DVB Logo
Home
Lead Story
ကျူးဘား-အမေရိကား နှင်းခဲပျော်ချိန်
DVB
·
July 23, 2015
ကျူးဘား-အမေရိကား နှင်းခဲပျော်ချိန်
Donate to DVB

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားမှာ အမေရိကန်သံရုံးကို ဇူလိုင် ၂၀ မှာ ပြန်ဖွင့်လိုက်ပါပြီ၊၊ တနေ့တည်းမှာပဲ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာလည်း ကျူးဘားသံရုံးကို ပြန်ဖွင့်လိုက်ပါတယ်။ ၅၄ နှစ်ကြာ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့တဲ့ ရန်သူဟောင်း ၂ နိုင်ငံကြားမှာ ဆက်ဆံရေး ပြန်လည်ထူထာင်နိုင်တာ သမိုင်းဝင်ခြေလှမ်းလို့ ဆိုနိုင်ပေမ့ယ် ပုံမှန်အခြေအနေကို ရောက်ဖို့ကတော့ အခက်အခဲတွေ များကြီးကို ဖြတ်ကျော်ရဦးမယ်လို့  နှစ်နိုင်ငံခေါင်းဆောင်တွေ၊ သံတမန်တွေနဲ့ လေ့လာသူတွေက ဆိုကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  ဂျွန်ကယ်ရီက “အပြန်အလှန် လေးစားမှုရှိတဲ့ အိမ်နီးချင်းကောင်းတွေအဖြစ် နေထိုင်သွားဖို့ ကျနော်တို့ စိတ်ပိုင်း ဖြတ်ထားပါတယ်။ ဒီလိုပြောလို့ အစိုးရ နှစ်ရပ်ကြားမှာ သဘောထား ကွာဟမှုတွေ အားလုံး အဆုံးသတ်သွားတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကာလ အတန်ကြာကတည်းက စစ်အေးခေတ် ပြီးဆုံးသွားခဲ့တဲ့ တကယ့် အရှိတရားကိုတော့ ရောင်ပြန်ဟပ်ပါတယ်” လို့ ဆိုတယ်။

သမ္မတ အိုးဘားမား စကားအတိုင်းဆိုရင် “နှစ်ပေါင်း ၅၀ ကျော်အတွင်း မကြုံဖူးတဲ့ အပြောင်းအလဲ၊ ခေတ်မမီတော့တဲ့ ချဥ်းကပ်မှု” ကို အဆုံးသတ်လိုက်တာပါ၊  နှစ်ဖက် ထိပ်တိုက်တွေ့မှု၊ ရန်လိုမှုတွေ တခန်း ရပ်သွားပါပြီ။ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် မထူထောင်ခင် ရက်ပိုင်းလေးမှာပဲ ကျူးဘားသမ္မတ ရာအူး ကက်စထရိုက အမေရိကန်ပြည်ထောင်စုနဲ့ ရန်မီးပွားရတဲ့ အတိတ်ကို ပြည့်ဖုံးကားချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားမယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံကြားမှာ ကြိတ်ဝိုင်းတွေဟာ ၂၀၁၃ နှစ်လည်လောက်က စတင်ခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ သမိုင်းဝင် ကြေညာချက် ထွက်ပေါ်ခဲ့ပါတယ်။ ကျူးဘားသမ္မတ ရာအူး ကက်စထရိုနဲ့ အမေရိကန်သမ္မတ ဘာရတ် အိုးဘားမားတို့က အကျဥ်းသား လဲလှယ်ခဲ့ပြီး ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်မယ်လို့ လူသိရှင်ကြား ပြောခဲ့ကြပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး အေးခဲခဲ့တဲ့ သမိုင်းကို ပြန်ကောက်မယ်ဆိုရင် ၁၉၅၉ ဇန်န၀ါရီ ၁ ရက်နေ့ကနေ ပြန်စရပါမယ်။ ဖီဒယ် ကက်စထရိုနဲ့ ညီဖြစ်တဲ့ ရာအူး ကက်စထရိုတို့ ခေါင်းဆောင်တဲ့ ကျူးဘား တော်လှန်ရေး တပ်တွေက အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဘာတစ္စတာအစိုးရကို ဖြုတ်ချခဲ့ပါတယ်။

ကက်စထရို ညီအစ်ကိုက အမေရိကန်တွေလွှမ်းမိုးတဲ့ ကျူးဘား စီးပွားရေးကို တခန်းရပ်လိုက်ပြီး ဆိုဗီယက် ပြည်ထောင်စုနဲ့ အနီးကပ် ဆက်ဆံခဲ့ပါတယ်။

