DVB Logo
Home
Lead Story
မောင်ပေါက်ကျိုင်းနဲ့ ပန်းဘဲမောင်တင့်တယ်တို့ နယ်မြေ
DVB
·
July 25, 2015
မောင်ပေါက်ကျိုင်းနဲ့ ပန်းဘဲမောင်တင့်တယ်တို့ နယ်မြေ
1 / 5
Donate to DVB

ပန်းဘဲမောင်တင့်တယ်နဲ့ မောင်နှမတွေရဲ့နတ်နန်းနဲ့ မျက်နှာချင်းဆိုင် မလှမ်းမကမ်းမှာ မောင်ပေါက်ကျိုင်း ဘုရား ရှိတယ်။

တကောင်းမြို့ဟောင်း က ဒဏ္ဍာရီတွေနဲ့ ကြွယ်ဝတယ်။

ပန်းဘဲဆရာကြီး ဦးတင့်တယ်ရဲ့ ပန်းဘဲဖိုက တူထုသံကို ကြားရတာနဲ့ ရှင်ဘုရင်က ကျောချမ်းပြီး ဦးတင့်တယ်ကို ဥပါယ်တံမျဉ်နဲ့ ဖြားယောင်းကာ သတ်ဖြတ်တယ်လို့ ဆိုကြတယ်။ မြန်မာကလေးငယ်တိုင်း ကြားဖူးတဲ့ အဖြစ်တခုပါပဲ။

3တကောင်းရာဇ၀င်နဲ့ ပတ်သက်ရင် မောင်ပေါက်ကျိုင်းကလည်း တကဏ္ဍ ပါရှိခဲ့တယ်။ မိဖုရား ဘဒ္ဒါနုဝတီက နဂါးနဲ့ ဖောက်ပြားတယ်။ မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည် ဆိုတဲ့ ဆောင်ပုဒ်တွေကို လက်ကိုင်ထားတဲ့ မောင်ပေါက်ကျိုင်းက ရန်သူနဂါးကို သတ်ပြီး တကောင်းထီးနန်းကို စံမြန်းရတယ်။

စူဠာသမ္ဗ၀နဲ့ မဟာသမ္ဗ၀ မျက်မမြင်ညီနောင်က တကောင်းကနေ သရေခေတ္တရာအထိ ဖောင်နဲ့ စုန်ဆင်းခဲ့တာလည်း ရှိသေးတယ်။

တကောင်း ဒဏ္ဍာရီတွေကတော့ အများကြီး ရှိတယ်။ အချို့က ဒါတွေကို ဒဏ္ဍာရီ အိပ်ရာဝင်ပုံပြင်အဖြစ် မထားချင်ဘူး။ စာပေမပေါ်ခင်က မှတ်တမ်းတင်ထားတဲ့ နှုတ်ပြောသမိုင်းတွေလို့ စိတ်ဝင်စားတယ်။

တကောင်းမြို့ဟောင်းကို စိတ်ဝင်စားသူတွေက ပျောက်နေတဲ့သမိုင်းကွင်းဆက်တွေကို ရှာဖွေကြတယ်။ တကောင်းတ၀ိုက်မှာ သံချက်ဖိုတွေကို တွေ့ရတယ်။ (တကောင်းယဉ်ကျေးမှုပြတိုက်မှာလည်း သံချက်ဖိုကို ပြသထားတယ်။) တကောင်းတ၀ိုက်မှာ သံကျောက်ကျောက်ကြောတွေ ရှိတယ်။ (တကောင်းတောင်မှာ ယခုအခါ တရုတ်က ခရိုမိုက်သတ္တုထုတ်တဲ့ စီမံကိန်းကြီး ရှိတယ်။) သံကျောက်အရိုင်းတွေကို သံချက်ဖိုတွေထဲမှာ မီးပြင်းတိုက်ပြီး သံထုတ်လုပ်တယ်။ သမိုင်းလေ့လာသူတွေက ပန်းဘဲဦးတင့်တယ်ဟာ ကြေးခေတ်က သံခေတ်ကို ကူးပြောင်းရာမှာ ဦးဆောင်ပါဝင်သူလို့ ယူဆကြတယ်။

