
အိန္ဒိယနိုင်ငံမှာ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေတဲ့ ‘ပိုးဟပ်ပါတီ’ လို့ အမည်ရတဲ့ လူငယ်လှုပ်ရှားမှုအဖွဲ့ဟာ ဇူလိုင် ၂၀ ရက်မှာ ပါလီမန်ဆီ ချီတက်ဖို့ ပြင်ဆင်နေကြပါတယ်။
‘ပိုးဟပ်ပါတီ’ (Cockroach Janta Party) ဆိုတာဟာ မေ ၁၅ ရက်က အိန္ဒိယ တရားသူကြီးချုပ် ဆူရာကန့်ရဲ့ ပြောဆိုချက်ကို တုံ့ပြန်ရာကနေ စတင်ခဲ့တဲ့ သရော်လှောင်ပြောင်မှု နိုင်ငံရေးလှုပ်ရှားမှုတခု ဖြစ်ပါတယ်။
တရားသူကြီးချုပ်က အလုပ်လက်မဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေ၊ ဆိုရှယ်မီဒီယာ ဝေဖန်သူတွေနဲ့ လွတ်လပ်တဲ့ သတင်းထောက်တွေကို လူ့အဖွဲ့အစည်းရဲ့ ကပ်ပါးကောင်တွေ၊ ပိုးဟပ်တွေနဲ့ ခိုင်းနှိုင်း ပြောဆိုခဲ့တာပါ။
ဒီစော်ကားမှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံရေးဆက်သွယ်ရေး မဟာဗျူဟာပညာရှင် အဘီဂျိဒ် ဒစ်ပကီ က မေ ၁၆ ရက်မှာ ‘ပိုးဟပ်ပါတီ’ ကို အွန်လိုင်းကနေ စတင် တည်ထောင်ခဲ့ပါတယ်။
ဖိနှိပ်ခံရပေမဲ့ သေဆုံးမသွားဘဲ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ ပိုးဟပ်တွေရဲ့ သဘာဝကို ဥပမာယူပြီး အာဏာရပါတီကို သရော်ဖို့ ဒီအမည်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ အိန္ဒိယ ပညာရေးဝန်ကြီး ဒါရမိန္ဒာ ပရာဒန် ရာထူးက ထွက်ပေးဖို့ အဓိက တောင်းဆိုထားပြီး အွန်လိုင်းမှာ ထောက်ခံသူ သန်း ၂၀ ကျော်အထိ ရရှိထားပါတယ်။
ဇူလိုင် ၂၀ ရက် မနက်ပိုင်း မြန်မာစံတော်ချိန် ၁၀ နာရီခွဲခန့်မှာ နယူးဒေလီမြို့က ဂျန်တာမန်တာ ရင်ပြင်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ချီတက်ပွဲကို ပိတ်ပင်ထားပေမဲ့ ဆန္ဒပြသူတွေကတော့ ပါလီမန်ဆီ ဆက်လက် ချီတက်သွားမယ်လို့ လှုပ်ရှားမှုကို တည်ထောင်သူ ဒစ်ပကီက ပြောပါတယ်။
ဇူလိုင် ၁၈ ရက်က ဒီလှုပ်ရှားမှုကို ထောက်ခံပြီး ၂၁ ရက်မြောက် အစာငတ်ခံ ဆန္ဒပြနေတဲ့ ပညာရေးလှုပ်ရှားသူ ဆိုနမ် ဝမ်ချွတ်ကို ရဲတပ်ဖွဲ့က အဓမ္မ ဆေးရုံပို့ဆောင်ခဲ့တာကြောင့် တင်းမာမှုတွေ ပိုမို ပြင်းထန်လာပါတယ်။
ဝမ်ချွတ်ကတော့ အစိုးရဘက်က ပညာရေး ပျက်ကွက်မှုတွေအတွက် တာဝန်ယူမှသာ အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းမယ်လို့ ဆေးရုံကနေ အသိပေးထားပါတယ်။
ဒီလှုပ်ရှားမှုဟာ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီရဲ့ တတိယမြောက် သက်တမ်းအတွင်း အကြီးမားဆုံး လူထု စိန်ခေါ်မှုကြီး ဖြစ်လာပါတယ်။