အမေရိကန်က ကျူးဘားအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ရှိနေမှာ ဖြစ်ပေမယ့် ဆက်ဆံရေးသစ်ကြောင့် စစ်အေးခေတ်ကလို  နိုင်ငံရေးစွန့်စားခန်း ဇာတ်လမ်းတွေ၊ အမေရိကန်ရဲ့ ရန်လိုမှုတွေ၊ စီအိုင်အေရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေ၊ ဆိုဗီယက်ပြည်ထောင်စု ကျဆုံးခန်းလို့ ဇာတ်လမ်းတွေတော့ ပြည့်ဖုံးကား ချလိုက်ပါပြီ။

ကျူးဘား တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုကို သူရဲကောင်းတယောက်လို လေးစားသူတွေ ရှိသလို၊ တချို့ကလည်း အာဏာရှင်လို့ မြင်ကြပါတယ်။ ကာရစ်ဘီယံဒေသထဲက အကြီးဆုံး  ကျွန်းနိုင်ငံသမိုင်းမှာ သူဟာ ဆယ်စုနှစ် ၄ ခုကျော် လွှမ်းမိုးထားခဲ့ပါတယ်။

၁၉၅၉ ဇန်န၀ါရီ ၁ ရက်နေ့မှာ ကျူးဘားအာဏာရှင် လက်ယာယိမ်း ဗိုလ်ချုပ်ကြီး ဘာတစ္စတာ အစိုးရကို ကက်စထရို ခေါင်းဆောင်တဲ့ ပြောက်ကျား တော်လှန်ရေးတပ်တွေက ဖြုတ်ချနိုင်လိုက်တဲ့အတွက် ကက်စထရိုဟာလည်း ကမ္ဘာသိ ပြောက်ကျား တော်လှန်ရေးခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ကက်စထရိုဟာ ကြေးရတက် မိသားစုကနေ မွေးဖွားခဲ့သူဖြစ်ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တော်လှန်ရေးကို ဦးဆောင်ခဲ့ပါတယ်။ အမေရိကန် တိုးရစ်တွေ အပျော်ခရီးထွက်ရာ ကာရစ်ဘီယံကျွန်း နိုင်ငံလေးကို တတိယကမ္ဘာရဲ့ အင်အားကြီးနိုင်ငံဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ အနောက်ဘက် မိုးကုတ်စက်ဝိုင်းအောက်မှာ ကွန်မြူနစ်နိုင်ငံကို ထူထောင်ခဲ့တယ်။ သူရဲ့ အားကိုးရတဲ့ မိတ်ဆွေရင်းတော့ အာဂျင်တီးနားသား တော်လှန်ရေးသမား ချေဂွေဗားရားပါပဲ။

ကက်စထရိုဟာ အမေရိကန်ဆန့်ကျင်ရေး သမားတယောက်ဖြစ်တဲ့အတွက် ၀ါရှင်တန်ကလည်း သူ့ကိုဖြုတ်ချဖို့ အကြိမ်ပေါင်းများစွာ၊ နည်းပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ လူသိအများဆုံး ကိစ္စတခုကတော့ ၁၉၆၁ ခုနှစ်မှာ ကျူးဘားတောင်ပိုင်းက ပင်လယ်ကွေ့ဒေသကို အမေရိကန် စီအိုင်အေက သင်တန်းပေးခဲ့တဲ့ ပြည်ပရောက် ကျူးဘား တန်ပြန်တော်လှန်ရေးသမား ၁၀၀၀ ကျော်က ၀င်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီအဖြစ်အပျက်အပြီး သိပ်မကြာခင်မှာပဲ ကျူးဘားနဲ့ ဆိုဗီယက် ပြည်ထောင်စုတို့ သဘောတူစာချုပ် ချုပ်ဆိုပါတယ်။ ဆိုဗီယက်ရဲ့ နျူးကလီယား မစ်ဇိုင်း ဒုံးကျည်တွေကို ကျူးဘား မြေပေါ်မှာ လျှို့ဝှက် တပ်ဆင်မယ့် အစီအစဉ် ဖြစ်ပါတယ်။