“မြန်မာအစ တကောင်းက” လို့ အစဉ်အလာ ပြောရိုးစကား ရှိပေမယ့် ဗြိတိသျှ သမိုင်းပညာရှင် ပါမောက္ခ လုစ်က လက်မခံခဲ့ပါဘူး။ မြန်မာတွေက အေဒီ ၈ ရာစုမှာ တရုတ်ပြည်တောင်ပိုင်းကနေ ကျောက်ဆည်လွင်ပြင်ကို ဆင်းလာသူတွေလို့ သူ ယူဆတယ်။ သကျသာကီဝင်မျိုးနွယ်တွေ အိန္ဒိယကနေ တကောင်းကို ၀င်ရောက်လာတယ် ဆိုတာမျိုးကို ခေတ်သစ်သမိုင်းသုတေသီတွေက လက်ခံဖို့ တွန့်နေခဲ့ကြတယ်။

ထူးထူးခြားခြား ပေါ်ထွက်လာတဲ့ သုတေသီတယောက်ကတော့ ကိုမင်းဟန်ပါ။ ၁၉၉၅ ခုနှစ်မှာ ကိုမင်းဟန် မန္တလေးဆေးတက္ကသိုလ်တက်တယ်။ ဆေးပညာကို စိတ်မ၀င်စားလို့ သမိုင်းအဓိကကို ပြောင်းတယ်။ မဟာဝိဇ္ဇာဘွဲ့ နဲ့ ရှေးဟောင်းသုတေသန ဘွဲ့လွန်ဒီပလိုမာရတယ်။ သူက တကောင်းကို စိတ်ဝင်စားလို့ တကိုယ်တော် သုတေသီ လုပ်ပါတယ်။ ရဟန်းပြုပြီး အရှင်ပဏ္ဍိတာနန္ဒဘွဲ့အမည်နဲ့ တကောင်းမှာပဲ သီတင်းသုံးနေထိုင်ကာ ရှေးဟောင်း သုတေသနကို ဆက်လုပ်တယ်။

5 ယခုတော့ တကောင်းလွင်ပြင်က ကျောက်ခေတ်လက်နက်တွေကို သူက ရှာဖွေ တွေ့ရှိခဲ့ပါပြီ။

“ကျောက်ချောခေတ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ ကနေ ၄၀၀၀ အတွင်း ဖြစ်လေတော့ တကောင်းလွင်ပြင်ဒေသဟာ အဲဒီခေတ်ကာလကတည်းက လူသူ အထင်အရှား နေထိုင်တာတွေ ရှိနေပြီလို့ ယူဆနိုင်တယ်” လို့ သုတေသီ ဆရာတော်က ဆိုတယ်။

တကောင်းလွင်ပြင်ကနေ ကျောက်ကြမ်းခေတ်လက်နက် ၂ ခု၊ ကျောက်လယ်ခေတ် လက်နက်လို့ ယူဆရတဲ့ လက်နက် ၂၀ လောက်နဲ့ ကျောက်ချောခေတ်လက်နက်  ပစ္စည်း ၅၀ ကျော်ကို တွေ့ရှိ စုဆောင်းထားပြီးပြီ။ ကျောက်ကြမ်းခေတ်၊ ကျောက်ခေတ်လယ်နဲ့ ကျောက်ခေတ်နှောင်းကာလတို့ တကောင်းဒေသမှာ ဆက်တိုက် ဖြစ်ထွန်းခဲ့ရုံမက ကြေးခေတ်နဲ့ သံခေတ်တွေလည်း တနေရာတည်းမှာပဲ ဆင့်ကဲ ဆင့်ကဲ ဆက် တိုက်ဖြစ်ထွန်းခဲ့ရာဒေသ ဖြစ်လို့ အင်မတန်ထူးခြားတဲ့ ဒေသကြီး ဖြစ်တယ်လို့ ဆရာတော်က ဆိုတယ်။

“တကောင်းရာဇ၀င်မှာလူတွေ တရားမစောင့်တော့ သိကြားမင်းက လိပ်ယောင်ဆောင်ပြီး တကောင်းမြို့ကို ကိုက်ဖြတ်တာ မြို့တခြမ်း ရေထဲပါသွားတယ်လို့ အဆိုရှိတယ်။ မြို့တ၀က်လောက် ရေထဲပါသွားတာ အမှန်ပဲ။ ငလျင် Great Earthquake ( အလွန်ပြင်းထန်တဲ့ငလျင်ကြီး)ကြောင့်။ တတိယမြို့ရိုး အပြင်မှာ မြေကျွံသွားလို့ တကောင်း ဆင်ညှပ်ကုန်းကြားမှာ မြစ်ရေပြင်ကြီးဖြစ်တယ်။” လို့ ဆရာတော် အရှင်ပဏ္ဍိတာနန္ဒက ဒဏ္ဍာရီနဲ့ အဖြစ်မှန် ဆက်စပ်မှုကို ပြောပြတယ်။

