပေးတဲ့ ပုဂ္ဂိုလ်တွေကို တပ်မတော်ကနေပြီးတော့ မတရားစွပ်စွဲနေတာကို ထင်ပေါ်အောင်လို့ သူပြတဲ့သဘောပါပဲခင်ဗျ” လို့ ပြောပါတယ်။

ဒေါ်စုစုနွေးရဲ့ခင်ပွန်း ဦးကျော်ကျော်ထွေးက ဇနီးသည်ရဲ့ ကျန်းမာရေးအတွက် ပူပန်တယ်လို့ ပြောပါတယ်။

“အဓိကတော့ သူ့ကျန်းမာရေးကို စိုးရိမ်တာပါ။ ဒီ ပဲခူးထောင်လေးက သေးတယ်လေ။ တိုက်လည်းမရှိဘူး။ သီးခြားအဆောင်တွေ ဘာတွေလည်း မရှိဘူး။ အဆောင်လေးတခုပဲရှိတယ်။ အဆောင်လေးတခုမှာ အကျဉ်းသူတွေ အများကြီးပဲ နေရတော့၊ အယောက် နှစ်ဆယ်၊ အစိတ်လောက်ပဲ ထားရမယ့်နေရာမှာ အယောက် ခုနှစ်ဆယ် လောက်ထားထားတယ်။ တထပ်ဆောင်လေးကို ထပ်ခိုးတင်ပြီးတော့ ထားထားတဲ့အခါမှာ လူများတဲ့အခါမှာ။ သူ့ကိုတော့ နည်းနည်း ကျယ်ကျယ်ဝန်းဝန်း လုပ်ထားပေးတယ်လို့ သိရတယ်။ ဒါပေမယ့် အဲဒီမှာ သူ အသက်ရှူကြပ်တာတော့ ဖြစ်တာပေါ့နော်။ ကျန်းမာရေးပဲ စိုးရိမ်တာပါ။” လို့ ပဲခူးထောင်အရှေ့မှာ ရောက်ရှိနေတဲ့ ဦးကျော်ကျော်ထွေးက ပြောပါတယ်။

ရှစ်ဆယ့်ဆယ့်မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့က ရှေ့နေတွေဖြစ်ကြတဲ့ ဒေါ်ဥမ္မာခင်၊ ဒေါ်သီတာအေးနဲ့ ဦးကျော်စွာထွန်းတို့က ဒေါ်စုစုနွေးဘက်က လိုက်ပါဆောင်ရွက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013