
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ တော်လှန်ရွာဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၂ ရက် မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်တာကြောင့် တော်လှန်ရွာဘုန်းကြီးကျောင်းတိုက် မီးလောင်ပျက်စီးသွားခဲ့ပြီး ဒေသခံတွေကတော့ ကြိုတင်ရှောင်ရှားနိုင်လို့ ထိခိုက်မှုမရှိခဲ့ပါဘူး။
တော်လှန်ရွာဒေသခံတယောက်က “ဗုံး ၄ လုံး ကြဲတယ်။ ကျတဲ့နေရာက မဝေးဘူး၊ တနေရာနဲ့ တနေရာ။ ဘုန်းကြီးကျောင်းကတော့ မီးလောင်သွားတာ ကုန်သလောက်ပါပဲ။ တော်လှန်ရွာက ရွှေကူမြို့အစွန် အထက်ဘက်ကျတယ်။ နေ့တိုင်း နှစ်ဖက် တိုက်ပွဲဖြစ်တယ်။ ဒရုန်းတွေနဲ့ချတယ်။ နှစ်ဖက်က မဝေးဘူး။ အနီးကပ်ဖြစ်တဲ့အခါ ဖြစ်တယ်။ လူတွေက တောထဲနဲ့ ရွှေကူမြို့ထဲကနေ ရှောင်နေကြတယ်” လို့ ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်တော် (KIA) နဲ့ စစ်အာဏာရှင်တပ်တို့ဟာ ရွှေကူမြို့နယ် ငါးဘတ်၀ရွာ၊ တောင်ကတုံဘုရား၊ မြိုင်သာရွာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “တော်လှန်ရောက်ဖို့ နန့်ဖားချောင်းတံတား ဖြတ်ရတယ်။ လေယာဉ်၊ ဒရုန်း အမြဲချတယ် အဲဒီတံတားနားကို။ အဲဒီတံတားပျက်ရင် လူတွေ သွားလာခက်ပြီ” လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် မေလနဲ့ ဇွန်လတွေမှာ စစ်အာဏာရှင်တပ်တွေဟာ ရွှေကူမြို့ဘက်ကို မဘိမ်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။