တကောင်းမြို့ဟောင်းကို အစိုးရ ရှေးဟောင်းသုတေသနဌာနက လေ့လာတူးဖော်မှု ရှိခဲ့ပေမယ့် ပုဂံ နော်ရထာခေတ်ထက်စောတဲ့ အထောက်အထား မတွေ့ရဘူး ဆိုတဲ့ ကောက်ချက်နဲ့ပဲ ကာလအတန်ကြာ လမ်းဆုံးနေခဲ့ပါတယ်။

ကိုမင်းဟန်က တကောင်းဒေသကို နေရာအနှံ့လှည့်လည်သွားရောက် စူးစမ်း လေ့လာရှာဖွေပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အားပေးပြီး လိုအပ်မယ့် မြေပုံတွေ ပေးတယ်။

“တောတွင်း စူးစမ်းမှုတွေမှာ တယောက်တည်း ဖြစ်နေတော့ သိပ်ဆင်းရဲကြမ်းတမ်းပါတယ်။ ၁၉၉၇ ခု ဇူလိုင် ၂၁ ရက်နေ့မှာ တကောင်းမြို့ဟောင်းတောင်ဘက်၊ဆင်ညှပ်ကုန်းကျေးရွာနယ်မြေ မင်းသမီးကွင်းမှာရှိတဲ့ ဦးတင်ဝင်းယာကွင်းမှာ ပျူယဉ်ကျေးမှု ဒါမှမဟုတ် ရှေးဟောင်းယဉ်ကျေးမှုတရပ်ရပ်နဲ့ ဆက်နွယ်မှု ရှိလိမ့်မယ်လို့ ယူဆရတဲ့ကုန်းတခုကို စပြီး တွေ့ရှိရတယ်” လို့ ဆရာတော် က ဆိုပါတယ်။

7 ပျူယဉ်ကျေးမှုနဲ့ ပျူ အခြေချနေထိုင်ခဲ့မှု သေချာသလောက် တွေ့ရှိရပြီးနောက် ၂၀၀၁ ခုနှစ်မှာ ရှေးဟောင်းသုတေသနဌာနက မင်းသမီးကွင်းကိုစပြီး တူးဖော်ပါတယ်။ ပျူယဉ်ကျေးမှုအဆောက်အအုံတွေကို တွေ့ရတယ်။ တကောင်းဒေသမှာ ပုဂံခေတ်မတိုင်မီကတည်းက လူနေမှုအထောက်အထားတွေ တွေ့ရကြောင်း ၂၀၀၁ ခု မတ်လ ၅ ရက်နေ့မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာတယ်။

၂၀၀၂ ခုနှစ် ပွင့်လင်းရာသီမှာလည်း ဆက်လက်တူးဖော်တယ်။ ၂၀၀၃ ခုနှစ်ကျတော့ ပျူအရိုးအိုးတွေ တွေ့ရတယ်။ အရိုးအိုးတခုဟာ ဘီစီ ၅ ရာစု က အေဒီ ၁ ရာစု အကြားသံခေတ်ဦး ကာလကလို့ ဆုံးဖြတ်နိုင်တာ ပါလာတယ်။ တကောင်းဒေသက ဗိဿနိုး၊ သရေခေတ္တရာ ပျူယဉ်ကျေးမှုထက် ပိုမိုရှေးကျကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာတယ်။

နောက်ပိုင်းမှာ တကောင်းလွင်ပြင်ကနေ ကျောက်လက်နက်ပစ္စည်း အမျိုးစုံကို ထပ်မံတွေ့ရှိရပြန်တယ်။

ဒီလို အနေအထားမှာရှိတဲ့ တကောင်းမြို့ဟောင်းဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဘာကြောင့် အသိအမှတ်ပြုမခံရလဲ၊ ယူနက်စကိုက ထိန်းသိမ်းတာခံရအောင်  အစိုးရက ဘာကြောင့် မကြိုးပမ်းတာလဲဆိုတာ စိတ်ဝင်စားဖို့ ဖြစ်လာပါတယ်။

“World Heritage (ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်) အဖြစ် ထားဖို့ စဉ်းစားပေမယ့် တကောင်းက အညိုရောင်နယ်မြေ ဖြစ်ခဲ့တယ်။ ၁၉၈၀ မှ အဖြူရောင်ဖြစ်တာ။ နိုင်ငံခြားသား ညအိပ်ဖို့မလုံခြုံတာရယ် စစ်ရေး အခြေအနေရယ်ကြောင့်” လို့ တကောင်း မြို့ခံတယောက်က ပြောပါတယ်။

 ကျော်ရင်မြင့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013