ဒါကို အမေရိကန်က သိသွားတဲ့အခါမှာတော့ ကမ္ဘာကြီးဟာလည်း နျူးကလီးယားစစ်ပွဲ ချောက်ကမ်းပါးပေါ် ရောက်ခဲ့ပါတယ်။ ဒုံးကျည်စခန်းတွေကို ဖျက်သိမ်းပေးဖို့ ဆိုဗီယက် ခေါင်းဆောင် ခရူးရှက်က သဘောတူလိုက်မှပဲ တင်းမာမှု ပြေလည်သွားပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ကျူးဘားနဲ့ မော်စကို ဆက်ဆံရေးဟာ နှစ်ပေါင်း ၃၀ ကြာအောင် နီးကပ်ခဲ့ပါတယ်။ အနောက်ဘက် မိုးကုတ်စက်ဝိုင်းအောက်မှာ အမေရိကန်ပြီးရင် စစ်အင်အား အတောင့်တင်းဆုံး နိုင်ငံဟာလည်း ကျူးဘားနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ကျူဘားဟာ စီးပွားရေး အကျပ်အတည်းတွေကနေ လွန်မြောက်ပြီး ဖွံ့ဖြိုးရေးလမ်းပေါ် တက်လာပါတယ်၊ ဆိုဗီယက်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးကနေ အကျိုးဖြစ်ထွန်းခဲ့တာပါ။

ဒါပေမယ့် အဲဒီ ဆယ်စုနှစ် အဆုံးမှာပဲ ဆိုဗီယက်မှာ မီခေလ် ဂိုဘာချာ့က ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲလိုက်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဂိုဘာချော့က ဟာဗားနားကို အလည်အပတ်သွားရင်းနဲ့ ကက်စထရိုကိုလည်း ကွန်မြူနစ်လမ်းကြောင်းကနေ ပြောင်းလဲဖို့  စည်းရုံးခဲ့ပေမ့ယ် မအောင်မြင်ခဲ့ပါဘူး။

ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားတဲ့အခါ ကျူးဘားစီးပွားရေးဟာလည်း သိသိသာသာ ပြိုကျသွားပါတယ်။ လောင်စာပြတ်၊ ရိက္ခာပြတ်တဲ့ ကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ် နွေရာသီကတော့ အဆိုးရွားဆုံး စီးပွားရေးကပ်ဘေးဆိုက်ခဲ့ပြီး ကျူးဘား ၃၀၀၀၀ ကျော်ဟာ လှေတွေ၊ ဖောင်တွေ စီးကာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ဘက်ကို ထွက်ခွာခဲ့ကြပါတယ်။ အများစုကို အမေရိကန် ကမ်းခြေစောင့်တပ်က ကယ်တင်နိုင်ခဲ့လို့ အမေရိကန် မြေပေါ်မှာ အခြေချနိုင်ပေမယ့် တော်တော်များများလည်း ငါးမန်းပေါတဲ့ ရေပြင်မှာ အသက်ပျောက်ခဲ့ကြပါတယ်။

၂၀၀၂ ခုနှစ်မှာ သမ္မတဟောင်း ဂျင်မီကာတာ ကျူဘားနိုင်ငံကို အလည်သွားခဲ့ပါတယ်။ ကာတာက ကျူးဘားမှာ နိုင်ငံရေး လွတ်လပ်ခွင့် ဆုံးရှုံးတာကို ဝေဖန်ပေမယ့် ကျူးဘားအပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေတွေက မပြောင်းတဲ့အပြင် သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက် ၂၀၀၄ ခုနှစ် မေလမှာ ခရီးသွားလာခွင့်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တိုးမြှင့်ခဲ့ပြီး ကျူးဘား အတိုက်အခံတွေကို အထောက်အပံ့ တိုးပေးခဲ့ပါတယ်။ ကက်စထရိုကလည်း မြို့တော်ဟာဗားနားမှာ အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတခု စီစဉ်ပြီး  တုံ့ပြန်ခဲ့ပါတယ်။ သမ္မတဘုရှ်ကို ဖက်ဆစ် ၀ါဒီလို့ ကင်ပွန်းတပ်ပြီး ဂျာမန် အာဏာရှင် ဟစ်တလာလက်သစ်အဖြစ် ရှုတ်ချခဲ့ပါတယ်။ ကက်စထရိုက ငါ့တိုင်းပြည့်အတွက် ရှေ့ဆုံးက အသေခံ တိုက်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။

၂၀၀၆ ခုနှစ် ဇွန်လမှာတော့ ကျန်းမာရေးအခြေအနေ ဆိုးလာတဲ့ ဖီဒယ်ကက်စထရိုက ညီဖြစ်သူ ရာအူး ကက်စထရိုကို ယာယီသဘော အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၀၈ အရောက်မှာ ရာအူး ကက်စထရိုက တရားဝင်အာဏာ လွှဲပြောင်းယူပြီး အစ်ကိုဖြစ်တဲ့ ဖီဒယ် ကက်စထရိုက ကွန်မြူနစ်ပါတီကို ဦးစီးတဲ့ အပိုင်းကို ပိုပြီး တာဝန်ယူခဲ့ပါတယ်။

