DVB Logo
Home
မြန်မာသတင်း
ကယားတိုင်းရင်းသားပါတီများ ပြည်နယ်အစိုးရဖွဲ့နိုင်ရေး ဦးတည်ကြိုးပမ်းမည်
DVB
·
July 25, 2015
ကယားတိုင်းရင်းသားပါတီများ ပြည်နယ်အစိုးရဖွဲ့နိုင်ရေး ဦးတည်ကြိုးပမ်းမည်
Donate to DVB

၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကယားပြည်နယ် အခြေစိုက် အဓိကပါတီ (၂) ပါတီဖြစ်တဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရဖို့ရှိနေပါတယ်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီအနေနဲ့ကတော့ ကယားပြည်နယ်တွင်းက ၇ မြို့နယ်ထဲက ၅ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၂၀ လောက်ရွေးချယ်ထားပြီးပြီလို့ ပါတီဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က ပြောပါတယ်။

“ကျနော်တို့က လောလောဆယ်တော့ ၅ မြို့နယ်တော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်။ ကျန်တဲ့ ၂ မြို့နယ်ကတော့ လူထုရဲ့ ရွေးချယ်တင်မြောက်မယ့် ကိုယ်စားလှယ်က မတက်လာသေးလို့ ကျနော်တို့က ဒီ ၂ မြို့နယ်က ခဏထားထားတယ်။ မဲစဲနဲ့ ဖားဆောင်မြို့နယ်ပါ။ လောလောဆယ် ကိုယ်စားလှယ်လောင်း ၂၀ လောက်ရွေးထားတယ်။”

ပါတီအနေနဲ့ ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်နယ်အစိုးရတခု ဖွဲ့စည်းနိုင်ဖို့၊ ဒေသရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ချက်ထားပြီ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်း ပါတီဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က ပြော ပါတယ်။
ကယားလူမျိုးစု ဒီမိုကရေစီပါတီကို ၂၀၁၃ ခုနှစ်က မှ ပါတီစတင်ထူထောင်တာဖြစ်ပြီး လက်ရှိ ပါတီဝင် ၂ သောင်းကျော်လောက်ရှိပါတယ်။

အလားတူ လွိုင်ကော်အခြေစိုက် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)ကလည်း လာမယ့် ရွေးကောက်ပွဲမှာ ဘောလခဲနဲ့ ရှားတော မြို့နယ်ကလွဲရင် ကျန်တဲ့ ၅ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးဆော်လမွန်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ကယားပြည်နယ်မှာရှိတဲ့ ပြည်နယ် ၇ မြို့နယ်ထဲမှာ အနည်းဆုံး ၅ မြို့နယ်မှာ ၀င်ဖို့ လျာထားတယ်။ ၀င်မယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အနည်းဆုံး ၁၅ နေရာ လျာထားတာရှိတယ်။ ”

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)ကို ဦးဖိုးရယ်နဲ့ ဦးဆော်လမွန်တို့ ခေါင်း ဆောင်ကာ ၂၀၁၃ ခုနှစ်က စတင်ထူထောင်ပြီး လက်ရှိမှာတော့ ပါတီဝင် ၃ ထောင်ကျော်ရှိ တယ်လို့ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ၂ နေရာ အနိုင်ရခဲ့တဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့အခြေစိုက် ကယန်း အမျိုးသား ပါတီ ကတော့ ရွေးကောက်ပွဲဝင်ဖို့ရှိ ပေမယ့် ယှဉ်ပြိုင်မယ့်နေရာကို ညိုနိုင်းနေဆဲဖြစ် သလို ကိုယ်စား လှယ်တွေကိုလည်းမရွေးချယ်ရသေးဘူးလို့ ပါတီအတွင်းရေးမှူး ဦးနန်းဗွီက ပြောပါတယ်။

ကယားပြည်နယ်မှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် (၇) နေရာ ၊ အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ် (၁၂) နေရာရှိပြီး ပြည်နယ် လွှတ်တော် အတွက်တော့ (၁၄) နေရာ မဲဆန္ဒနယ်တွေသတ်မှတ်ထားပါတယ်။

ကယားပြည်နယ်ဟာ မြန်မာနိုင်ငံရှိ တိုင်းနဲ့ ပြည်နယ်တွေထဲမှာ လူဦးရေ အနည်းဆုံးပြည်နယ် လည်းဖြစ်ပြီး ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လူဦးရေ ၂၈၆,၆၂၇ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013