DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ကို ၁၀၀ ရာခိုင်နှုန်း မဲထည့်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
July 26, 2015
အန်အယ်လ်ဒီ ကို ၁၀၀ ရာခိုင်နှုန်း မဲထည့်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၀၀ ရာခိုင်နှုန်းမဲထည့်ကြဖို့နဲ့ ခြိမ်းခြောက်ပြီးရတဲ့ ထောက်ခံမဲမျိုး မလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ပညာပေးဟောပြောပွဲ ခရီးစဉ် ဒုတိယနေ့အဖြစ်  ဇူလိုင် ၂၆ ရက်နေ့က ဧရာတီတိုင်း မော်ကျွန်းမြို့ မော်ရွှေဝါအားကစားကွင်းမှာ ပြည်သူလူထုကို ဟောပြောခဲ့တာပါ။

“ကျမတို့က ခြိမ်းခြောက်ပြီးတော့လည်း ပြည်သူတွေရဲ့ ထောက်ခံမှုတွေကို မတောင်းခံခဲ့ဘူး၊ ခြိမ်းခြောက်ပြီးရတဲ့ ထောက်ခံမဲမျိုး လုံးဝမလိုချင်ဘူးလို့ ပြောပါရစေ။ ကြောက်လို့ ပေးတဲ့မဲဆိုရင် ကျမတို့တပြားမှမလိုချင်ပါဘူး၊ ခြိမ်းခြောက်ပြီးတော့ မဲထည့်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ကြောက်ပြီးတော့ မဲထည့်မယ်ဆိုရင် နောင်တသက် ဆက်ပြီးကြောက်နေရမှာပဲဆိုတာ ကျမ သတိပေးပါရစေ။ ငါတို့ကို မဲမပေးဘဲ အန်အယ်လ်ဒီကို မဲထည့်မယ်ဆိုရင် ဘာဖြစ်မယ်ညာဖြစ်မယ် ပြောနေတဲ့ပုဂ္ဂိုလ်တွေက တကယ်တော့ မုသားစကားပြောနေတာပဲ။ ရွေးကောက်ပွဲနေ့မှာ ဘယ်သူက ဘယ်ပါတီအတွက် ထည့်တယ်ဆိုတာ သိတာလည်းမဟုတ်ဘူး၊ သိနိုင်တာမဟုတ်ဘူး။ ဒါကြောင့်  ရဲရဲဝံ့ဝံ့နဲ့ ကိုယ်ထောက်ခံတဲ့ အဖွဲ့အစည်းကို မဲထည့်ကြပါလို့ ကျမတို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ထောက်ခံတဲ့အဖွဲ့အစည်းက ဘယ်ဟာလဲဆိုတော့ အန်အယ်လ်ဒီပဲ ဖြစ်စေချင်တာပေါ့။”

အဖွဲ့ချုပ်ဟာ ပြည်သူတွေကို ဘယ်တော့မှ မလှည့်ဖြားခဲ့သလို လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေအတွက် အကျိုးပြုနိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေကိုလည်း အတတ်နိုင်ဆုံး ရွေးချယ်တင်မြှောက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို ၁၀၀ ရာခိုင်နှုန်း မဲထည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲနိုင်ဖို့ လိုတယ်ဆိုတာဟာ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင်ပို့ဖို့ပါပဲ။ ပြည်သူကို ပေးချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာဟာ ရာသီစုံလမ်း ဖြစ်လို့တယ်၊ မိုးတွင်းမှာ အပေါက်တွေနဲ့ ဖြစ်တဲ့ လမ်းမျိုး မဖြစ်စေချင်ဘူးလို့ ကျမ ပြောပါရစေ။ အနှစ် ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာနေခဲ့ရတဲ့ နိုင်ငံကို ပြောင်းဖို့်ဆိုတာဟာ အင်အားတွေ အများကြီး လိုပါတယ်။ ဘယ်လိုအင်အားလဲဆိုတော့ နံပါတ် (၁) က ပြည်သူ့ထောက်ခံမှု အင်အားပဲ။ ဒါကြောင့် ၂၀၁၅ ရွေးကေက်ပွဲ နိုင်ဖို့လိုတယ်ဆိုတာဟာ ရိုးရိုးနိုင်လို့ မဖြစ်ပါဘူး၊ အပြတ်အသတ်နိုင်ဖို့ လိုပါတယ်။ အပြတ်အသတ်က ဘာလဲဆိုတော့ ရှင်းရှင်လေးပဲ ၁၀၀ ရာခိုင်နှုန်းပေါ့။ အပြတ်အသတ်က ၁၀၀ ရာခိုင်နှုန်းပဲဆိုတာ မှတ်ထားပြီးတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမဲပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံတယ်။ အဲ့တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပညာပေးဟောပြောပွဲဆိုတာ အရေးကြီးဆုံးပညာက အဲဒါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးဖို့ပဲ။”

ဒါ့အပြင် အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်သူတွေရဲ့ မေးခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့မှာတော့ ကျိုတ်လတ်မြို့ကို ရောက်ရှိခဲ့ပြီး ပြည်သူတွေကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါတယ်။

သူ့မိန့်ခွန်းမှာ အထက်အမိန့်ကြောင့်ပေးရတဲ့ မဲဟာ တန်ဖိုးမရှိတဲ့အပြင် အန္တရာယ်များနိုင်တဲ့အကြောင်း နိုင်ငံရဲ့ ထိပ်ဆုံးခေါင်းဆောင်နဲ့ တန်းတူညီတူရှိတဲ့ ရွေးကောက်ပွဲနေ့မှာ လုံးဝလက်လွတ်ဆုံးရှုံးမခံကြဘဲ ပြည်သူတွေ အားလုံးမဲထည့်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အဖွဲ့ချုပ်ရဲ့ အောင်မြင်မှုဟာလည်း ပြည်သူတွေရဲ့ ထောက်ခံချက်တွေဖြစ်သလို အဖွဲ့ချုပ်က ပြည်သူတွေရဲ့ မျော်လင့်ချက်ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013