ရာအူး ကက်စထရိုက အစိုးရအဖွဲ့ကို ထိန်းချုပ်လိုက်တဲ့အခါမှာတော့ သူဟာ သူ့အစ်ကိုကြီးလောက် အမေရိကန်အပေါ် ရန်လိုတဲ့ သဘောထားတွေကို မပြတော့ပါဘူး။ နိုင်ငံပိုင်ကုမ္ပဏီတွေရဲ့ လုပ်ပိုင်ခွင့်ကိုလည်း လွတ်လပ်ခွင့် ပေးလာပါတယ်၊ စိုက်ပျိုးရေးကဏ္ဍ၊ လက်ကား စီးပွားရေးလုပ်ငန်းတွေမှာ အစိုးရ အခန်းကဏ္ဍကို လျော့ချပြီး ပုဂ္ဂိလကကဏ္ဍတွေကို လမ်းဖွင့်ပေးလာပါတယ်။

သမ္မတနှစ်ယောက် တွေ့ဆုံမှုကတော့ ပနားမားမှာ ကျင်းပတဲ့ ၂၀၁၅ အမေရိကားနိုင်ငံများ ထိပ်သီး အစည်းအဝေးမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ယောက် မိနစ် ၈၀ ကြာအောင် ဆွေးနွေးကြပြီးနောက် ကျူးဘားသမ္မတက နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

သမ္မတ အိုဘားမားကလည်း ကျူးဘားကို အကြမ်းဖက်နိုင်ငံကို အားပေးတဲ့နိုင်ငံစာရင်းကနေ ဖျက်သိမ်းပေးဖို့ အမေရိကန်ကွန်ဂရက်ကို တိုက်တွန်းခဲ့ပါတယ်၊ မေလ အရောက်မှာ အိုးဘားမား ဖြစ်စေချင်တဲ့အတိုင်းပဲ နိုင်ငံခြားရေးဌာန တရားဝင် ကြေညာပါတယ်။

ကျူးဘားနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ မိုင် ၉၀ ပဲ ပင်လယ်ခြားပါတယ်။ နီးလျက်နဲ့ ဝေးနေတဲ့ နှစ်နိုင်ငံက သံရုံးတွေ အပြန်အလှန် ဖွင့်လိုက်ကြပေမ့ယ် ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ကတော့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းရပါဦးမယ်။

ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ဟောင်း ၀ိန်းစမစ်က “သံရုံးတွေ ပြန်ဖွင့်ပြီးရင် ပုံမှန်ဆွေးနွေးပွဲ စကားဝိုင်းတွေ ဆက်လုပ်ရမယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကလည်း ဆက်ရှိနေတယ်။ ကျနော်တို့မှာ  ပုံမှန် ဆက်ဆံရေး မရှိခဲ့ဘူး။ ဒဏ်ခတ်ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးဖို့ ကျူးဘားဘက်က တောင်းဆိုနေတယ်။ အခြေအနေက ခက်ခဲပါတယ်” လို့ ဆိုတယ်။

အမေရိကန်ဘက်က စီးပွားရေး ပိတ်ဆို့မှုတွေကို မရုပ်သိမ်းမချင်းတော့ ပုံမှန်ဆက်ဆံရေး အခြေအနေကိုရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ကျူးဘားသမ္မတက ပြောထားပါတယ်။ ဒီမိုကရက်တစ်ပါတီက သမ္မတ အိုဘားမားအနေနဲ့ ဘယ်လောက်ပဲ ဖြေလျော့ပေးချင်ဦးတော့၊ ရီပက်ဘလီကန်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ကို ဖြတ်သန်းဖို့ လိုပါတယ်။ ဒါတင်မက အမေရိကန်ရေတပ်စခန်း အခြေစိုက်ထားတဲ့ ဂွါတာနာမို ပင်လယ်အော်ကို  ပြန်ပေးဖို့ ကျူးဘားက တောင်းဆိုထားပါတယ်။

ကျူးဘားဘက်က စေ့စပ် ညှိနှိုင်းရေးမှူး ဂျိုစ်ဖီနာ ဗီဒယ်က “ကိုင်တွယ်ရမယ့် ကိစ္စတွေက ဆယ်စုနှစ် ပေါင်းများစွာ ဖြစ်တည်လာတဲ့ ပြဿ   နာတွေ ဖြစ်လို့  ရှုပ်ထွေးပါတယ်။ ဒါတွေကို ဖြေရှင်းဖို့တော့ လိုတာပေါ့၊ ဘာပဲဖြစ်ဖြစ် တဆုံးတနေ့ကျရင် အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားတို့ကြားမှာ ဆက်ဆံရေး ပြန်ကောင်းလာမယ်လို့တော့ ပြောနိုင်ပါတယ်” လို့ ဆိုပါတယ်။

နေသွင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013