DVB Logo
Home
မြန်မာသတင်း
အန်စီအေမှာ တိုင်းရင်းသားလက်နက်ကိုင်၂၁ ဖွဲ့လုံး ပါဝင်နိုင်ရေး ဆွေးနွေး
DVB
·
July 28, 2015
အန်စီအေမှာ တိုင်းရင်းသားလက်နက်ကိုင်၂၁ ဖွဲ့လုံး ပါဝင်နိုင်ရေး ဆွေးနွေး
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ အားလုံးပါဝင်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင် ၂၈ ရက်နေ့က တတိယမြောက်နေ့ အဖြစ် ဆက်လက် ဆွေးနွေးနေပါတယ်။

အစိုးရနဲ့ချုပ်ဆိုဖို့ရှိတဲ့ အန်စီအေစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးဖို့ကိစ္စ၊ စာချုပ်မှာ ဘယ်သူတွေ လက်မှတ်ထိုးမလဲဆိုတဲ့ကိစ္စနဲ့ အသိသက်သေအဖြစ် ဘယ်သူတွေပါဝင်လက်မှတ်ထိုးမလဲဆိုတဲ့ ကိစ္စရပ်တွေ ဆွေးနွေး ညှိနှိုင်းနေကြတာပါ။

တိုင်းရင်းသားတွေဘက်က အန်စီအေမှာ လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့လုံးပါဝင်ရေး လိုလားနေ ပေမယ့် အစိုးရဘက်ကတော့ ကိုးကန့်အဖွဲ့(အမ်အန်ဒီအေအေ) ၊ တအာင်းပလောင်တပ်ဖွဲ့ (တီအန်အယ်လ်အေ)နဲ့ ရခိုင်တပ်မတော် (အေအေ) အပါအ၀င် ၆ ဖွဲ့လောက်ကိုလက်မခံနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခြေအတင်ညှိနှိုင်းနေကြပါတယ်။

အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးမယ့် ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့တော့ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ၂ ရပ်က ဥက္ကဋ္ဌတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့လို ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ တိုင်းရင်းသားတွေ ဘက်ကလိုလားနေပါတယ်။

စာချုပ်မှာ နိုင်ငံတကာ အသိသက်သေတွေ ပါဝင်ရေးကိစ္စနဲ့ ပတ်သက်လို့တော့ တိုင်းရင်းသား တွေဘက်က တရုတ်၊ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ၊ ဂျပန်နဲ့ အာဆီယံနိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ရေးထိုးစေလိုတဲ့ ဆန္ဒရှိနေပါတယ်။

အစိုးရဘက်ကတော့ တရုတ်၊ အာဆီယံနဲ့ ကုလသမဂတို့ ပါဝင်ရေးကို လက်ခံပေမယ့် အီးယူ ကိုတော့ စဉ်းစားမှာဖြစ်ပြီး အမေရိကန် ကိုတော့ လက်မခံပါဘူးဆိုတဲ့ သဘောထားရှိနေ တယ်လို့ သိရပါတယ်။

တိုင်းရင်းသားအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က ပူဇင်ကျုံး ကတော့ တိုင်းရင်းသားအဖွဲ့ အားလုံးရဲ့အမြင်တွေကိုပဲစုစည်းတာပဲရှိသေးပြီး ဆုံးဖြတ်ချက်တွေမချရသေးတဲ့အကြောင်းနဲ့ အပြင်မှာပြောနေကြသလို တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အချက်အလက် တွေမပြည့်စုံ သေးဘဲ အန်စီအေ စာချုပ်ကို လက်မှတ် ထိုးမယ်ဆိုတာကတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီအစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ဆုံးဖြတ် ချက်ပေးနိုင်မယ့် ထိပ်သီး ခေါင်းဆောင်တွေ အပါအ၀င် အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်နေတာပါ။

ဆွေးနွေးပွဲကနေ တိကျတဲ့ ဆုံးဖြတ်ချက်တွေ ထွက်မလာသေးပေမယ့် လာမယ့် သြဂုတ် ၁ ရက် ၂ ရက်မှာ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(အက်စ်ဒီ) အစည်းအဝေးကျင်းပဖို့နဲ့ သြဂုတ်လ ၅ ရက်မှာ ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မှာ ထပ်မံတွေ့ဆုံကြဖို့ အကြမ်းဖျဉ်းဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ကနေ ၂၄ အထိ၏ ပြည်ထောင်စု ငြိမ်းချမ်းရေဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းကိုယ်စားလှယ်အဖွဲ့(အက်စ်ဒီ)တို့ အန်စီအေ စာချုပ် အချောသတ်နိုင်ရေး ၃ ရက်ကြာ ဆွေးနွေးခဲ့ပြီး သဘောတူညီမှု အပြည့်အ၀မရတဲ့အတွက် ဆွေးနွေးပွဲရပ်နားကာ သြဂုတ်လပထမပတ် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013