DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေး ပါတီ ရွေးကောက်ပွဲအနိုင်ရရန် ၁၀၀ ရာခိုင်နှုန်း မျှော်လင့်
DVB
·
July 27, 2015
ကြံ့ခိုင်ရေး ပါတီ ရွေးကောက်ပွဲအနိုင်ရရန် ၁၀၀ ရာခိုင်နှုန်း မျှော်လင့်
Donate to DVB

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် မဲဆန္ဒနယ် အားလုံးလိုလိုမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အနိုင်ရဖို့ ၁၀၀ ရာခိုင်နှုန်း မျှော်လင့်တယ်လို့  ပါတီဒုက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်တာပါ။

“ကျနော်တို့ ရည်မှန်းတာတော့ ၁၀၀ ရာခိုင်နှုန်းပဲ၊ ၁၀၀ ရာခိုင်နှုန်း ရည်မှန်းတယ်။ သို့သော် လည်းပဲ တကယ့်အခြေအနေ အမှန်ဆိုတဲ့ ဥစ္စာတော့ ရွေးကောက်ပွဲပြီးမှပဲ သိလိမ့်မယ်။ သို့သော်လည်းပဲ ၁၀၀ ရာခိုင်နှုန်း ရည်မှန်းတယ်ဆိုတာ အကြောင်းမဲ့သက်သက်  ရည်မှန်းတာတော့ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူကို အကျိုးပြုတဲ့ လုပ်ဆောာင်ချက်တွေအပေါ် ပြည်သူတွေရဲ့ တုံ့ပြန်ချက်တွေကို ကျနော်တို့ အမြဲတမ်း စစ်တမ်းကောက်ပါတယ်။ ကောက်တယ်ဆိုတာ ကျနော်တို့ ကောက်တာမဟုတ်ဘူး၊ ကျနော်တို့ ပါတီအနေနဲ့လည်း ကောက်တယ်။ တခြားသောလူမှုရေး အဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်ဘက်အဖွဲ့ အစည်းတွေအနေနဲ့ သူတို့လည်း ကူညီပြီးကောက်တာရှိတယ်။ သူတို့ရဲ့ ကောက်ယူမှုရာ ခိုင်နှုန်းအပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်ကြတာ။”

ပါတီအနေနဲ့ ပြည်သူတွေလိုတဲ့ အရာအားလုံး လုပ်မပေးနိုင်ခဲ့ပေမယ့် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေမှာ  အထင်အရှား ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့လည်း ပါတီ ဒုခေါင်းဆောင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သြဂုတ် ၈ ရက် နောက်ဆုံးထား တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပေမယ့် ကြံ့ခိုင်ရေးပါတီအနေနဲ့ကတော့ သူတို့ကိုယ်စားလှယ်လောင်းစာရင်းကို အတည်မပြုရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ သူရဲ့မွေးရပ် ဖြူးမြို့နယ် မဲဆန္ဒနယ်ကနေ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှာ ပါမလာဘူးလို့ ပါတီဗဟိုကော်မတီဝင် သူရဦးအောင်ကိုက မီဒီယာတွေကို ပြောထား ပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို အသွင်ပြောင်းပြီး စစ်အစိုးရ ခေါင်းဆောင်ဟောင်းတွေနဲ့ ထူထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်မပြိုင်ပဲ သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၃ ရပ်စလုံးမှာ ၈၈၂ နေရာ အများဆုံး အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။

လွှတ်တော်အမတ်နေရာ ၄၅ နေရာအတွက် ယှဉ်ပြိုင်တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၃ နေရာ အနိုင်ရပြီး ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော် ၁ နေရာပဲ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013