DVB Logo
Home
မြန်မာသတင်း
မွန်တိုင်းရင်းသားပါတီများ ကိုယ်စားလှယ် ၁၀၀ ကျော် ၀င်ပြိုင်မည်
DVB
·
July 24, 2015
မွန်တိုင်းရင်းသားပါတီများ ကိုယ်စားလှယ် ၁၀၀ ကျော် ၀င်ပြိုင်မည်
Donate to DVB

၂၀၁၅ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲကို မွန်တိုင်းရင်းသားပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် အနည်းဆုံး ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မွန်တိုင်းရင်းသားပါတီ ၃ ပါတီကတော့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ အမျိုးသမီးပါတီ (မွန်) တွေပဲ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ၁ ဦးနိုင်လှအောင်က ပြောပါတယ်။

“ပါတီကတော့ အမတ်လောင်းနေရာကိစ္စ ရွေးနေတုန်းပဲ။ အမတ်လောင်းရွေးချယ်ဖို့ လုပ်နေတုန်းပဲ။ လောလောဆယ် ၄၅ နေရာလောက် လျာထားတယ်။”

ပါတီအနေနဲ့ မွန်ပြည်နယ်မှာ မော်လမြိုင်၊ ရေး၊ မုဒုံ၊ ကျိုက်မရောနဲ့ ချောင်းဆုံ စတဲ့ မြို့နယ် ၇ မြို့နယ်၊ ကရင်ပြည်နယ်မှာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီး စတဲ့ ၄ မြို့နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ မွန်လူမျိုးတွေ အများဆုံးရှိတဲ့ ရေဖြူနဲ့ ပုလောမြို့နယ် ၂ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်မှာ ၃ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်မှာ ၉ နေရာ စုစုပေါင်း ၁၆ နေရာ အနိုင်ရရှိခဲ့ပါတယ်။

အလားတူ မွန်ပြည်နယ်ထဲက နောက်ထပ် အင်အားကြီးပါတီတခုဖြစ်တဲ့ မွန်အမျိုးသား ပါတီကလည်း လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တခုလုံးအပြင် ရန်ကုန်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာပါ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။

မွန်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး ၁ ဦးနိုင်စိုးမြင့်က “ပါတီကိုယ်စားလှယ်တွေကတော့ လောလောဆယ် စိစစ်နေဆဲပဲ။ အကြမ်းအားဖြင့်ကတော့ နေရာ ၅၅ ကနေ ၆၀ ကြား ရှိပါတယ်။” လို့ ပြောပါတယ်။

မွန်အမျိုးသားပါတီဟာ မွန်ပြည်နယ်မှာရှိနေတဲ့ အဓိက ပါတီကြီးနှစ်ခုဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်ဟောင်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပါတီပါ။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က မော်လမြိုင်မှာ နှစ်ဘက်ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ ပါတီနှစ်ခုပူးပေါင်းရေး ညှိနှိုင်းဆွေးနွေးကြပြီး နောက် မွန်အမျိုးသားပါတီကို  စတင်ထူထောင်ခဲ့ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခေါင်းဆောင်တချို့ကတော့ ပါတီသစ်နဲ့ ပူးပေါင်းသွားပေမယ့် တချို့ကတော့ ပါတီမှာပဲ ဆက်လက်ရှိနေတာပါ။

ဇူလိုင် ၁၅ ရက်ကမှ မှတ်ပုံတင်ကျခဲ့တဲ့ အမျိုးသမီးပါတီ (မွန်) ကတော့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး ယှဉ်ပြိုင်မယ့်နေရာနဲ့ ကိုယ်စားလှယ်တွေ အသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲပဲလို့ အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ ဒေါ်သန်းရှင်က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီကို ထူထောင်ခွင့်ရရှိဖို့ မွန်အမျိုးသမီးတွေ ဦးဆောင်ပြီး လျှောက်ထားခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင်က အမျိုးသမီးပါတီအမည်နဲ့ ထူထောင်ခွင့်မပြုတဲ့အတွက် အမျိုးသမီးပါတီ (မွန်) ဆိုပြီး အမည်ပြောင်း ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013