DVB Logo
Home
မြန်မာသတင်း
ကျားဖြူပါတီ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်ဝင်ပြိုင်မည်
DVB
·
July 23, 2015
ကျားဖြူပါတီ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်ဝင်ပြိုင်မည်
Donate to DVB

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းပြည်နယ်ထဲက အင်အားကြီး တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ၀င်ပြိုင်ဖို့ ရှိနေပါတယ်။

ပါတီအနေနဲ့ ရှမ်း၊ ကချင်၊ ကယားပြည်နယ်တွေနဲ့ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး အပါအ၀င် စုစုပေါင်း မြို့နယ် ၆၀ ကျော်မှာ ၀င်ပြိုင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုက်အိုက်ပေါင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ၀င်ပြိုင်ပါမယ်။ အဲဒီကိုယ်စားလှယ်တွေကို ဗဟိုကနေ မရွေးဘဲ ဒီမိုကရေစီနည်းကျ မြို့နယ်ကနေ စရွေးမယ်။ မြို့နယ်ပါတီဝင်တွေ အချင်းချင်း လျှို့ဝှက်မဲပေးပြီး မဲအများဆုံးရသူ ၃ ဦးကို ရွေးမယ်။ ကျနော်တို့ပါတီ အနိုင်ရရင် ရှမ်းပြည်နယ်အစိုးရဖွဲ့မယ်၊ အခြေခံဥပဒေပြင်ဆင်မယ်၊ အစိုးရဖြစ်ရင် ရှမ်းပြည်နယ်သူ ပြည်နယ်သားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေရော အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဖန်တီးပေးနိုင်မှာဖြစ်တယ်။ အခု ပြည်ပမှာ ကျနော်တို့ ရှမ်းပြည်သားတွေ ၁ သန်းလောက် သွားပြီးအလုပ်လုပ်နေရတယ်။ အလုပ်အကိုင် ဖန်တီးနိုင်ရင် သူတို့တွေလည်း ကိုယ့်နိုင်ငံမှာ ပြန်လာနိုင်မယ်”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ခုနှစ်က ဖွဲ့စည်းတည်ထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုရော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပါ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ လွှတ်တော် ၃ ရပ်လုံးအတွက် အမတ် ၅၃ နေရာ ရရှိထားပါတယ်။

ကျားဖြူပါတီအနေနဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့ တည်ဆောက်ရေး၊ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားလူမျိုးများရဲ့ အခြေခံအခွင့်အရေးရရှိရေး ရည်မှန်းထားပြီး လက်ရှိ နိုင်ငံရေးအခြေအနေ တိုးတက်ပြာင်းလဲဖို့ ပြည်သူလူထုတွေရဲ့ ဆန္ဒမဲပေါ် မူတည်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားဖို့ လိုတယ်လို့ ပါတီခေါင်းဆောင်  ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ကျားဖြူပါတီအနေနဲ့ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အပြင် အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွေနဲ့ပါ ရှမ်းပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013