DVB Logo
Home
မြန်မာသတင်း
ရခိုင်ပါတီများ ကိုယ်စားလှယ်လောင်း ၂၅၀ ကျော်ဝင်ပြိုင်မည်
DVB
·
July 26, 2015
ရခိုင်ပါတီများ ကိုယ်စားလှယ်လောင်း ၂၅၀ ကျော်ဝင်ပြိုင်မည်
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပါတီတွေက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်နယ်တွင်း မဲဆန္ဒနယ်အားလုံးမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီကတော့ ပြည်နယ်တွင်း မဲဆန္ဒနယ် ၁၁ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ပြည်နယ်လွှတ်တော်အတွက် ၃၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ အားလုံး ၆၃ နေရာရှိပါတယ်။

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က “ပါတီအနေနဲ့က အဲဒီနေရာတွေအားလုံးမှာ ပြိုင်သွားမှာဖြစ်ပါတယ်။ ပြည်နယ်ပြင်ပမှာတော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၅ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာအပါအ၀င် စုစုပေါင်း ၇၃ နေရာပြိုင်သွားမှာပါ။ ကျနော်ကတော့ မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ် ၂ မြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်မှာ ၀င်ပြိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီကို ပူးပေါင်းထားတာဖြစ်ပြီး လျှောက်လွှာတင်ထားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်း ၂၄၀ လောက်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ပါတီဝင်အင်အား ၂ သိန်းကျော်ရှိတဲ့ ရခိုင်အမျိုးသားအင်အားစုပါတီကတော့ ရခိုင်ပြည်နယ်တွင်း မဲဆန္ဒနယ် ၁၁ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က ပြောပါတယ်။

ရခိုင်အမျိုးသားအင်အားစုပါတီဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၆ နေရာမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အနိုင်ရမဲဆန္ဒနယ်တခုမှမရှိခဲ့ဘူးလို့ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဟာ ပြည်နယ်မှာ ၁၈ နေရာအနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း ၃၅ နေရာအနိုင်ရခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲမ၀င်ခဲ့ဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အသစ်မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ ရခိုင်မျိုးချစ်ပါတီကတော့ လွှတ်တော်သုံးရပ်လုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းဦးရေ အတိအကျကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ပါတီဥက္ကဋ္ဌ ဦးမောင်မောင်စောက ဆိုပါတယ်။

“ကျနော်တို့ပါတီက ရွေးကောက်ပွဲကို အခြေခံထားတဲ့ပါတီ မဟုတ်ပါဘူး။ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်တဲ့ပါတီအနေနဲ့ရပ်တည်သွားမှာပါ။ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ၃ နေရာအနည်း ဆုံးယှဉ်ပြိုင်မှ ပါတီရပ်တည်လို့ရ မယ်ဆိုတော့ အနည်းဆုံး ၃ နေရာဝင်ပြိုင်မယ်။ ဘယ်နေရာတွေဆိုတာတော့ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ ကမ်းလှမ်းထားတဲ့ မြို့နယ်တွေအလိုက် တင်ပြလာတဲ့ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ပြီး ပြည်သူကတောင်းဆိုရင်တော့ ယှဉ်ပြိုင်သွားမှာပါ။”

လတ်တလောဖြစ်ပျက်နေတဲ့ မဲစာရင်းအမှားအယွင်းပြဿနာတွေနဲ့ ပတ်သက်ပြီး ဦးအေးသာအောင်က “တချို့ကိစ္စတွေက ပြောဖို့ တော်တော်ခက်ပါတယ်။ ဒါဟာမတော်တဆလား။ မဲစာရင်းနဲ့အလုပ်ရှုပ်အောင် တမင်လုပ်တာလားဆိုတာ ပြောရတော်တော်ခက်ပါတယ်။ သတင်းတွေထဲမှာ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ မှားနေတယ်ဆိုတာတွေ့ရတော့ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံမှာ မဲစာရင်းကိစ္စဟာ ဘာကြောင့် ဒီလိုဖြစ်ရသလဲ၊ ၂၀၁၀ တုန်းကလည်း မကြားခဲ့ဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုဟာမျိုးမကြားခဲ့ဘူး။ ရခိုင်ပြည်နယ် ဘက်မှာ မဲစာရင်းကိုသွားကြည့်တဲ့သူ၊ စိတ်ဝင်စားတဲ့သူ တော်တော်နည်းပါတယ်။ ဒါလည်း တကယ်မဲ ပေးတဲ့အခါ ဘယ်လိုဖြစ်လာမလဲဆိုတာလည်း ထည့်စဉ်းစားရမယ့်အချက်တချက်ပါ”လို့ ဦးအေးသာအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013